လက်ဖက်ရည်ဆိုင်တွင် စကားစမြည်
Author: lubo601 |
10:59 PM |
No မှတ်ချက် |
လက်ဖက်ရည်ဆိုင်တွင် စကားစမြည်
-----------------------------------------------------------
အာသဝေါတွေ များလွန်းတဲ့ လမ်းဘေးချောင်ကျကျတစ်နေရာရဲ့ အခါတော်နေ့
ခင်ဗျားပြောသလိုဆို ခေတ်ဟာ အတိတ်ရဲ့ ကျေးကျွန်၊ အနာဂတ်ရဲ့ အရှင်သခင်ပေါ့
ခင်ဗျားပြောသလိုဆို အိပ်မက်(၃) နောက်ဆက်တွဲနဲ့ ကောသလမင်းလန့်နိုးချိန်ဆိုင်မဆိုင်
ယင်ကောင်တွေက မပူတော့တဲ့ ခွက်တွေကို အသေခံဗုံးခွဲဖို့ ချီတက်လာ
ခင်ဗျားပြောသလိုဆို ဒီမိုကရေစီထက် လူ့အခွင့်အရေးပိုအရေးကြီးနေသလို၊ တူပဲ တူနေသလို
ခင်ဗျားပြောသလိုဆို အေဘီမြောက်ပိုင်းကိစ္စထက် တခြားအရေးကြီးတာ မရှိတော့ပြန်
ပေါ့ဆိမ့်ဟာ ပိုပို ပေါ့လာ၊ ပုံမှန်ဟာ ပုံမှန်မဟုတ်စွာ လောကဟာ ညနေခင်းနဲ့ လွှင့်မျှော
ခင်ဗျားပြောသလိုဆို The Art of Growing ထက် The Art of Dying က ပိုလှနေသလို
ခင်ဗျားပြောသလိုဆို မြစ်ဆုံရယ်၊ ရိုဟင်ဂျာရယ်၊ တရုတ်ရယ်၊ ရေပိုင်နက်အရေးရယ် အဖတ်ဆယ်ဖို့
အခွင့်အလမ်းရှိသလားဆရာ၊ မရှိပါ။ ဂျာနယ်ရောင်းသူက လက်ခါပြတယ်
ခင်ဗျားပြောသလိုဆို စိန့်မာတင်နဲ့ ရှင်မဖြူအတူတူ
ခင်ဗျားပြောသလိုဆို ကိုဖုန်းမော်ကိစ္စ၊ တံတားနီကိစ္စတွေဟာ ရင်ဘတ်နဲ့ သွေးနဲ့ ယုံကြည်ချက်တွေနဲ့
ထိုင်ခုံပုလေးတွေ အမိုးမပါတဲ့ ပလက်ဖောင်းကဗျာကို ရွတ်ဆိုကြ
ခင်ဗျားပြောသလိုဆို အခြေခံဥပဒေမပြင်သရွေ့ ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်ဘူး
ခင်ဗျားပြောသလိုဆို Green လို့ အော်နေမယ့်အစား ကာဗွန်ခြေရာကို ပြန်တွက်ကြဖို့
ခွေးလေခွေးလွင့်တွေဟောင်ကြတဲ့ လူတန်းစားအချို့ ဆိုင်ထဲဝင်လာ
ခင်ဗျားပြောသလိုဆို ဆိုခရေးတီးရဲ့ ရေစစ် ၃ခုနဲ့ သတင်းအားလုံးကို စစ်ဆေးရတော့မလို
ခင်ဗျားပြောသလိုဆို ….. ဟိုလိုလို ဒီလိုလို …..
ခင်ဗျားပြောသလိုဆို …… ဟိုလိုလို ဒီလိုလို …..
လက်ဖက်ရည်ဆိုင်ရဲ့ ညနေခင်းဟာ ပေါ့ဆိမ့်တစ်ခွက်လို ခပ်ပေါ့ပေါ့
ခင်ဗျားပြောသလိုဆို … ။
ရင်နင့်အောင် —
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment