ခေတ်ပေါ်မြန်မာကဗျာ နဲ့ အမျိုးသားစာပေဆု
by Nyein Soe Oo on Thursday, March 15, 2012 at 12:24pm ·
http://www.nyeinsoeoo.com/2012/03/blog-entry.html
မြန်မာ့ ရုပ်မြင်သံကြားမှာ ပြသနေတဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးနဲ့ ခေတ်ပေါ် သံစုံတီးဝိုင်းကြီးတို့ အတူ ယှဉ်တွဲတီးခတ်နေတာကို တစိမ့်စိမ့် ခံစားနားထောင်နေရင်း၊ အချိန်နဲ့အမျှ စီးဆင်းနေတဲ့ အနု ပညာ ရေစီးကြောင်းတွေဟာ လူတွေရဲ့ ဖန်တီးနိုင်မှုစွမ်းအားကနေ တစ်ဆင့် တဖြည်းဖြည်းတိုး တက်လာကြ ၊ ပေါင်းဆုံလာကြလို့ လူ့လောကကြီး ပိုပြီးသာယာဖွံ့ဖြိုးလာနေတာပါလားလို့ ပီတိ တွေ ဝေခဲ့ရပါတယ် ။
ဒါပေမယ့် ပြုံးစရာမဂ္ဂဇင်းက ဆရာလူထိပ်ရဲ့ ဆောင်းပါးကိုဖတ်မိတော့ ရင်ထဲမှာ အီလည်လည်ကြီးဖြစ်လာရပါတယ် ။ ဆရာလူထိပ်က ဒီလိုဖော်ပြထားပါတယ် ။
`` ပြီးတော့ ဆရာမောင်ပြည့်မင်းရဲ့ဖီလစ်ပီနိုနှစ်ယောက် ကဗျာဆောင်းပါး ( ICON အိုင်ကွန် မဂ္ဂဇင်း ၊ ဇန်န၀ါရီလ ၊ ၂၀၁၂ ) ကိုလည်းမြည်းစမ်းကြည့်ကြပါဦး ။ ခေတ်ပေါ်ကဗျာနဲ့ အမျိုးသားစာပေဆုအကြောင်း တို့ထိ ထားတာပါ ။
အမျိုးသားစာပေဆုဆိုတာလည်း အရင်က လူတွေ တစ်ခဲနက် စိတ်ဝင်စားခဲ့ကြတဲ့ တိုင်းနဲ့ပြည်နယ်ဘောလုံးပြိုင်ပွဲလိုပါပဲ ။ တဖြည်းဖြည်း မှေးမှိန်မှုန်ဝါးလာပြီး စာပေသမားအများစုရဲ့ စိတ်ဝင်စားမှု ဧရိယာကနေ ဆုတ်ခွာ သွားခဲ့တာ ကြာပါပြီ ။ ကဗျာလောကသား တွေကိုပဲ ကြည့်ကြပါစို့ ။ ဂန္ထ၀င်ကဗျာလိုင်းက ကဗျာဆရာ အနည်းအပါးမှအပ၊ ဘယ်ခေတ်ပေါ်ကဗျာဆရာတွေမှ စိတ်မ၀င်စားကြပါဘူး ။ သူတို့နဲ့ လားလားမှ မဆိုင်တဲ့ အရာလို့ စွဲမှတ်ထားကြသလိုပါပဲ ။ ခေတ်ပေါ်ကဗျာ တွေက ဆုရနိုင်တဲ့ ကဗျာအမျိုးအစားမှ မဟုတ်တာ ။ ဒီတော့ ဘယ်သူတွေဘယ်လောက်ရရ ၊ ဘယ်နှကြိမ်ရရ လုံးဝ စိတ်မ၀င်စားဘူး ။ လူထိပ်တို့ဆီမှာခက်နေတာက ဂန္ထ၀င်ကဗျာဆရာတွေက ခေတ်ပေါ်ကဗျာ တွေကို ကဗျာရယ်လို့ မထင်ကြသလို ၊ ခေတ်ပေါ်ကဗျာဆရာတွေကလည်း ဂန္ထ၀င်ကဗျာကို ကဗျာရယ်လို့ ဘယ်လိုမှ မယူဆ ၊ မဖတ်ကြတာပါပဲ ။ ကိုယ့်နယ်ပယ်နဲ့ ကိုယ်ပဲ ကျင်လည်လှုပ် ရှားနေကြတာ မဟုတ်လား ။
အခုလည်း ၊ ဆရာမောင်ပြည့်မင်းကို နိုင်ငံခြားက ကဗျာဆရာ ခင်ဗျားတို့ရေးနေတဲ့ ကဗျာတွေကော ဆုမရနိုင်ဘူးလားလို့ အမေးခံရတော့မှ အလန့်တကြားနဲ့ စဉ်းစားစရာ ဖြစ်လာရတာပါ ။ ဒီကိစ္စကလည်း စဉ်းစားကြည့်ကြဖို့ ကောင်းတဲ့ ကိစ္စလို့ လူထိပ်ထင်ပါတယ် ။ ´´
ပြုံးစရာ မဂ္ဂဇင်း
( ဧပြီလ ၊ ၂၀၁၂ - ခုနှစ် ။ စာ- ၅၉ )
ကျွန်တော်လည်း တွေးတောစဉ်းစားချင်စိတ်ဖြစ်လာခဲ့ရပါတယ် ။ မြန်မာကဗျာရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ လင်္ကာများကနေ စတင်တယ်လို့ ယူဆကြရမှာပါ ။ အချင်း ၊ အချိုး စတာတွေနဲ့ အမျိုးမျိုးပြောင်းလဲ ရေးဖွဲ့လာလိုက်ကြတာ ခေတ်စမ်းစာပေခေတ်ကို ကိုလိုနီနယ်ချဲ့ တို့ လက်အောက်မှာပဲ ပြောင်းလဲနိုင်ခဲ့ကြပါတယ် ။ နှစ်ပေါင်းတစ်ထောင်လောက် မှာ စာပေသစ်အယူအဆတွေ တိုးတက်ကျယ်ပြန့်လာကြတဲ့အခါ ယခုခေတ် ရေးသားနေကြတဲ့ ကဗျာ အမျိုးအစားတွေအထိ ခရီးရောက်ခဲ့ကြပါတယ် ။ ပြောင်းလဲနေတဲ့လောကသဘော တရားနဲ့ တစ်သားတည်းပါပဲ ။ အခုလို မြန်မာကဗျာ အမျိုးသားစာပေဆု ကိုတော့ ခေတ်နဲ့အညီ ရေးဖွဲ့နေကြတဲ့ ကဗျာစာအုပ်တွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘူးဆိုတာ ဘာကြောင့်ပါလဲ ။ ပြောင်းလဲခြင်းသဘောတရားကို လက်မခံလို့ပါပဲ ။ ခေတ်နဲ့ အညီရေးဖွဲ့နေတဲ့ကဗျာ အမျိုး အစားတွေကို မြန်မာကဗျာတွေပါလို့ လက်မခံဘူးဆိုတာ တော်တော် အန္တရာယ်ကြီးပါတယ် ။ မြန်မာအက္ခရာတွေသုံးပြီး မြန်မာ့အတွေးအမြင်သစ်တွေကို ခေတ်နဲ့ အညီပြောင်းလဲ တွေးခေါ် ၊ ရေးစပ်တာဟာ ပြောင်းလဲခြင်း အစဉ်အလာအရ တိုးတက်လာတဲ့ သဘောသဘာဝပါ ။ မြန်မာအက္ခရာများပင်လျင် အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပေါ်လာခဲ့ပြီး ယခုအချိန်သုံးစွဲနေတဲ့ သတ်ပုံ ရေးထုံးကအစ နောင်အမြဲတည်နေမှာလားဆိုတာ စဉ်းစားကြည့်ကြရမှာပါ ။
လူတွေရဲ့ ပြောင်းလဲတိုးတက်ခြင်းသဘောဟာ အခုခေတ်မှာ အငြင်းပွားရမယ့် ကိစ္စမှ မဟုတ်တော့တာ ။ ဒါကိုလက်မခံဘဲ ဒီလိုရေးမှ ဒီဆုပေးမယ်လို့ ဆုံးဖြတ်ကြသူတွေဟာ ပုဂံခေတ်က မိဖုရား ဖွားစောလို `` အတုမဲ့လျင် ငါပြုသော ၊ အခါမြင့်မြဲ တည်စိမ့်သောငှာ ´´ ဆိုပြီး ကမ္ပည်းတင်ချင်လို့လား ။ အဲဒီစာသားဟာ အခုတော့ လူရယ်စရာ ။ ဒါဟာ အာဏာရှင်တို့ရဲ့ လက်ဝါးကြီးအုပ်မှုအောက်ကို အနုပညာလည်း ကျရောက် သွားခြင်းသဘောပါပဲ ။ `` ဒီအခန်း ဖြတ် ´´ဆိုတဲ့ ဇာတ်ကားလို အနုပညာ (ခေတ်ပေါ် မြန်မာကဗျာ ) ကို အမှောင်ထဲရောက်အောင် ထောင်ချအပစ်ပေးခြင်းခံခဲ့ရတယ်လို့ ယူဆရမှာ ပါ ။ ပြန်လည်ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီစနစ် နှင့် သင့်တော်သော ကဗျာရှင်သန်မှုကို အားပေးမှုဆိုတာ ဖြစ်ပေါ်လာပါလိမ့်မယ် ။
ကျေးလက်မှာ တွဲဖက်ကျောင်းဆရာအဖြစ် အလုပ်ဝင်နေစဉ်တုန်းမှာ ကျေးလက်လူထု အတွက်ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပတာကိုသွားပြီး သတိရမိပါတယ် ။ အားကစားပွဲတွေကို ကျင်းပ တဲ့အခါ ဘောလုံး ၊ ဘော်လီ ဘော ၊ အပြေး ... စတဲ့အားကစားတွေကိုသာ ကျင်းပနိုင်ပါတယ် ။ ကလေးတွေအတွက် ခွဲခြားပြီး ကြက်ဖခွပ် ၊ ဖန်ခုန် ၊ ထုတ်တိုး ပြိုင်ပွဲများလုပ်ပါတယ် ။ လယ်ယာ လုပ်သူများက နွားလှည်းအပြေးပြိုင်ပွဲ လုပ်ပေးဖို့ တောင်းဆိုကြတဲ့အခါ အဆင်ပြေအောင် လယ် ကွင်းတွေကို ပြင်ဆင်ပြီး ပြိုင်ပွဲဝင်နိုင်အောင်လုပ်ပေးကြရပါတယ် ။
ကျေးလက်လူငယ်လေးတစ်ယောက်က `` ကားတွေ ၊ ဆိုင်ကယ်တွေနဲ့ မပြိုင်နိုင် သေးခင်မှာ နွားလှည်း တွေနဲ့ ပြိုင်ကြတာ ပေါ့ ဆရာရယ် ´´ လို့ ပြောတာကို သဘောကျမိ ခဲ့ပါတယ် ။ အခုအချိန်မှာ အဲဒီလူငယ်လေးကို ``ဆိုင်ကယ်တွေ ၊ ကားတွေ ရှိလည်း တစ်ချို့ကျ တော့ နွားလှည်းကိုပဲ ပြိုင်ချင်တတ်ကြတာကို တွေ့နေရ ကြောင်း ၊ အရိုးနင် အဆိပ်မိ နေရင် ကုသရခက်ကြောင်း ´´ ပြောပြရအုံးမယ်လို့ တွေးတော စဉ်းစားနေမိပါတော့တယ် ။
သိတတ်လို့ တတ်သိပြီး သတ္တိတွေတိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ ...
ငြိမ်းစိုးဦး
( March ; 15 ; 2012 )
http://nyeinsoeoo.multiply.com/
0 comments:
Post a Comment