ခေတ်လူငယ်တစ်ယောက်မြင်တဲ့ ဗုဒ္ဒတရားတော် - ၁ [ သွန်းနေစိုး ]
[ဒီဆောင်းပါးဟာ ဆရာကြီး ဦးကိုကိုလေးရဲ့ ၀ိမုတ္တိရသ အရကောက်ကျမ်းကို
ကျနော်ဖတ်မိပြီး ကျနော် သဘောပေါက် သလို ပြန်ရေးထားတာ ဖြစ်ပါတယ်။ အာရုံမှာ
ဖျပ်ကနဲ ပေါ်လာတဲ့ နားလည်မှု အလင်းပွင့်ကလေးကို မှတ်စု ထုတ်ထားတဲ့သဘောပါ။
ဘာသာရေးအကြောင်းရေးမိပေမဲ့ ဘာသာရေးကျွမ်းကျင်သူ မဟုတ်ပါကြောင်း ၀န်ခံပါတယ်။
ကျနော့် Status မှာ ပြောခဲ့သလို ကျနော် သိလိုက်တာလေး မှတ်စု
ထုတ်ခြင်းပါပဲ။]
ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့စဉ်ဘ၀မှာ အခြေခံအကျဆုံးနဲ့ အပြောအများဆုံး စကားလုံး ၂ခုဟာ
ကုသိုလ်နဲ့ အကုသိုလ်ဖြစ်လိမ့်မယ် ထင်ပါတယ်။
ဒီတော့ ကုသိုလ်၊ အကုသိုလ်ဆိုတာ ဘာလဲ?
စဉ်းစားကြည့်ကြရအောင်။
ကုသိုလ်ဆိုတာ ... ကောင်းတဲ့အရာဖြစ်တယ်။
အကုသိုလ်ဆိုတာ ... မကောင်းတဲ့အရာဖြစ်တယ်။
ဒီလိုပဲ လူပိန်းတွေးတွေးကြည့်လို့ ရမယ်။
ကုသိုလ်ဆိုတာ ရသင့်ရအပ်တဲ့ အရာ၊ လူသားနဲ့ ထိုက်တန်တဲ့အရာ တဲ့။
အကုသိုလ်ဆိုတာတော့ မရသင့် မရအပ်တဲ့ အရာ၊ လူသားနဲ့ မထိုက်တန်တဲ့အရာပေါ့။
တိကမာတိကာမှာ ဒီလိုဆိုတယ်။
အကုသလော ဓမ္မော သာဝဇ္ဖ ဒုက္ခ၀ိပါက လက္ခဏာ
ကုသလော ဓမ္မော အန၀ဇ္ဖ သုခ၀ိပါက လက္ခဏာ။
တဲ့။
အပြစ် ဖြစ်တဲ့၊ မကောင်းကျိုးပေးတဲ့ လက္ခဏာရှိတဲ့ သတ္တလည်း မဟုတ် ဇီဝလည်း မဟုတ်တဲ့ တရားတွေရှိတယ်။
အပြစ်မ ဖြစ်တဲ့၊ ကောင်းကျိုးပေးတဲ့ လက္ခဏာရှိတဲ့ သတ္တလည်း မဟုတ် ဇီဝလည်း မဟုတ်တဲ့ တရားတွေရှိတယ်။
လို့ မြန်မာလို ပြန်နိုင်ပါလိမ့်မယ်။
ဆိုလိုတာက ...
အကုသိုလ်ဆိုတာ အပြစ်ရှိတယ်၊ မကောင်းကျိုးပေးတယ်။
ဒါကြောင့် မရအပ်ဘူး၊ လက်မခံသင့်ဘူး။
ကုသိုလ်ဆိုတာ အပြစ်ကင်းတယ်၊ ကောင်းကျိုးပေးတယ်။
ဒါကြောင့် ရအပ်တယ်၊ ပွားများ ကျင့်ကြံအပ်တယ်။
ဟုတ်ပြီ။ ဒီတော့ Definition တော့ရပြီ။
လူတွေ လိုက်နာသင့်တဲ့ ကုသိုလ်ဆိုတာတွေက ဘာတွေလဲ?
မလိုက်နာသင့် ရှောင်ရှားသင့်တာ (အကုသိုလ်) တွေကရော ဘာတွေလဲ?
လူတွေရဲ့ဘ၀မှာ အကြောင်းရင်းခံ ဟိတ်ခြောက်ပါးဆိုတာ ရှိသတဲ့။
၁။ လောဘဆိုတဲ့ တောင့်တခြင်း။
၂။ ဒေါသဆိုတဲ့ ကြောင့်ကျခြင်း။
၃။ မောဟဆိုတဲ့ တွေဝေခြင်း။
အဲဒီသုံးခုကို အကုသိုလ် ဟိတ်သုံးပါးလို့ ခေါ်တယ်။ ဆက်ပြီး ...
၎။ အလောဘ တောင့်တမှု ကင်းခြင်း။
၅။ အဒေါသ ကြောင့်ကျမှု ကင်းခြင်း။
၆။ အမောဟ တွေဝေမှု ကင်းခြင်း။
အဲဒါတွေက ကုသိုလ် ဟိတ်သုံးပါး။
ဒီတော့ လောကထဲက လုပ်ငန်းဆောင်တာတွေမှာ ...
အလောဘ တောင့်တမှု ကင်းစွာ၊ အဒေါသ ကြောင့်ကျမှု ကင်းစွာ၊ အမောဟ တွေဝေမှု ကင်းစွာ နဲ့ လုပ်ကိုင်ရင်
ကုသိုလ်ဖြစ်အောင် လုပ်ကိုင်တာပါပဲ။
ဗုဒ္ဓဘာသာမှာ အရာရာ အကြောင်းကြောင့် အကျိုးဖြစ်တယ်။
ဒီလို ကုသိုလ်အကြောင်းကို လုပ်ရင် ကုသိုလ်ဆိုင်ရာ အကျိုးဖြစ်တဲ့ ကောင်းကျိုးတွေလည်း ခံစားရမယ်။
အမြင်သာဆုံး အကျိုးကတော့ ကိုယ်စိတ်နှစ်ပါး ချမ်းသာတာပါပဲ။
ကုသိုလ်အကျိုးရတဲ့ လုပ်ငန်းစဉ်တွေကတော့ ဒါန၊ သီလ၊ ဘာဝနာပဲပေါ့။
ဒါနံ အလောဘော ဟောတု၊
သီလံ အဒေါသော ဟောတု၊
ဘာဝနံ အမောဟော ဟောတု၊ ...
ဆိုတဲ့ ပါဠိတော်ရှိတယ်။
အလှူပေးခြင်းဟာ တောင့်တမှု လျှော့နည်းစေတယ်။
မိမိကိုယ်နှုတ်နှလုံး စောင့်စည်းခြင်းဟာ ကြောင့်ကြမှု လျှော့နည်းစေတယ်။
ကြောင်းကျိုးဓမ္မဖြစ်ပျက်မှု တရားတို့ကို ပွားများဆင်ခြင်ခြင်းဟာ တွေဝေမှု လျှော့နည်းစေတယ်။
လို့ အဓိပ္ပါယ်ပြန်လိုပါတယ်။
ဒါနဆိုတာ အပေးသဘောသက်သက်ပါပဲ။
တပါးသူ အကျိုးဖြစ်ပါစေ အထောက်အပံ့ဖြစ်ပါစေတော့လို့
ကိုယ့်အတွက် မျှော်လင့်ချက်မထားဘဲ
ပြန်ရလိုတဲ့ တစ်ခုခု ပြန်လိုချင်တဲ့ အနှောင်အဖွဲ့ ဘာမှ မပါတာမျိုးကို ဆိုလိုတယ်။
သီလ ဆိုတာလဲ
တပါးသူ အကျိုး မထိခိုက် မနစ်နာ မပျက်ဆီးရလေအောင်
မိမိ ကိုယ် နှုတ် စိတ်နှလုံး သုံးပါးလုံး ထိန်သိမ်းတာကို ခေါ်တယ်။
ဘာဝနာဆိုတာတော့
ရုပ်နာမ် တရားတို့ရဲ့ ကြောင်းကျိုးသဘော
ဖြစ်ပျက်သဘော
သင်္ခါရတွေကို မြင်အောင် ဆင်ခြင်တာ
အစွဲတွေ အယူမှားတွေ ကင်းကွာရေး အားထုတ် လုံ့လပြုတာမျိုးကို ခေါ်တယ်။
ဒီလို ဒါန သီလ ဘာဝနာကို ထိမိအောင် ပြုလုပ်နိုင်ရင်
အလောဘ တောင့်တမှု ကင်းစွာ၊ အဒေါသ ကြောင့်ကျမှု ကင်းစွာ၊ အမောဟ တွေဝေမှု ကင်းစွာ
နေထိုင်ရှင်သန်နိုင်လာတော့တာပဲ။
ဒါဆို ကုသိုလ်တရားနဲ့အညီ နေထိုင်တာပေါ့။
ဒီလို ကုသိုလ်တရားနဲ့အညီနေထိုင်တဲ့ အကြောင်းကိုပြုတာကြောင့်
ပူလောင်မှုကင်းပြီး ငြိမ်းအေးချမ်းမြေ့တဲ့ လက်ငင်းအကျိုးတရားကို ရမှာကတော့ ဧကန်ပါဘဲ။
ဒါကြောင့်လဲ
ကုသိုလ်ဆိုတာ
အပြစ်ကင်းတယ်၊ ကောင်းကျိုးပေးတယ်။ ရအပ်၊ ပွားများ ကျင့်ကြံအပ်တယ်
... လို့ ဆိုခဲ့တာပေါ့။
သွန်းနေစိုး Thorn Nay Soe

0 comments:
Post a Comment