Tuesday, March 6, 2012

ကျေးဇူးဆပ်စာပေမဟုတ်တဲ့ ဝတ္ထုစစ်စစ်စာတစ်အုပ်

                                                                    
                                                                     
“တိုက်ပဲ တိုက်ဆိုင်လွန်းလှတယ်”
            စာအုပ်တစ်အုပ်ကို ဖတ်ပြီးတာနဲ့ နှုတ်က အလိုလို ထွက်လာတဲ့ စကား ဖြစ်ပါတယ်။ စက်တင်ဘာလထဲကပဲ “စာရေးဆရာ ပင် စင်မယူပါ” ဆိုတဲ့ စာတစ်ပုဒ်ရေးပြီး ကလျာကို ပေးခဲ့တယ်။ ဆရာမ ဒေါ်ကလျာက ဝတ္ထုရေးသားတာ ရပ်လိုက်ပြီလို့ ဆိုခဲ့တာနဲ့ ဆက်နွယ် ပြီး ဖတ်စရာဝတ္ထုတွေ ရှားပါးနေချိန်မှာ ဝတ္ထုရေးနိုင်သူတစ်ဦး အနားမယူသင့်ပါဘူးလို့ ရေးလိုက်တာပါ။

မျှော်လင့်ချက်မထားပါဘူး

အဲဒီစာထဲမှာ “စာပေလောက ဦးနှောက်ယိုစီးမှု” ဖြစ်နေတဲ့အကြောင်းလည်း ရေးခဲ့ပါတယ်။ နမူနာအနေနဲ့ ဆရာမောင်မိုးသူနဲ့ ဆရာမဂျူးတို့လို ဝတ္ထုရေးကောင်းသူတွေက ဝတ္ထုတွေရေးမယ့်အစား အင်တာနက်တွေအိုင်တီတွေ၊ သဘာဝပတ်ဝန်းကျင်တွေ အကြောင်းချည်း ရေးနေကြတာဟာလည်း “ဦးနှောက်ယိုစီးမှု” တစ်မျိုးဖြစ်တဲ့အကြောင်း ရေးခဲ့ပါတယ်။
ရေးပြီးလို့ ဘာမှမကြာလိုက်ပါ ဘူး အောက် တိုဘာလဆန်းမှာ အဲဒီစာအုပ် ထွက်လာပါတယ်။ ဝယ်နေကျမို့ ထွက်ထွက်ချင်း ဝယ်ဖတ်လိုက်ပါတယ်။ အမှန်အတိုင်းပြောရ ရင် ခုတ လော သူ့စာအုပ်တွေလိုပဲ ရုက္ခဗေဒကျောင်းသုံးစာအုပ်မျိုး ဖြစ်လိမ့်မယ်လို့ပဲ တွက်ထားမိပါတယ်။ မျှော်လင့်ချက် သိပ်မထား ပါဘူး။

မျှော်တုန်းမျှော်ဆဲ ထွက်လို့လာ

ဒါပေမဲ့ စာမျက်နှာ ဆယ့်လေးငါးမျက်နှာ ဖတ်မိတာနဲ့ သစ်ပင်တွေအကြောင်း မတွေ့ရလို့ စိတ်ထဲမှာ နည်းနည်း သက်သာရာရ သွား တယ်။ ဒါပေမယ့်လို့ ခုတလောမှာ သဘာဝပတ်ဝန်းကျင်လိုပဲ စာရေးဆရာတွေကြားမှာ “ဖက်ရှင်” ဖြစ်နေတဲ့ NGO အကြောင်းတွေ များလား၊ နိုင်ငံခြား “အိမ်ဦးနဲ့ ကြမ်းပြင်” လို သွားနေတဲ့အကြောင်းတွေများလားလို့တော့ သံသယဝင်နေသေးတယ်။ အဲဒီလို စိတ်မချတစ် ချ ဖတ်ရင်းကနေ တဖြည်းဖြည်းနဲ့ စာလုံးတွေထဲ ကိုယ်ပါ မျောပါသွားပြီး လက်ကမချချင်အောင် ဖြစ်သွားတော့တယ်။ ချောကလက် စား နေရသလို တစ်ဖဲ့တစ်ဖဲ့နဲ့ ရပ်လို့ကို မရတော့ဘူး။ ဒါနဲ့ပဲ တစ်အုပ်လုံးကုန်အောင် ဖတ်ပစ်လိုက်တော့တယ်။ ဖတ်ပြီးတော့လည်း ကျေ နပ် အားရလိုက်တာ။ ဝမ်းမြောက်ဝမ်းသာလည်း ဖြစ်လိုက်တာ။ အရင်လကပဲ တောင့်တောင့်တတနဲ့ ရေးခဲ့တာ၊ ခုလကျတော့ ဆယ်စုနှစ် တစ် ခုကျော် နှစ်ခုနီးပါးတောင် စောင့်မျှော်ခဲ့ရတဲ့ “လက်ရာ”ကို ဖတ်ရပြီလေ။ ဝတ္ထုကောင်းတွေ ချဉ်ခြင်းတပ်နေခိုက်မှာ “မျှော်တုန်းမျှော် ဆဲ ပျို လည်းထွက်လာ” ဆိုသလို အချိန်ကိုက်ဖြစ်နေတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။

ကျေးဇူးဆပ်စာပေမဟုတ်

ဒီစာအုပ်ကတော့ တကယ့်ကို ဝတ္ထုစစ်စစ်ပါ။ ဝါဒဖြန့်လည်း မဟုတ်၊ ကြော်ငြာလည်း မဟုတ်သလို နိုင်ငံခြားပို့ပေးတဲ့သူတွေကို ပြန် ပြီး ကျေးဇူးဆပ်တဲ့ ကျေးဇူးခံကျေးဇူးစား တစ်ယောက်ရဲ့ “ဝတ္တရားကျေ” စာအုပ်မျိုးလည်း မဟုတ်ပါဘူး။ ဒီစာအုပ်မှာ တကယ်ကျွမ်း ကျင်တဲ့ လက်သမားကောင်းတစ်ယောက်ရဲ့ လက်ရာ “စရွေးကိုက်” ပရိဘောဂတွေကို တွေ့ရသလိုပဲ၊ ဝတ္ထုရေးအတတ်ပညာမှာ ကျွမ်း ကျင်လိမ္မာတဲ့ စာရေးဆရာတစ်ယောက်ရဲ့ အံ့မခန်းအတတ်ပညာကို တွေ့လိုက်ရတယ်။ “အံ့မခန်း” လို့ ရေးလိုက်တာက ကိုယ် တစ်ယာက်တည်းအဖို့ ပြောတာပါ။ တခြားစာရေးဆရာများအတွက်တော့ ဝတ္ထုရေးရာမှာ လုပ်ရိုးလုပ်စဉ်ကိစ္စမျိုးသာ ဖြစ်ချင်ဖြစ်ပါ လိမ့်မယ်။ ကိုယ့်အဖို့ကတော့ တကယ်ကို လက်ဖျားခါ ချီးကျူးရတဲ့ အတတ်ပညာပါ။ ဒီစာအုပ်ထဲက အကြောင်းအရာမျိုး ဆောင်းပါးတွေ ကို နှစ်ပါင်းနှစ်ဆယ်လောက် အတွင်းမှာ ရာချီပြီးရေးခဲ့ပါတယ်။ ဒါပေမယ့် အမှန်ပြောရရင် ဘယ်သူ့ရင်ထဲမှာမှ စွဲမကျန်ရစ်ပါဘူး။ ဖတ်ပြီး မေ့ ထားလိုက်ကြတာပါပဲ။ ဟော့ဒီစာအုပ်ကတော့ တစ်အုပ်တည်း၊ တစ်ပုဒ်တည်းနဲ့ စာဖတ်သူပေါင်းများစွာရဲ့ ရင်ထဲမှာ ကာလရှည်ကြာ စွဲမြဲ နေရုံမျှမက ကျွန်တော်တို့ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြိုးစားပမ်းစား ပြောခဲ့ရေးခဲ့ပေမယ့် အရာမရောက်လှတဲ့ “မျက်စိပွင့်နားပွင့်” အောင် လုပ်တဲ့ကိစ္စ၊ ဝတ္တုတစ်ပုဒ်တည်းနဲ့ ထိရောက်အောင်မြင်အောင် လုပ်ပေးလိုက်နိုင်တယ်လေ။



ဒါမှ စာရေးဆရာကွ

ဒါမျိုးကို ဝတ္ထုရေးဆရာများသာ စွမ်းဆောင်နိုင်ပါတယ်။ ဒါကြောင့် ဝတ္ထုရေးဆရာတွေကို ဝတ္ထုတွေပဲ ရေးကြပါလို့ မကြာခဏ တောင်း ဆိုနေရတာ ဖြစ်တယ်။ အခု ဒီဆန္ဒ၊ ဒီတောင်းဆိုချက်ကို စာရေးဆရာမ “ဂျူး”က ဖြည့်ဆည်းပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါ တယ်။ ဂျူးဝတ္ထုတွေကို ထွက်သမျှ တစ်အုပ်မကျန် ဖတ်ပေမယ့် ဖတ်ပြီး “အသာမပြေ” ဖြစ်နေတာ အတော်ကြာပါပြီ။ အခုထွက်လာ တဲ့ နောက်ဆုံးလက်ရာ “သူ မင်းကို ဘယ်တော့မှ” ဆိုတဲ့ ဝတ္ထုကျမှပဲ ကောင်းကောင်းကြီး အာသာပြေပါတော့တယ်။ ဒီစာအုပ်မှာ စာရေး ဆရာမက သူ ပြောချင်တဲ့အကြောင်းအရာကို ဝတ္ထုရေးတဲ့အတတ်ပညာကို ကျွမ်းကျင်လိမ္မာစွာ အသုံးချပြီး စာဖတ်ပရိသတ်ရင်ထဲ “ဒုတ် ဒုတ်ထိ” ရောက်အောင် ပို့ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီအတတ်ပညာကို “အံ့မခန်း” အတတ်ပညာလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီဝတ္ထုမှာ စာရေးဆရာမက ပညာမဲ့ခြင်း၊ အယူသည်းခြင်း၊ ခိုးဝှက်လုယက်ခြင်း၊ မြွေကိုက်လို့ သေရခြင်းတို့လို ပြဿနာတွေက စပြီး နောက်ဆုံးမှာ (ကန်တော့ပါရဲ့) လင်ကောင်မပေါ်ဘဲ ကလေးမွေးရခြင်းဆိုတဲ့ ပြဿနာမျိုးအထိ ဘာ့ကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းဇစ်မြစ် တကယ့် (နားနဲ့မနာ ဖဝါးနဲ့နာပေးပါ၊ ထိရောက်စေချင်လို့ သုံးရတာပါ)ကို မှန်မှန်ကန်ကန် သုံးသပ်တင်ပြနိုင်ခဲ့ပါတယ်။ “ဒါမှ စာရေး ဆရာ ကွ” (ဘရာဗို)လို့ မချီးကျူးဘဲကို မနေနိုင်အောင် ဖြစ်ရပါတယ်။

စာရေးဆရာရဲ့ အစွမ်း

ဒီစာဟာ “ဖတ်ညွှန်း” လည်းမဟုတ်၊ စာအုပ်ဝေဖန်ရေးလည်း မဟုတ်(စာအုပ်ကြော်ငြာလိုတော့ ဖြစ်နေပါတယ်)တဲ့ အတွက် စာအုပ်ပါ အကြောင်းအရာတွေကို ထုတ်နှုတ်မိတ်ဆက် ပေးမနေတော့ပါဘူး။ “စာရေးဆရာရဲ့အစွမ်း”ကို အဓိက ရေးချင်တာပါ။ လူတွေရဲ့ စိတ်ကို ဆွဲဆောင်ဖို့ (တည့်တည့်ပြောရရင်၊ ပညာပေးဖို့၊ စည်းရုံးဖို့) ဒါမှမဟုတ် လူတိုင်းလူတိုင်းမှာရှိတဲ့ အရိုင်းစိတ် (animal instinct) တွေကို ချိုးနှိမ်ပြီး ယဉ်ကျေးလိမ္မာစေဖို့၊ အထက်တန်းစားစိတ်ဓာတ်မျိုး ရှိစေဖို့အတွက် ဝတ္ထု၊ ကဗျာ စတဲ့ ရသစာပေနဲ့ ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်စတဲ့ အနုပညာရပ်များကသာ စွမ်းဆောင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီနေ့ လူ့လောကကြီးတစ်ခုလုံးမှာ ဘယ်သူသေသေ ငတေမာ ပြီးရော ဆိုတဲ့ “အမြတ်ရရေးအဓိက” အယူအဆတွေက လွှမ်းမိုးပြီး ဗြဟ္မစိုရ်တရားတွေ ခေါင်းပါးနေကြပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာကိုပဲ ကြည့်လိုက် ကြည့်လိုက်၊ လူအချင်းချင်း ကြီးနိုင်ငယ်ညှင်း လုပ်နေကြတာတွေနဲ့ “ကြောင်ဖြူကြောင်မည်းက ပဓာန မ ဟုတ်၊ ကြွက်မိဖို့သာ လိုရင်းပဲ” ဆိုတဲ့ ဝိသမလောဘသားတွေရဲ့ မသူတော်လုပ်ရပ်တွေကို ပဲ တွေ့နေမြင်နေရပါတယ်။ မူလတန်း ကျောင်းကလေးထဲက လူမမယ်ကလေးငယ်တွေကို စက်သေနတ်ကြီးနဲ့ ဝင်မွှေ့တဲ့ “ရမ်ဘို” လုပ်ရပ်မျိုး ဘယ်ခေတ် ဘယ်အခါက ကြားဖူး ကြုံဖူးလို့လဲ။ “ပညာခေတ်၊ ပညာခေတ်” နဲ့ တအော်တည်းအော်နေတဲ့ ကျွန်တော် တို့ ခေတ်ကျမှပဲ အသိဉာဏ်ကင်းမဲ့တဲ့ တိရစ္ဆာန်တို့ရဲ့ အပြုအမူမျိုးတွေ တွေ့နေရတာ မဟုတ်လား။

အတွင်းဦးနှောက်ယိုစီးမှု

အဲဒီလို အရိုင်းစိတ်၊ တိရစ္ဆာန်စိတ်တွေကို ထိန်းချုပ်ပြီး လူအချင်းချင်း ထောက်ထားစာနာစိတ်တွေ မွေးမြူနိုင်ဖို့နဲ့ လောကပါလ တရားတွေ ထွန်းကားစေဖို့အတွက် လူသားတွေရဲ့ စိတ်တွေ ယဉ်ပါးလိမ္မာစေဖို့အတွက် ဝတ္ထုကောင်းတွေ ကဗျာကောင်းတွေ တေး သီချင်း ကောင်းတွေ များများထွက်ဖို့ လိုပါတယ်။ အဲဒါကြောင့် ဝတ္ထုရေးနိုင်စွမ်းသူတွေ ဝတ္ထုတွေ အဆတ်မပြတ် ရေးကြစေချင်ပါတယ်။ “ငါးပွက် ရာငါးစာချ” သလို ပေါ်ပင်နောက်ကို မလိုက်ကြစေချင်ဘူး။  “ရှင်နည်းရာအဂ္ဂလူထွက်” ဆိုသလို ဝတ္ထုကောင်းကောင်းရေးနိုင်သူ ရှားပါးရ တဲ့အထဲ ရှိနေတဲ့ ဝတ္ထုရေးသူတွေ ပင်စင်ယူတာမျိုး မဖြစ်စေချင်သလို အတွင်းဦးနှောက် ယိုစီးမှု (internal brain drain) တစ်မျိုးဖြစ်တဲ့ “စာပေလောက ဦးနှောက်ယိုစီးမှု” မျိုးလည်း မဖြစ်စေချင်ကြောင်း ထပ်လောင်းပြီး နှိုးဆော်လိုက်ပါရစေဦး။

လူထုစိန်ဝင်း
(ကလျာ၊ အမှတ် ၂၈၆၊ ဒီဇင်ဘာလ၊ ၂၀၀၈)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...