Saturday, March 3, 2012

ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုပြုလုပ်သော ထိုင်းပညာရှင်များကို ထားဝယ်ဒေသခံများဝေဖန်

by Yangon Press International on Saturday, March 3, 2012 at 3:58pm ·
မတ် ၃၊ ၂၀၁၂ (YPI)

ဒေသခံများ၏ မေးမြန်းမှုများကို ပြန်လည်မဖြေကြား၍ ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံသို့ဖောက်လုပ်နေသော ကုန်သွယ်ရေးလမ်းနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ဆိုင်ရာလေ့လာဆန်းစစ်မှုများ လာရောက်ပြုလုပ်သော ထိုင်းနိုင်ငံချူလာလောင်ကွန်းတက္ကသိုလ်မှ ထိုင်းပညာရှင်အဖွဲ့ကို ဒေသခံများက ဝေဖန်ခဲ့ကြသည်။

ဖေဖေါ်ဝါရီ ၂ ရက်က ထားဝယ်ခရိုင်၊ သပြုချောင်းကျေးရွာ စာသင်ကျောင်း၌ ဒေသခံများနှင့်တွေ့ဆုံရာတွင် လျော်ကြေးကိစ္စ နှင့် လမ်းပြီးစီးပါက ဒေသခံများ အသုံးပြုခွင့်ရ၊မရ ဆိုသော အချက်များအပါအ၀င် သိလိုသော မေးခွန်းများကို ပြန်လည်မဖြေကြားနိုင်သဖြင့် စစ်တမ်းကောင်ယူသူအဖွဲ့အား ဒေသခံတစ်ဦးကထိုင်းဘာသာစကားဖြင့် ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ရာ ထိုင်းအဖွဲ့မှ ပြန်လည်ဖြေရှင်းတောင်းပန်၍ ကျေအေးသွားခဲ့သည်ဟု ပါဝင်ခဲ့သူ ကျေးသားအင်းရွာသား တစ်ဦး ကဆိုသည်။


“ လမ်းဖောက်လိုက်ရင် ထိုင်းကိုသွားနိုင်မယ်။ ဒီကလူတွေ အကျိုးရှိမယ် ဆိုပြီးရှင်းပြတယ်။ ရွာသားတွေက အရင်နှစ်က လမ်းဖောက်ရာပါသွားတဲ့ အပင်တွေအတွက် လျော်ကြေး ဘယ်တော့ပေး မလဲမေးတယ်။ သူတို့ကပြန်မဖြေဘူး” ဟု ပါဝင်ခဲ့သူ ဒေသခံတစ်ဦးကပြောကြားသည်။



အဆိုပါ စစ်တမ်းကောက်ယူမှုတွင် ထိုင်းအဖွဲ့ဝင်ရှစ်ဦးပါဝင်ပြီး ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲ ကျေးရွာအသီးအသီးမှ ဒေသခံ  ၆၀ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

အီတာလျှံထိုင်းကုမ္ပဏီမှ လမ်းဖောက်လုပ်ရေးတာဝန်ခံက အဆိုပါ လေ့လာဆန်းစစ်မှုအား ကုမ္ပဏီမှ လုပ်ဆောင်ခြင်းမဟုတ်ပဲ ပညာရှင်များမှ ဆောင်ရွက်နေခြင်းဖြစ်သဖြင့် အခြေအနေမှန် အတိုင်း ဖြစ်စေမည်ဟု ကျေးရွာပြည်သူ လူထုအခြေပြု တည်တံ့ခိုင်မြဲရေးနှင့်ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များနှင့် ပြီးခဲ့သည့်လ (၁၉) ရက်နေ့၌ တွေ့ဆုံသော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

 “ ဒီစစ်တမ်းက လမ်းမဖောက်ခင်၊ ဘာမှ မလုပ်ခင်ကတည်းကလုပ်ရမှာ။ ဒီနေရာမှာ လမ်းစဖောက်နေတာက အရင်နှစ်တွေကတည်းက ကြာလှပြီ” ဟု ခမောင်းသွယ်တိုက်နယ် ကျေးရွာပြည်သူ လူထုအခြေပြု တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးရေးကော်မတီမှ ခေါင်းဆောင်တစ်ဦးက သဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်မှုများကို ယခုမှပြုလုပ်ခြင်းနှင့်ပတ်သက်ပြီးဝေဖန်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဧရိယာအတွင်း ဆောက်လုပ်ရေးကုမ္ပဏီများက ဒေသခံများ၏ မြေယာများကို ပိုင်ရှင်အသိမပေးဘဲ ကျူးကျော်ခြင်း၊ အမှန်တစ်ကယ်တန်ဖိုးထက် နှိမ်၍၀ယ်ယူနိုင်ရန် အာဏာပိုင်များကိုဖိအားပေးစေခြင်းများပြုလုပ်လျှက်ရှိသည်ဟု ဒေသခံများကပြောသည်။

ယခင်က အစိုးရစစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲများဖြစ်လေ့ရှိသည့်နယ်မြေအတွင်း ကရင်ကျေးရွာများအနီးမှ ဖောက်လုပ်ခဲ့ သော အဆိုပါ လမ်းအူကြောင်းမှာ ၉၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဟု အီတာလျှံထိုင်းကုမ္ပဏီ၏ ၂၀၁၁ခုနှစ်ထုတ် အစီရင်ခံစာတစ်ခုတွင် ဖော်ပြခဲ့သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းမှ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင် ပူနမ်လုံ အထိ (၁၀၆ မိုင်) ရှိသော နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလမ်းကို ၂၀၁၅ ခုနှစ်တွင်ဖွင့်လှစ်နိုင်ရန်စီစဉ်ထားပြီး ၂၀၁၇ ခုနှစ်တွင် ရှစ်လမ်းသွားလမ်းမသို့ အဆင့်မြှင့်တင်မည် ဖြစ်သည်။

မဟာမဲခေါင်ဒေသအတွင်းရှိ တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့နှင့် ဆက်သွယ်မည်ဖြစ်သော ၄င်းကုန်သွယ်ရေး လမ်းကြောင်းသစ်တွင် ရထားလမ်း၊ လျှပ်စစ်ဓါတ်အားလိုင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းများပါဝင်မည်ဟု အီတာလျံထိုင်းက အဆိုပြုထားသည်။

မြေအသုံးပြုခွင့် အများဆုံး (၇၅) နှစ်ရရှိမည်ဖြစ်သော ထားဝယ်စီမံကိန်းအား ယခင်တပ်မတော်အစိုးရ နှင့် ထိုင်းနိုင်ငံအစိုးရတို့ ၂၀၀၈ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် ထိုင်းအခြေစိုက် အင်အားကြီးဆောက်လုပ်ရေးကုမ္ပဏီ အီတာလျှံထိုင်းက Max Myanmar Co.ltd နှင့်ပူးပေါင်းကာ Dawei Development Co.ltd အမည်ဖြင့် စတင်အကောင်အထည်ဖော်ခဲ့သည်။

ပြီး//

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...