ပင်လယ်ဖြစ်သွားသော နှင်းပေါက် ပုံပြင်
by Zay Ya on Friday, March 16, 2012 at 1:48pm ·
နှင်းရည်ပျောက် တစ်ပေါက်ဟာ
နေရောင်ကို ပြန်မကောက်တတ်ဘူး။
သူဟာ အတိတ်ကို ပြန်မဆွေးသူ။
သူဟာ အနာဂတ်ကို မတွေးမိသူ။
အချိန်တွေ ရှားပါးခဲ့တဲ့ သူ့မှာ
ပစ္စုပ္ပန် တွေလည်း
နေရာကောင်းကောင်း မရှိခဲ့ဘူးပဲ။
ဖြုန်း - တီး - ပျက် - ရပ်
ဒါဟာ အပ်ကြောင်းထပ်တဲ့ ဖြစ်စဉ်။
အပ်ကြောင်းထပ်တဲ့ စကားလုံး။
လူသူ သိတဲ့ အရာတွေဟာ
လက်ဖျောက်တစ်ချက် မှာလည်း ပျောက်ကွယ်တယ်။
အသက် ဆိုတာ ခဏတိုင်း မှာ သေတယ်။
ဒါကို သတိ တဲ့။
နှင်းရည်ပျောက်လေး ကြွေကျ။
ကမ္ဘာဟာ တိတ်ဆိတ်နေလှပေါ့ကွယ့် ~
ရှည်ကြာခဲ့တဲ့ ဒီနှလုံးဟာ အဲ့ဒီ နှင်းရည်ထဲမှာ ပုန်းနေတယ်။
အပ်ဖျားတစ်ထောက်ရဲ့ ဒဏ်ကို အံကြိတ်၊
ခပ်တိတ်တိတ်ပဲ မျိုသိပ်ထားမယ်။
ခေါင်းမပါဘဲ အသက်ရှင်တာဟာ
ဒီမြေလွှာမှာ နှင်းတစ်ပေါက်သာ ဖြစ်ပါတယ်။
လှည့်ကြည့်စရာ မျက်ဝန်း တစ်စုံ မလိုအပ်ဘူး။
မကြာခဏ ပျက်သုဉ်းကျသွားပါလိမ့်မယ်။
ဆိတ်ငြိမ်ရာမှာ နားနေ -
အေးမြရာကို ပေးဝေ -
လက်ခံချင် နေ ၊ မခံချင် နေ။
သူ့တောမှာ သူ့ဟာသူ
ပန်းတွေ ဝေတယ်။
ငါ ဆိုတာ ဝေးရာမှာ ရှိကြောင်း
အထင် ဟာ အမြင် မဟုတ်ကြောင်း
သူ ဟာ ငါ မဟုတ်ကြောင်း
မေတ္တာ ဆိုတာ ပေါင်းစပ်မှုမှာ တကယ် မရှိကြောင်း
ပါးစပ်အဟောင်းသား နဲ့ တွေ့ရမယ်။
သူပျော်ရင် လိုက်ပျော်
သူငိုရင် လိုက်ငို
အပို အဖြစ်မခံတဲ့
ဒီညရဲ့ ဇာတ် က လှတယ်။
အဲ့အခါ -
ယိမ်းနွဲ့"က" နေတဲ့ ဝါးရုံပင် တစ်ချို့ က
မရိုးမရွ နဲ့ ရယ်ပါတယ်။
...................
March 16th 2012 at 12:30 PM
...................
0 comments:
Post a Comment