Wednesday, March 7, 2012

ကြည်ညိုလွန်းလို့

by Wai Maw on Wednesday, March 7, 2012 at 2:18pm ·
 
ကျနော်တို့ရွာဘေးနားမှာ ရိုးလယ်ကုန်းရွာ ရှိပါတယ်။
အဲဒီရွာမှာ ကိုကံထူးဆိုတဲ့သူ တယောက်လည်းရှိပါတယ်။
ကိုကံထူးဟာ ရပ်ရေးရွာရေးကိစ္စတွေမှာ အင်မတန်တာဝန်သိတတ်သူပါ။
ရွာမှာသာရေးနာရေးကိစ္စရှိပြီဆိုရင် သူမပါလို့ ပွဲမစည်၊ အမြဲလိုလို သူကူညီနေကျ။ မင်္ဂလာဆောင် အလှူတခုခု ရှိပြီဆိုတာနဲ့ ဖိတ်စာကမ်းတဲ့အချိန်ကစပြီး မဏ္ဍပ်ဖျက်တဲ့အချိန်ထိ ဖိဖိစီးစီးကို ကူညီတာ။ နာရေးကိစ္စ ဆိုရင်လည်း အိမ်ရှင်မျက်နှာမညှိုးငယ်ရအောင် ၇ ရက် ၇ လီ တိုင်တိုင် နာရေးကိစ္စ လိုအပ်သမျှ ဒိုင်ခံလုပ်ပေး တတ်တယ်။
ရေနွေးအိုးတည်၊ ရေခပ်၊ တိုလီမိုလီဈေးဝယ်ပေး၊ ဘာကိုပဲခိုင်းခိုင်း မညည်းညူတမ်း ဖင်ပေါ့တဲ့သူ။ ဒါကြောင့် သူ့ကို တရွာလုံးရှိ ကလေးလူကြီးမကျန် အားလုံးက ချစ်ခင်ကြတယ်။ အကူအညီလိုအပ်ရင် သူ့ကို ထိပ်ဆုံးကထား အားကိုးကြတယ်ပေါ့။
သူ့မှာပြောစရာဆိုလို့ အရက်သောက်ခုံမင်တာလေး တခုပါပဲ။ ယောက်ျားတို့သဘာဝ သောက်သောက်စားစား လူ့မင်းသား အနေအထားမျိုးလောက်မက၊ ယစ်ရွှေရည်နှစ်ပါးသွားနဲ့ ဝမ်းလျားထိုးအိမ်ပြန်ရတဲ့အထိ အရက်ကို ကြိုက်တာ။ ဒါပေမဲ့ အရက်မူးပြီး ဆူပူသောင်းကျန်းတာ၊ သူတပါးကိုပုတ်ခတ်စော်ကားတာမျိုး လုံးဝ(လုံးဝ) ကင်းရှင်း သူဗျ။ သူကြိုက်တဲ့အရက်ကို ရေချိန်ကျသောက်ပြီးရင် ပုဆိုးစလွယ်သိုင်း(အောက်မှာ ဘောင်းဘီတို ပါတယ်)၊ သူ့အသံဝါကြီးနဲ့ ကိုလွှမ်းမိုးရဲ့ “ဂုဏ်ဆိုတာငွေကိုခေါ်တယ်” သီချင်းကို တရွာလုံးကြားအောင်
အော်ဆိုရင်း အိမ်ပြန်လေ့ရှိတယ်။ မနက်မိုးလင်းတိုင်း မောနင်းပက်နဲ့ မျက်နှာသစ်ရမှ နေသာထိုင်သာရှိသူ။
တနေ့မနက်တော့ သူအိပ်ရာကထပြီး ဘုံဆိုင်ကိုရောက်လို့ အရက်တဂေါ်ဖိုး(ငါးကျပ်ဖိုး) မှာနေချိန်မှာ သတင်းတခု ကြားရတယ်။ ညတုန်းက ရွာလယ်ပိုင်းမှာနေတဲ့ ဒေါ်ညှက်မ ဆုံးပြီတဲ့။ ဒီသတင်း ကြားတော့ ကိုကံထူး ဘာစဉ်းစားနေမလဲ။ မှာပြီးသား အရက်ခွက်ကို ဂွပ်ခနဲမြည်အောင် မော့ချလိုက်ပြီး ဒေါ်ညှက်မတို့အိမ် ရှိရာ ခြေဦးလှည့်လိုက်တယ်။ ဒီကိစ္စမျိုးမှာ အချိန်မှီသူရောက်မသွားဘူးဆိုရင် အိမ်ရှင်တွေ မျက်နှာငယ်၊ အလုပ် ထောင့်မစေ့မှာကို တွေးပြီးပူနေတာ။ အသုဘအိမ်ကို သူရောက်သွားချိန်၊  လူတချို့အလုပ်ရှုပ်နေကြပြီ။ ဒေါ်ညှက်မရဲ့ ရုပ်ကလာပ်ကိုတော့ ဝါးခြမ်းပြားခုံပေါ်မှာ တင်ထားတာတွေ့ရတယ်။ ဘယ်အပိုင်းကစပြီး ကူညီရ မလဲ စဉ်းစားနေတုန်း သူ့ခေါင်းထဲ အကြံတခုပေါ်လာတယ်။ ဒါနဲ့ ဒေါ်ညှက်မရဲ့သားကြီး ကိုအုန်းမောင်အနား ကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။
“ကိုအုန်းမောင်ကြီးရ... သက်ပျောက်တရားနာဖို့ စီစဉ်ပြီးပလား” ပေါ့။ အဲဒီတော့မှ ကိုအုန်းမောင်လည်း ပြာပြာသလဲ ဖြစ်သွားတယ်။
“ဟာ...ကိုကံထူးပြောမှပဲ သတိရတော့တယ်.. သက်ပျောက်တရားနာဖို့ ရွာဦးကျောင်းက ဆရာတော်ကို သွားမလျှောက်ရသေးဘူးဗျ... အဲဒါ ကိုကံထူးပဲ တာဝန်ယူပေးပါနော်..”
“အင်း.. ဒါဆို ကျနော်ခုပဲ ဆရာတော်ကိုသွားလျှောက်လိုက်တော့မယ်”
ကိုကံထူး ချာခနဲလှည့်အထွက် ကိုအုန်းမောင်က ကိုကံထူးရဲ့ အင်္ကျီစကိုအသာဆွဲထားလိုက်ပြီး ကျန်တဲ့လက် တဖက်နဲ့ အိပ်ကပ်ထဲကိုနှိုက်တယ်။ လက်ပြန်အနှုတ်ပါလာတဲ့ ဆယ်တန်နှစ်ရွက်ကို ကိုကံထူးရဲ့လက်ထဲထည့် ပေးလိုက်တယ်။ ရုတ်တရက်ဆိုတော့ ကိုကံထူး နားမလည်..။
“ဒီငွေနှစ်ဆယ်နဲ့ ဘာဝယ်ခဲ့ရမလဲ ကိုအုန်းမောင်”
“အိမ်အတွက် ဝယ်ဖို့မဟုတ်ပါဘူးဗျာ.. ကိုကံထူးဆီဖြည့်ဖို့အတွက် ဆီဖိုးထည့်ပေးတာ.. ဒါပေမဲ့ ဆရာတော်ဆီ အရင်သွားလျှောက်ထားပြီးမှ ဘုံဆိုင်ကိုသွားနော်..” ခေါင်းတချက် ညိတ်ပြပြီး ကိုကံထူး ထွက်လာခဲ့တယ်။
ကိုအုန်းမောင် အတန်တန်မှာကြားလိုက်ပေမဲ့ ညတုန်းကများထားတဲ့ဒဏ်ကို ပြန်ဖြေဖို့ တဂေါ်ဖိုးနဲ့ ဘယ်လိုမှ အရာမရောက်တာက တကြောင်း၊ လက်ထဲမှာ ငွေယားလေးအဆင်သင့်တာက တကြောင်း၊ ပြီးတော့ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းမှာ ယမကာရောင်းတဲ့ အိမ်ကလည်း အရံသင့်ရှိနေတာလေ။ ပါးပါးလေး ဝင်ပုတ်လိုက်အုံးမှ ခြေလှမ်းတွေ သွက်လာမယ်ဆိုပြီး အကြံဖြစ်မိတယ်။ ဆိုင်ရှေ့ရောက်ရင် ခြေထောက်တွေက နောက်ပြန်ဆွဲသလို တန့်တန့်နေတော့တာကိုး။
ဆိုင်ရှင် မအေးဆီမှာ အရက်တဂေါ်ဖိုး မှာလိုက်တယ်။ အဲဒီမှာ ဇာတ်လမ်းက ဆက်တော့တာ။ သူ့အရင် ဆိုင်ထဲကိုရောက်နေနှင့်တဲ့ ဖိုးထောင်နဲ့အောင်ကြီးတို့က အတူထိုင်ဖို့လှမ်းဆွယ်တယ်။ ပထမပိုင်းမှာ သူအကြောက်အကန် ငြင်းသေးတယ်။ ဒါပေမဲ့ ဘာရမလဲ...။ ယမကာသမားတို့ထုံးစံ လေသံနှစ်ချက် အပြောင်းမခံဘူး၊ ဝိုင်းထဲကို သူရောက်လာတယ်။ တခွက်သောက်ပြီးထမယ်လုပ်လိုက် ဟိုက ဖမ်းဆွဲထားလိုက်၊ နောက်တခွက်ပြီး သွားမယ် ကတိပြုလိုက်၊ မထဖြစ်လိုက်နဲ့  ပုလင်းခွံ သုံးလုံးလဲမှ သူတို့လည်း လူစုခွဲဖြစ် တော့တယ်။ သုံးယောက်လုံး အတော်ကွဲနေကြပြီ။
မူးနေပေမဲ့ ကိုကံထူးက သူ့တာဝန်ကို မမေ့ဘူး။ အချိန်မီ ရွာဦးကျောင်းကို အရောက်သွားမှဖြစ်မယ် ဆိုတာ သူသိတယ်။ ဘုန်းကြီးကျောင်းကို သွားမှာဆိုတော့ ပုဆိုးကွင်းသိုင်းလို့မဖြစ်၊ ဖရိုဖရဲမဖြစ်အောင် ပုဆိုးကို ကျစ်ကျစ်ပါအောင် လိမ်ပြီး ဝတ်လိုက်တယ်။ ခြေလှမ်းကို အတတ်နိုင်ဆုံး ထိန်းကာ ကျောင်းဝင်းထဲကို လျှောက်ဝင်လာချိန်မှာ ကပ္ပိယကြီးနှုတ်ဆက်တာကို သူမသိတော့ဘူး။ သူ့စိတ်ဇောက ဆရာတော်ကို ဦးတင်လျှောက်ထားဖို့ကိစ္စမှာပဲ အာရုံရောက်နေတာ။ ကျောင်းအဝင်တံခါးပေါက်နား အုတ်ခုံလှေကားခြေရင်းမှာ ခဏလေးထိုင်၊ နဖူးပေါ်က ချွေးသီးချွေးပေါက်တွေကို ပုဆိုးစနဲ့ အသာအယာသုတ်၊  မျက်နှာကို ရှိုင်းနီးဂွိုင်းနီး လုပ်တယ်။ ပြီးတော့မှ မင်သေသေလေးနဲ့ ကျောင်းပေါ်ကို တက်လာတယ်။ ပြတင်းပေါက်နားမှာ တင်ပလ္လင်ခွေ သီတင်းသုံးတော်မူနေတဲ့ ဆရာတော်ရဲ့ ရှေ့ကိုရောက်တဲ့အခါ လက်အုပ်ချီကာ လာရင်းကိစ္စကို မဆိုင်းမတွ လျှောက်ထားတယ်။
ဆရာတော်မလည်း အရက်မသောက်ဖို့ ဆိုဆုံးမရခက်ခဲပေမဲ့ တခြားကိစ္စတွေမှာ ပြောစရာမလိုအောင် အားကိုး ရတဲ့ တပည့်ကျော် ဒကာမိုက်ဆိုတော့ မသိဟန်ပြုနေရတယ်။ ကိုကံထူးက သက်ပျောက်တရားတော် ချီမြှင့် ပေးဖို့ လျှောက်ထားအပြီး ဆရာတော်ကို ခြေစုံဦးခိုက် ဝတ်ဖြည့်ကန်တော့လိုက်တယ်။ တကြိမ်သာ ဦးချ လိုက်ပြီး ခေါင်းပြန်မထောင်နိုင်တော့...။ ဆရာတော်ခမျာ သင်းပျံ့ပျံ့ ယမကာနံ့ကို မသက်မသာရှူရှိုက်ရင်း ဦးခေါင်းပြန်မတ်လာနိုးနဲ့ ကိုကံထူးရဲ့ဇက်ပိုးကို ငုံ့ကြည့်ရင်း စိတ်ကသိကအောက် ဖြစ်နေရှာတယ်။ နောက်ကို ရွှေ့ထိုင်ဖို့ကလည်း သင်္ကန်းအစက ကိုကံထူးရဲ့ နဖူးအောက်ရောက်နေတာမို့ ဆွဲယူဖို့ အခက်။
ကြာတော့ ဆရာတော် စိတ်မရှည်နိုင်။
“ဟဲ့.. ဒကာကံထူး တကြိမ်ပဲဦးချပြီး ဘာဖြစ်လို့ လေးဘက်ဝပ်နေတာတုန်း..”
ကိုကံထူးက ဦးစိုက်လျက်အနေအထားနဲ့ ပြန်လျှောက်ထားလိုက်တယ်။
“မှန်ပါ့ဘုရား.... တပည့်တော် ကြည်ညိုလွန်းလို့ပါ ဘုရား”
သဒ္ဓါတရားအပြည့်နဲ့ ကြည်ညိုပေမဲ့ ကြည်ညိုမတတ်တော့ ကြည်ညိုသူမျက်နှာပျက်ရသလို အကြည်ညိုခံရသူ လည်း အနေခက်တာပေါ့ဗျာ....။
(နာမည်တွေ အနည်းငယ်ပြောင်းလဲထားတာမှအပ ကျနော်တို့ရွာက တကယ့်အဖြစ်အပျက်လေးတခုပါ)


ဝေမော်
၇ မတ် ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...