အကြောက်တရားများဖယ်ရှားကြ
ကျွန်တော်တို့
နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍
အများပြည်သူလူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စ၊
ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ၊ သဘာဝဘေးဒဏ်ကိစ္စရပ်များအား (အခမဲ့)
ပံ့ပိုးကူညီခဲ့ရာ ၂၀၀၈ ခုနှစ်တွင် အသင်းမှတ်ပုံတင် သက်တမ်းကုန်ဆုံးခဲ့ပြီ
ဖြစ်သည်။ ၂၀၀၈ ခုနှစ်မှစ၍အသင်းမှတ်ပုံတင်အသစ် ပြန်လည်လျှောက် ထားခဲ့သော်လည်း
မှတ်ပုံတင် အသစ်ကို ပြည်ထဲရေးဋ္ဌာနမှ ပြန်လည်ချမှတ်ပေးခြင်း မပြုခဲ့ပေ။
သို့သော် ကျွန်တော်တို့အနေဖြင့် လူသားချင်းစာနာစိတ်ဖြင့်၎င်း
ကူညီဖေးမမှုများကိုစဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်ခဲ့ရာတွင် သဘာဝဘေးဒဏ်
ကယ်ဆယ်ရေးများသွားရောက်ကူညီရာတွင် သက်ဆိုင်ရာမြို့နယ်၊
တိုင်းအစိုးရဋ္ဌာနများမှ တရားမဝင် အဖွဲ့အစည်းအဖြစ်
သတ်မှတ်ကာလုပ်ငန်းဆောင်တာများအား ကြံ့ကြာမှုများ၊ ပိတ်ပင်မှုများ၊ ဟန်တားမှု
များတွေ့ကြုံခဲ့ရသည်။
သို့သော် ကျွန်တော်တို့အနေဖြင့် နိုင်ငံရေးပါတီထောင်ထားသော အဖွဲ့အစည်း မဟုတ်ခြင်း၊ နိုင်ငံတော်အားဖျက်လိုဖျက်ဆီး ပြုလုပ်သူများမဟုတ်ခြင်း၊ နိုင်ငံတော်အစိုးရအားတဖက် တလမ်းမှ ပံ့ပိုးကူညီနေသူများဖြစ်ခြင်း၊ လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ဖြင့် မြတ်စွာ ဘုရား၏ ဗြဟ္မစိုရ်တရားအားလက်ကိုင်ပြု၍ သီလလုံစွာပေးဆပ်နေသော လူမှုရေးသမားများဖြစ်သည်နှင့် အညီ ရဲရဲဝံ့ဝံ့စွန့်လွှတ်စွန့်စားမှုများစွာဖြင့် ပြည်သူလူထုအပေါ် ပေးဆပ်ခဲ့ကြသည်။
သို့ရာတွင် ကျွန်တော်တို့၏ မှတ်ပုံတင်မကျသေးသော၊ တရားမဝင်သေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လာရောက်၍ အသင်းဝင်လိုသောလူမှုရေးသမားလူငယ်/ရွယ်အချို့သည် မိဘအုပ်ထိန်းသူတို့၏ စိုးရိမ်ကြောင့်ကျမှုဖြင့် ထဲထဲဝင်ဝင် အသင်းသားအဖြစ် ဝင်ရောက် လုပ်အားပေးခြင်းတို့ကို မပြုလုပ်နိုင်ခြင်း။ နာရေးကူညီမှုအသင်းမိမိတတ်စွမ်းသောပညာရပ်တို့ဖြင့် ကုသိုလ်ယူလုပ်အားပေးချင်သောဆရာ/မများ၊ ကျန်းမာရေးအတွက် ဇီဝိတဒါနကုသိုလ်ဖြစ်လာရောက်၍ ဆေးဝါးကုသပေးလိုသောဆရာဝန်ကြီးများတို့သည်လည်းတရာဝင်းမှတ်ပုံတင် မကျသေးသည့်အတွက် မိမိတို့၏ လုပ်ငန်းအရပ်ရပ်တို့အား ထိခိုက်မည်ကိုစိုးရိမ်နေခြင်း၊ တရားဝင်မှတ်ပုံတင်မကျသေးသောနာရေးကူညီမှုအသင်း (ရန်ကုန်)အား ပြည်တွင်း/ပမှ ကုသိုလ်ရှင် စေတနာရှင်များ၏ အထောက်အကူပစ္စည်းများ၊ အလှူငွေများကိုကိုယ်တိုင်လာရောက် လှူဒါန်းလိုသော်လည်းအကြောက်တရားဖြင့် ယှဉ်တွဲကာလူကြုံဖြင့် လက်ဆင့် ကမ်း လှူဒါန်းနေခြင်းတို့ကိုများစွာကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်။
ယခု ၁၂.၃.၂၀၁၂ ရက်နေ့တွင် အစိုးရရုံးစိုက်ရာနေပြည်တော်ရှိ ပြည်ထဲရေးရုံးချုပ်မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ကိုင်ခွင့် မှတ်ပုံတင်အား ပြန်လည်ချမှတ်ပေးလိုက်ပြီ ဖြစ်သည်။ သက်တမ်းအားဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြည်သူလူထုတို့အားပေးဆပ်မှုများပြုလုပ်နိုင် တော့မည်ဖြစ်သည်။
ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးလိုသောလူမှုရေးမျိုးဆက်သစ်များလာရောက် ကုသိုလ်ဖြစ် ပညာသင်ကြားလိုသောဆရာ/မများ၊ ဆေးဝါးကုသပေးလိုကြသောဆရာဝန်များ နှင့် လာရောက်လှူဒါန်းလိုသောအလှူရှင်များအားလုံးတို့သည် အကြောက်တရားအား ပြတ်ပြတ်သားသားဖယ်ရှားကာကုသိုလ်ရေးကိစ္စရပ်များအားရဲရဲဝင့်ဝင့် လုပ်ကိုင်နိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ် ပါသည်။

0 comments:
Post a Comment