Friday, March 16, 2012

ဆိုခရေးတီးစ်ရဲ့ ရေစစ်ကလေးများ (အတင်းတုတ်တတ်သူများအတွက်)

by Mails From Freinds on Friday, March 16, 2012 at 10:08am ·
 

BC 469-399 တုန်းက ပေါ်ပေါက်ခဲ့တဲ့ ဂရိပညာရှင်ကြီး ဆိုခရေးတီစ်းဟာ သူ့ရဲ့ ပညာဥာဏ်ထက်မြက်မှု၊ အတွေးအခေါ် ကြီးမားရင့်သန်မှုတွေကြောင့် နိုင်ငံအ၀ှန်းက ချီးကျူးလေးစားခြင်း ခံရသူ ဖြစ်ပါတယ်.. တစ်ရက်တော့ ပညာရှင်ကြီး ဆိုခရေးတီးစ်နဲ့ အလွန်ကို ခင်မင်ရင်းနှီးတဲ့ သူတစ်ယောက်ဟာ သူ့ဆီကို အပြေးအလွှား ရောက်လာပြီး ရေးကြီးသုတ်ပြာနဲ့ “ဆိုခရေးတီစ်း…. အသင်ရဲ့ တပည့်တစ်ယောက်အကြောင်း ကျွန်ပ် ကြားခဲ့တာလေး တစ်ခုကို ပြောပြချင်လို့” လို့ ပြောပါတယ်.ဒီတော့  ပညာရှင်ကြီး ဆိုခရေးတီးစ်က “ခနလောက် စောင့်ပါဦး.. အသင် မပြောခင် ကျွန်ပ် အရင်ပြောပါရစေ” လို့ ပြန်ပြောလိုက်ပြီး “တကယ်လို့ အသင့်အနေနဲ့ ကြားခဲ့တဲ့ စကားကို ကျွန်ပ်ကို ပြောမယ်ဆိုရင် မပြောခင်မှာ ရေစစ်သုံးခုနဲ့ စစ်ထုတ်တဲ့နည်းကို သုံးပြီး အသင်ရဲ့ သတင်းစကားကို အရင် စစ်ဆေးကြည့်ရအောင် ” လို့ ဆက်ပြောပါတယ်။
ဒီတော့ ကြားလာတဲ့ သတင်းစကားကို ပြောမဲ့သူက “ရေစစ်သုံးခု နဲ့ စစ်ထုတ်ကြည့်မယ် ဟုတ်လား ” လို့ နားမလည်နိုင်စွာနဲ့ ပြန်မေးပါတယ်။

ဆိုခရေးတီးစ်က “ ဟုတ်တယ်.. သင်အရင်ဆုံး ကျွန်ပ်ရဲ့ တပည့်အကြောင်း ကျွန်ပ်ကို မပြောခင် အချိန်ခနလေး ယူပြီး ပထမအဆင့်ကနေ စပြီး စစ်ထုတ်ကြည့်ရအောင်။ ပထမဆုံး သင့်ရဲ့ စကားလုံးတွေကို ဖြတ်သန်းရမဲ့ ရေစစ်က “အမှန်တရား” ဆိုတဲ့ အဆင့်ပါဘဲ။ ကဲ အခု သင်ပြောမဲ့ အကြောင်းအရာတွေဟာ လုံးဝ အမှန်တရားတွေပါ။ သေချာပေါက်မှန်ပါတယ်လို့ သင် အာမခံနိုင်ရဲ့လား” လို့ ဆိုခရေးတီးစ်က ထိုသူကို မေးလိုက်ပါတယ်။
“အဲ… ဒါတော့ ကျုပ်အာမ မခံနိုင်ပါဘူး.. ကျုပ်ကလဲ ကျုပ်ကြားလာတာကို သင့်ကို ပြန်ပြောမလို့ပါ.. မှန်တယ် မမှန်ဘူး ဆိုတာတော့ ကျုပ်လဲ သေချာမသိပါဘူး…. ” လို့ ထိုသူက ပြန်ပြောပါတယ်။
“ ကောင်းပြီ။ သင်ပြောမဲ့ စကားဟာ သေချာပေါက် မှန်တယ် မမှန်ဘူးဆိုတာ သင် အာမ မခံနိုင်ဘူးနော်။ ကဲ ဒီလိုဆို ဒုတိယအဆင့်ဖြစ်တဲ့ “ကောင်းသတင်း” ဆိုတဲ့ ရေစစ်နဲ့ ဖြတ်သန်းကြည့်ရအောင်။ သင်ပြောမဲ့ ကျွန်ပ်ရဲ့ တပည့် အကြောင်းဟာ ကောင်းတဲ့ သတင်း တစ်ခုခု ဟုတ်ပါသလား ” လို့ မေးပြန်ပါတယ်။
“ ဟို .. ဟင့်အင်း။ ကောင်းတဲ့ သတင်းလဲ မဟုတ်ပါဘူး… အဲဒါနဲ့ ဆန့်ကျင်တဲ့ သတင်းတွေပါ။” လို့ ပြန်ဖြေပြန်တယ်။
“ဒါဆို သင်ပြောမဲ့ အကြောင်းအရာတွေက မှန်တယ်လို့တောင် သင်ကိုယ်တိုင် သေချာ မပြောနိုင်တဲ့ ကျွန်ုပ် တပည့်ရဲ့ မကောင်း သတင်းတွေပေါ့။ ” ဆိုခရေးတီစ်းက ဒီလိုပြောလိုက်တော့ ထိုသူက ပုခုံးကို တွန့်လိုက်ပါတယ်.. ပြီးတော့ သူ့စိတ်ထဲမှာလည်း ရှက်သလိုလိုတော့ ဖြစ်သွားပါတယ်။
ဆိုခရေးတီးစ်က ဆက်ပြီး “ကောင်းပြီလေ သင့်စကားတွေက ရေစစ်၂ခုနဲ့ စစ်ထုတ်တာကို အောင်မြင်စွာ မဖြတ်သန်းနိုင်ပေမဲ့ နောက်ဆုံးတစ်ဆင့်ကိုတော့ ဖြတ်ချင်ဖြတ်နိုင်မှာပါ။ အခု နောက်ဆုံးရေစစ်နဲ့ စစ်ထုတ်ကြည့်ရအောင်” လို့ ပြောလိုက်ပြီး “နောက်ဆုံးအဆင့်ကတော့ “အသုံးဝင်မှု” ဆိုတဲ့ ရေစစ်ပါဘဲ။ သင်ပြောမဲ့ ကျွန်ုပ်တပည့်ရဲ့ အကြောင်းဟာ ကျွန်ုပ်အတွက်၊ ဒါမှမဟုတ် လာပြောတဲ့ သင့်အတွက် တစ်စုံတစ်ရာ အသုံးဝင်မှု ရှိပါသလား ” လို့ မေးပြန်ပါတယ်။
“အို… အဲဒီလိုလည်း မရှိပါဘူး… သင့်အတွက်ရော ကျုပ်အတွက်ပါ ဘယ်လိုမှ အသုံးဝင်မဲ့ သတင်း မဟုတ်ပါဘူး” လို့ ထိုသူက ပြန်ဖြေလိုက်ပြီးတဲ့အခါမှာတော့ ပညာရှင်ကြီး ဆိုခရေးတီစ်းက “ကဲ.… ကောင်းပြီ .. ဒီလိုဆိုရင် သင် ကျွန်ုပ်ကို ပြောမဲ့ အကြောင်းအရာတွေဟာ မှန်ကန်မှုရှိကြောင်းလဲ မသေချာဘူး၊ ကောင်းတဲ့ သတင်းစကားမျိုးလည်း မဟုတ်ဘူး၊ နောက်ဆုံးမှာ ပြောသူအတွက်ရော နားထောင်သူအတွက်ပါ အသုံးဝင်မဲ့ သတင်းမျိုးလည်း မဟုတ်ဘူး။ ဒီလို သတင်းစကားမျိုးကို ဘာအတွက်ကြောင့်များ အချိန်ကုန်ခံပြီး ပြောချင်ရတာလဲ” လို့ နောက်ဆုံးအနေနဲ့ ပြောလိုက်ပါတော့တယ်။
ဆိုခရေးတီးစ် စကားကိုကြားလိုက်ရတဲ့ သတင်းစကားတွေကို ယူဆောင်လာတဲ့သူဟာ အတော်လေးကို ရှက်သွားပါတော့တယ်.. ပညာရှင်ကြီးရဲ့ ရေစစ်သုံးခုကို ဖြတ်သန်းခြင်းခံလိုက်ရပြီး ပြောခွင့်မသာဘဲ ကျရှုံးသွားတဲ့ သူသယ်ဆောင်လာခဲ့သော “တိကျမှန်ကန်မှု မရှိတဲ့ သတင်း၊ ကောင်းကြောင်း မဟုတ်တဲ့ သတင်း၊ အသုံးဝင်မှု တစ်စုံတစ်ရာ မရှိတဲ့ သတင်းကို” ပြန်လည်ယူဆောင်လို့ လာရာလမ်းအတိုင်း လှည့်ပြန်သွားရပါတော့တယ်.. ဂုဏ်သတင်းကြီးကျယ်မြှင့်မားတဲ့ ပညာရှင်ကြီး ဆိုခရေးတီစ်းကတော့ သူ့ရဲ့ မှန်ကန်တဲ့ တွေးခေါ်မြော်မြင်မှု၊ လက်ကိုင်ထားတဲ့ ခံယူချက်တို့ကြောင့် နာမည် ဂုဏ်သတင်း ပိုလို့သာ ကျော်ဇော ထင်ရှားသွားပါတယ်။

Copy From : http://multivitaminforall.blogspot.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...