Monday, March 12, 2012

မြန်မာ့နိုင်ငံရေး အတွေးအခေါ် (အပိုင်း- ၆)

by cherrymyodaw on Tuesday, March 13, 2012 at 4:00am ·
 
ဗမာမင်းအုပ်ချုပ်ရေးနိဂုံးချုပ်ပြီး ကိုလိုနီအုပ်ချုပ်ရေးစနစ်ရောက်ရှိလာပုံကို
မြန်မာ့နိုင်ငံရေးအတွေးအခေါ် - အပိုင်း (၆) မှာ ဒီအပတ်တင်ပြပါမယ်။
မြန်မာတစ်ပြည်လုံး အင်္ဂလိပ် လက်အောက်ခံဖြစ်ကြောင်း ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ
ကြေညာချိန်ကစပြီး မြန်မာပြည်မှာ ဘုရင်စနစ် အဆုံးသတ်သွားပါတယ်။
VICTORIA ဘုရင်မဦးဆောင်တဲ့ အင်္ဂလိပ်အစိုးရဟာ အိန်္ဒိယအခြေစိုက် အင်္ဂလိပ်ဘုရင်ခံကတစ်ဆင့်
မြန်မာပြည်ကို အုပ်ချုပ်ပါတယ်။ အိန်္ဒိယနေ အင်္ဂလိပ်ဘုရင်ခံကလည်း ရန်ကုန်အခြေစိုက်
အရာရှိချုပ်ကတစ်ဆင့် မြန်မာပြည်ကို အုပ်ချုပ်ပါတယ်။ အဲဒီအရာရှိချုပ် လက်အောက်မှာ
အင်္ဂလိပ်အရာရှိတွေရှိပြီး အင်္ဂလိပ်အရာရှိ လက်အောက်မှာ အိန်္ဒိယလူမျိုးနဲ့
ဗမာအမှုထမ်းတွေရှိပါတယ်။ အကြွင်းမဲ့အာဏာရှင် အုပ်ချုပ်ရေး စနစ်ကို အခြေခံဥပဒေအရ
အုပ်ချုပ်တဲ့ ဗျူရိုကရေစီစနစ်နဲ့ အစားထိုးလိုက်တာပါ။ မြန်မာပြည်ဟာ အိန်္ဒိယကိုလိုနီထဲမှာ
ပါဝင်တဲ့ နယ်ပယ်တစ်ခုဖြစ်သွားပါတယ်။ အိန်္ဒိယမှာသာ အစိုးရရှိပြီး မြန်မာပြည်မှာမရှိပါဘူး။


ဥပဒေအရအုပ်ချုပ်တဲ့ ဗျူရိုကရေစီယန္တရားနဲ့ အစဉ်အလာအတိုင်းလုပ်တဲ့ သီပေါမင်းရဲ့
အုပ်ချုပ်ရေးစနစ်ဟာ အများကြီးကွဲပြားခြားနားပါတယ်။ အင်္ဂလိပ်ဗျူရိုကရေစီယန္တရားဟာ
ဆင်ခြင်တုံတရားနဲ့ ရေးဆွဲထားတဲ့ တရားဥပဒေကိုအခြေခံပြီး ဗမာမင်းကတော့ ရိုးရာဓလေ့
ထုံးစံကို အခြေခံပါတယ်။ ပြည်သူ့ဝန်ထမ်းသဘောတရားနဲ့ အခြေခံဥပဒေအရအုပ်ချုပ်တဲ့
ဘုရင်စနစ်ဟာ အင်္ဂလိပ်အုပ်ချုပ်ရေးရဲ့ အခြေခံတွေပါ။ အင်္ဂလိပ်အရာရှိတွေဟာ
တရားမျှတမှု - မှန်ကန်စွာစီရင်ဆုံးဖြတ်မှု - စတဲ့ အခြေခံမူဝါဒတွေကို လေးစားကြရပါတယ်။
ဗမာ့စနစ်ကတော့ အာဏာရှင်မင်းရဲ့စိတ်ကြိုက်လိုက်လုပ်ရတဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်တဲ့အတွက်
မကောင်းတာတွေ အတော်များတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်ပါတယ်။

ရခိုင်နဲ့ တနင်္သာရီကို ၁၈၂၆ ခုနှစ်မှာသိမ်းပိုက်ပြီးတဲ့နောက် အင်္ဂလိပ်ကျင့်သုံးတဲ့ အုပ်ချုပ်ရေးလမ်းစဉ်ဟာ
အေးချမ်းစွာ လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်နိုင်ရေးပဲဖြစ်ပါတယ်။ ဒါကြောင့်
လွတ်လပ်စွာ စီးပွားရှာနိုင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရဲ့
အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ အခုခေတ်အနေနဲ့ကြည့်ရင်တော့ ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာ
တစ်ဖက်သတ်ဥပဒေပြဋ္ဌာန်းပြီး အပေါ်စီးကအုပ်ချုပ်တဲ့နည်းဖြစ်တာကြောင့် ဖိနှိပ်တဲ့စနစ်လို့
ပြောနိုင်ပေမယ့် အဲဒီအချိန်အာရှတိုက်မှာ ခေတ်စားနေတဲ့ အစိုးရစနစ်တွေထက်စာရင်
အများကြီးတိုးတက်တဲ့အုပ်ချုပ်ရေးစနစ်ပါပဲ။

စံသတ်မှတ်ချက်အတိုင်းမလုပ်ဘဲ ရာထူးအာဏာကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်တာမျိုးရှိပေမယ့်
အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးစနစ်ဟာ ဗမာမင်းအုပ်ချုပ်ပုံထက် အများကြီးသာတယ်လို့
ဆရာမောင်မောင်ကြီးက ယူဆပါတယ်။ မျှမျှတတဆောင်ရွက်မှု - မှန်ကန်စွာ တရားစီရင်မှု -
ယုံကြည်ချက်အတိုင်းလုပ်ကိုင်မှု စတာတွေကို အင်္ဂလိပ်အရာရှိမှာတွေ့နိုင်ပါတယ်။
တိုင်းသူပြည်သားကို အတတ်နိုင်ဆုံး အနှောင့်အယှက်မပေးဖို့လည်း ကိုလိုနီအစိုးရက
သတိထားပါတယ်။ ၁၈၂၆ ခုနှစ်မှာ ရခိုင်နဲ့ တနင်္သာရီကိုသိမ်းပိုက်ချိန်ကစပြီး ဒေသခံ
ပြည်သူလူထုရဲ့ နေထိုင်မှုဘ၀နဲ့ ဥစ္စာပစ္စည်းကို မထိပါးအောင် အင်္ဂလိပ်ကကြိုးစားပါတယ်။

မိမိယုံကြည်ချက်အတိုင်းပြောဆိုကျင့်ကြံတဲ့ အင်္ဂလိပ်အရာရှိတစ်ဦးကိုလည်း ဆရာမောင်မောင်ကြီးက
ဥပမာပေးထားပါတယ်။ အထက်မြန်မာပြည်ကိုသိမ်းပိုက်ပြီး မကြာမီမှာ သီပေါမင်းလက်ထက်က
အင်္ဂလိပ်ဆန့်ကျင်ရေးလုပ်ခဲ့သူ တိုင်တားမင်းကြီးဟာ အင်္ဂလိပ်လက်အောက်မှာ ၀င်ရောက်အမှုထမ်းပါတယ်။
ဒါကို ဂရုမစိုက်ဘဲ တိုင်တားမင်းကြီးကိုဖမ်းဆီးဖို့ အင်္ဂလိပ်အရာရှိချုပ်က နိုင်ငံရေးအရာရှိ
ဗိုလ်မှူးကြီးစလေဒင်ကို အမိန့်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးကြီး “စလေဒင်” က
အမိန့်ကို မနာခံတဲ့အပြင် အင်္ဂလိပ်လက်အောက်မှာ မညည်းမညူ အမှုထမ်းနေလို့
လုပ်ဖော်ကိုင်ဖက်ဖြစ်နေတဲ့ တိုင်တားမင်းကြီးကို ဖမ်းဆီးခြင်းမပြုဖို့ ဗိုလ်မှူးကြီးစလေဒင်က
အင်္ဂလိပ်အရာရှိချုပ်ဆီကို စာရေးသားပေးပို့ခဲ့ပါတယ်။

လုပ်ကြံမှုမှာပါဝင်တယ်လို့ သင်္ကာမကင်းဖြစ်ခံရတဲ့ “ငနိုင်” ဆိုသူကို အင်္ဂလိပ်အရာရှိတစ်ဦးက
ရိုက်နှက်ညှဉ်းပန်းပြီး ဖြောင့်ချက်ပေးခိုင်းတဲ့ ကိစ္စကိုလည်း ဗိုလ်မှူးကြီးစလေဒင်က ကန့်ကွက်ပါတယ်။
ဒီကိစ္စကို ဗိုလ်ချုပ်ကြီး PRENDERGAST ဆီကို စလေဒင်က စာရေးတိုင်ကြားတဲ့အတွက်
နှိပ်စက်ညှဉ်းပန်းပြီးရယူထားတဲ့ ဖြောင့်ချက်ကို တရားရုံးက အသိအမှတ်မပြုတော့ပါဘူး။
ရာထူးတက်ဖို့နဲ့ နာမည်ကောင်းရဖို့ကို အဓိကထားပြီး အကျဉ်းသားတွေကို မတရားနှိပ်စက်
တဲ့ အင်္ဂလိပ်အရာရှိကို စစ်ခုံရုံးတင်စစ်ဆေးပါတယ်။

အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးရဲ့ ထူးခြားချက်တစ်ရပ်က ဗမာမင်းလက်ထက်ကကျင့်သုံးတဲ့
လုပ်ခမပေးဘဲ ခိုင်းစေတဲ့စနစ်ကို ရပ်ဆိုင်းလိုက်တာပါပဲ။ လုပ်ခမရဘဲ ဗမာမင်းခိုင်းသမျှ
လုပ်ပေးခဲ့ရတဲ့ ပြည်သူလူထုဟာ လုပ်ခပေးတဲ့စနစ်ကို အလွန်အမင်းသဘောကျကြပါတယ်တဲ့။
“စည်းမရှိကမ်းမရှိ အလုပ်သမားဆင့်ခေါ်တာမျိုးမလုပ်ရ” လို့ ၁၈၈၉ မှာ ထုတ်ပြန်တဲ့
အတွင်းဝန်ရုံးကြေညာစာမှာ ဖော်ပြထားပါတယ်။ ဒေသခံ ဗမာနဲ့ တိုင်းရင်းသားတွေက
အင်္ဂလိပ်ကို ခုခံတိုက်ခိုက်နေတဲ့အချိန်အခါဖြစ်ပေမယ့် စစ်တပ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက်
အလုပ်သမားဆင့်ခေါ်ရင် ဒေသခံအရပ်သားတွေ ဒုက္ခမရောက်အောင် အတတ်နိုင်ဆုံး
လုပ်ရမယ်လို့ ဖော်ပြပါတယ်။ အတင်းအဓမ္မလုပ်ခိုင်းတာမျိုးကို လုံးဝရှောင်ကြဉ်ရမယ်လို့ ဆိုပါတယ်။

ဒီလိုစည်းကမ်းဥပဒေထုတ်ထားတာတောင် အဓမ္မခိုင်းစေမှုမရှိဘူးလို့ မပြောနိုင်ပါဘူး။
ရှမ်းစော်ဘွားတွေဟာ ၁၉၃၀ လောက်အထိ ပြည်သူလူထုကိုလုပ်ခမပေးဘဲ ခိုင်းနေတုန်းပါပဲ။
ဒါပေမဲ့ ဗမာမင်းခေတ်ကလို ပြည်သူလူထုကို ထင်သလို အနိုင်ကျင့်လို့မရတော့ပါဘူး။
အောက်ပိုင်းက ဗမာအရာရှိတွေ အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးရှာတဲ့အတွက် အင်္ဂလိပ်အရာရှိက
ပြင်းပြင်းထန်ထန်အရေးယူရတာမျိုးရှိပါတယ်။ အစိုးရအရာရှိဟာ အရပ်သားကို ထင်သလို
အနိုင်ကျင့်နိုင်တယ်ဆိုတဲ့ မင်းမှုထမ်းဉဉ်ဟာ ဗမာအရာရှိတွေမှာကျန်ရှိနေပါသေးတယ်။
ဗမာအရာရှိရဲ့ တပည့်တပန်းတွေကလည်း အရပ်သားကို အနိုင်ကျင့်လေ့ရှိပါတယ်။
ဗမာမြို့အုပ်တစ်ဦးနယ်လှည့်စဉ် သူနဲ့အတူလိုက်ပါသွားတဲ့ တပည့်တွေ သောင်းကျန်းတဲ့အတွက်
အဲဒီမြို့အုပ်ကို ၁၈၉၆ မှာ ရာထူးလျှော့ချလိုက်တဲ့ သာဓကရှိပါတယ်။

ဒါပေမဲ့ ဗမာမင်းအုပ်ချုပ်ပုံနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးက
အများကြီး ပိုကောင်းနေတာတွေ့ရပါတယ်။ ဗမာမင်း မျက်စောင်းထိုးတာ ခံရမှာစိုးလို့
ဘယ်သူမှ သူဌေးဖြစ်အောင် မကြိုးစားချင်တဲ့အတွက် ကူးသန်းရောင်းဝယ်မှု မထွန်းကားတာလို့
အောက်မြန်မာပြည်ကို အုပ်ချုပ်တဲ့ အင်္ဂလိပ်အရာရှိချုပ်က မှတ်ချက်ချဖူးပါတယ်။
အကြီးအကျယ်ချမ်းသာလာတာနဲ့ ဘုရင်က မျက်စောင်းထိုးတော့တာပါပဲ။ နိုင်ငံခြားသား
ကုလားဖြူအုပ်ချုပ်တာကို ဗမာတွေမခံမရပ်ဖြစ်ကြပေမယ့် သာမန်အရပ်သားကိုဆက်ဆံရာမှာတော့
အင်္ဂလိပ်က ဗမာမင်းထက်သာတာကို ဗမာတွေဝန်ခံရမယ်လို့ ဆရာမောင်မောင်ကြီးကဆိုပါတယ်။
ကုန်ပစ္စည်းကိုသာ စိတ်ဝင်စားတဲ့အင်္ဂလိပ်ဟာ အရပ်သားကိုမနှောင့်ယှက်ပါဘူး။

ဗမာမင်းလက်ထက်မှာတော့ အရာရှိဆိုးနဲ့ တပည့်သားမြေးတွေ မတရားလုပ်အနိုင်ကျင့်တာကို
ဘုရင်ကလွဲပြီး ဘယ်သူမှ အရေးယူနိုင်တာမဟုတ်ပါဘူး။ ပြဋ္ဌာန်းထားတဲ့ တရားဥပဒေစည်းမျဉ်းအတိုင်း
လုပ်ရင် အစိုးရမင်းကို ကြောက်စရာမလိုဘူးဆိုတဲ့ အချက်ကို ဗမာပြည်သားတွေ အင်္ဂလိပ်ရောက်လာမှ
နားလည်သဘောပေါက်လာတာပါ။ ဒါပေမဲ့ ကိုလိုနီအုပ်ချုပ်ရေးဆိုတာ နိုင်ငံခြားသားအုပ်ချုပ်ရေး
ဖြစ်နေတာမို့ ရာခိုင်နှုန်းပြည့်ထောက်ခံဖို့ မြန်မာပြည်သားတွေ ၀န်လေးနေကြပါတယ်။ ဒါကြောင့်
အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးကို အကောင်းဘက်က မြင်တာရှိသလို အဆိုးဘက်ကလည်း မြင်တတ်တဲ့
စိတ်နှစ်ခွမြန်မာတွေမှာရှိနေကြောင်း ပါမောက္ခဒေါက်တာမောင်မောင်ကြီးက သုံးသပ်ထားပါတယ်။

(ဒေါက်တာမောင်မောင်ကြီး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...