Friday, March 9, 2012

မြန်မာ့နိုင်ငံရေး လေ့လာဆန်းစစ်ချက် (၁၉၄၈ မှ ၁၉၈၈) (အခန်း- ၂ အဆက်)

by cherrymyodaw on Saturday, March 10, 2012 at 12:15am ·

(၃) ပမညတအဖွဲ့ဝင်နိုင်ငံရေးပါတီများ

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု
(ပမညတ)
NATIONAL UNITED FRONT (NUF)
၁။ အလုပ်သမား၊ လယ်သမားပါတီ (ဆိုရှယ်နီ)
၂။ တရားမျှတမှုပါတီ
၃။ ပြည်သူ့ဒီမိုကရေစီပါတီ (ဒို့ဗမာအစည်းအရုံး)
၎။ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ
(အမျိုးသားတိုးတက်ရေးပါတီ)
၅။ ပြည်သူ့ညီညွတ်ရေးပါတီ
* ပြည်သူ့တိုးတက်ရေးပါတီ
* ပြည်သူ့ရဲဘော်ပါတီ


ပမညတ

လွတ်လပ်ရေးရအပြီး ကျင်းပသော ပထမအကြိမ်ရွေးကောက်ပွဲ (၁၉၅၁/၅၂)မှ
သင်ခန်းစာများကိုယူပြီး ဖွဲ့စည်းခဲ့သော ညီညွတ်ရေးတပ်ပေါင်းစုဖြစ်သည်။
မူလက ဘကြီးဘဖေ(ဦးဘဖေ)၊ မဟာဗမာအဖွဲ့တို့နှင့်ပူးပေါင်းပြီး
“အတိုက်အခံပေါင်းစုံမဟာမိတ်အဖွဲ့”အဖြစ်ဖွဲ့စည်းခဲ့ကြသည်။ နောက်တော့မှ
လက်ဝဲနွယ်သောပါတီများစုပေါင်းပြီး ပမညတအဖြစ်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

၁၉၅၅ ခုနှစ် နိုဝင်ဘာလတွင် “ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားလွတ်လပ်ရေး
မြှင့်တင်ရေး” ရည်ရွယ်ချက်များဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဒုတိယအကြိမ်ရွေးကောက်ပွဲ(၁၉၅၆)တွင် အမတ်နေရာ ၄၆ နေရာရရှိခဲ့ရာမှ
အဓိကအတိုက်အခံအဖွဲ့အစည်းကြီး ဖြစ်လာသည်။ အထက်တွင်ဖော်ပြခဲ့သော
နိုင်ငံရေးပါတီများအပြင် လူငယ်တပ်ဦး၊ မွန်တိုင်းရင်းသားအစည်းအရုံး၊ ကရင်အမျိုးသားအဖွဲ့၊
ဗမာပြည်အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ်၊ တောင်သူလယ်သမား ညီညွတ်ရေး
အစည်းအရုံး(တလညစ) စသော လူမျိုးစုနှင့် လူထုလူတန်းစားအဖွဲ့အစည်းများလည်း
ပါဝင်သည်။ ပမညတအဖွဲ့ဝင်နိုင်ငံရေးပါတီများအကြောင်း အကျဉ်းမျှဖော်ပြရလျှင်.....

၁။ အလုပ်သမား၊ လယ်သမားပါတီ(ဆိုရှယ်နီ) မှာ
အာဏာရ ဆိုရှယ်လစ်ပါတီမှ ၁၉၅၀ပြည့်နှစ်က ခွဲထွက်လာသောပါတီဖြစ်သည်။
ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်နှင့် သခင်လှကြွေတို့ဦးဆောင်ခဲ့ကြသည်။
ပမညတတွင် အင်အားအကြီးဆုံးပါတီဖြစ်ပါသည်။

၂။ တရားမျှတမှုပါတီ မှာ
တရားရေးဝန်ကြီးဟောင်းဒေါက်တာအေးမောင်ဦးစီးသောနိုင်ငံရေးပါတီဖြစ်သည်။
၁၉၅၈ ခုနှစ်တွင် ပမညတမှထွက်ပြီး သန့်ရှင်းဖဆပလ(နောင်-ပထစ)နှင့် ပူးပေါင်းသွားခဲ့သည်။

၃။ ပြည်သူ့ဒီမိုကရေစီပါတီ (PEOPLE'S DEMOCRACY PARTY- PDP) မှာ
ပထမအကြိမ်ရွေးကောက်ပွဲတွင် “ဒို့ဗမာအစည်းအရုံး” အမည်ဖြင့် ရွေးကောက်ပွဲဝင်ခဲ့သော
ပါတီဖြစ်သည်။ ၁၉၅၆ ခုနှစ် ဒီဇင်ဘာလတွင်မှ သခင်ဗမောင်နှင့် သခင်သင်တို့ဦးဆောင်ပြီး
ပြည်သူ့ဒီမိုကရေစီပါတီအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၆၀ တွင် သခင်ဗမောင်က
ပြည်သူ့ဒီမိုကရေစီပါတီ၊ သခင်သင်က အမျိုးသားဒီမိုကရေစီပါတီ အသီးသီးထူထောင်ခဲ့ကြသည်။

၎။ ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ မှာ
ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်း ဦးဆောင်စုစည်းခဲ့သော အဖွဲ့အစည်းဖြစ်သည်။
ပမညတ ဖွဲ့စည်းပြီးသည့်နောက်တွင် ဤအဖွဲ့ကိုဖျက်ပြီး ဦးအောင်သန်းမှာ
ပမညတသဘာပတိအဖွဲ့တွင် တစ်သီးပုဂ္ဂလအဖြစ် ပါဝင်ခဲ့သည်။
၁၉၅၈ ခုနှစ် ဇူလိုင်လရောက်တော့မှ “အမျိုးသားတိုးတက်ရေးပါတီ”
(NATIONAL PROGRESS PARTY- NPP) အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဥက္ကဋ္ဌ ဦးအောင်သန်း၊ အတွင်းရေးမှူး စာရေးဆရာသခင်မြသန်းတို့ဖြစ်သည်။

၅။ ပြည်သူ့ညီညွတ်ရေးပါတီ (PEOPLE UNITED PARTY) မှာ
ဦးသိန်းဖေမြင့်နှင့် ဗိုလ်ထွန်းစိန်တို့ ဦးဆောင်ခဲ့သောပါတီဖြစ်သည်။ ၁၉၅၈ ခုနှစ်
ပြည်သူ့ရဲဘော်ပါတီ ဥပဒေတွင်းသို့ ရောက်လာသောအခါ ပြည်သူ့ညီညွတ်ရေးပါတီတစ်ခုလုံး
ပြည်သူ့ရဲဘော်သို့ ၀င်ရောက်ခဲ့သည်။

* ပြည်သူ့တိုးတက်ရေးပါတီ (PEOPLE'S PROGRESSIVE PARTY- PPP) မှာ
ဦးအောင်သန်းဦးဆောင်သော “အမျိုးသားတိုးတက်ရေးပါတီ”၊ သခင်သင်နှင့်
သခင်ဗမောင်တို့ဦးဆောင်သော “ပြည်သူ့ဒီမိုကရေစီပါတီ”နှင့်
“ရဲဘော်ပေါင်းစုံထိန်းသိမ်းရေးအဖွဲ့” တို့ ပူးပေါင်း ဖွဲ့စည်းခဲ့သောပါတီဖြစ်သည်။
ဥက္ကဋ္ဌ ဦးအောင်သန်း၊ ဒုဥက္ကဋ္ဌ သခင်ခင်အောင်၊ အတွင်းရေးမှူး ဦးအောင်မြင့်၊
တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်မြင့်တို့ဖြစ်သည်။ အဆိုပါခေါင်းဆောင်လေးဦးအပြင်
စာရေးဆရာသခင်မြသန်း၊ မြသန်းတင့်နှင့် ဦးလှဝင်း(ပခုက္ကူ) တို့လည်း
နိုင်ငံရေးဦးဆောင်(ပေါလစ်ဗျူရို)အဖွဲ့ဝင်အဖြစ်တာဝန်ယူခဲ့ကြသည်။ ၁၉၆၂ ခုနှစ်
တော်လှန်ရေးကောင်စီနှင့် ပတ်သက်ပြီး သဘောကွဲလွဲကြရာမှ ဦးအောင်သန်း၊ ဦးအောင်မြင့်၊
မြသန်းတင့်နှင့် ဦးလှဝင်းတို့ပါတီမှ နုတ်ထွက်ခဲ့ရသည်။ ပမညတအဖွဲ့ဝင်ပါတီတစ်ခု ဖြစ်ပါသည်။

* ပြည်သူ့ရဲဘော်ပါတီ (PEOPLE'S COMMRADE PARTY- PCP) မှာ
ယခင်ပြည်သူ့ရဲဘော်အဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် ၁၉၄၉ ခုနှစ်က ပြောင်းလဲဖွဲ့စည်းခဲ့သော
ပါတီဖြစ်သည်။ ၁၉၅၈တွင် ဥပဒေတွင်းသို့ ရောက်ရှိလာခဲ့ပြီး ပမညတအဖွဲ့ဝင်ပါတီဖြစ်လာသည်။
၁၉၆၂ ခုနှစ် ဒီဇင်ဘာလတွင် ဆိုရှယ်နီနှင့်ပေါင်းပြီး “အလုပ်သမားညီညွတ်ရေးပါတီ”
(UNITED WORKERS PARTY) ထူထောင်ခဲ့သည်။ ပူးတွဲဥက္ကဋ္ဌမှာ ၀ိဓူရသခင်ချစ်မောင်နှင့်
ဗိုလ်အုံးတင်တို့ဖြစ်ပြီး ဗိုလ်မြသွေးက ပထမအတွင်းရေးမှူး၊ ဗိုလ်အောင်နိုင်က
ဒုတိယအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ကြသည်။ ၁၉၆၄ အမျိုးသားစည်းလုံးညီညွတ်ရေး
ကာကွယ်သည့်ဥပဒေထွက်ပေါ်လာသောအခါ ကျန်ပါတီအားလုံး ရပ်နားသွားခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအကြိုကာလတွင် ယခင်ပမညတအဖွဲ့ဝင် နိုင်ငံရေးအင်အားစုများ
စုဖွဲ့မှုအသစ်ဖြင့် အသီးသီးပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။ ၎င်းတို့မှာ-

၁။ ၀ိဓူရသခင်ချစ်မောင်ဦးဆောင်သော
“အမျိုးသားပြန်လည်တည်ဆောက်ရေး၊ ဒီမိုကရေစီတပ်ပေါင်းစု”
၂။ သခင်လွင်နှင့် ဦးအောင်မြင့်တို့ဦးဆောင်သော “ပြည်သူ့ဒီမိုကရေစီပါတီ”
၃။ ဗိုလ်အောင်နိုင်ဦးဆောင်သော “ပြည်သူ့ရဲဘော်ပါတီ”နှင့်
၎။ ဦးခင်မောင်မြင့်ဦးဆောင်သော “ပြည်သူ့တိုးတက်ရေးပါတီ” တို့ဖြစ်သည်။

(၄) တပ်မတော်မှအခြေခံပေါ်ထွက်လာသော နိုင်ငံရေးပါတီများ

တပ်မတော်

အမှန်စင်စစ် တပ်မတော်၏သန္ဓေသားကို စတင်မွေးဖွားပေးလိုက်သည်မှာ
၁၃၀၀ ပြည့်အရေးတော်ပုံကြီးဟု ဆိုနိုင်လိမ့်မည်ထင်ပါသည်။ ဤအရေးတော်ပုံကြီးကို
ဖြတ်သန်းရင်း မြန်မာ့နိုင်ငံရေးအင်အားစုများကြားတွင် အယူအဆတစ်ခု
အခိုင်အမာဖြစ်တည်လာခဲ့သည်။ ““အင်္ဂလိပ်နယ်ချဲ့သမားကို ထိထိရောက်ရောက်နှင့်
ပြတ်ပြတ်သားသားရင်ဆိုင်ပြီး လုံးဝလွတ်လပ်ရေးအရယူဖို့ဆိုလျှင်
အမျိုးသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခု မလွဲမသွေရှိဖို့လိုလိမ့်မည်”” ဆိုသော
ယူဆချက်ဖြစ်ပါသည်။ ဤယူဆချက်ဖြင့်ပင် နိုင်ငံခြားအဆက်အသွယ်ရှာဖွေကြရာမှ
ရဲဘော်သုံးကျိပ်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထိုသည်၏နောက်တွင်မူ
“ဗမာ့လွတ်လပ်ရေးတပ်မတော်” (ဘီအိုင်အေ)၊ “ဗမာ့ကာကွယ်ရေးတပ်မတော်” (ဘီဒီအေ)၊
“ဗမာအမျိုးသားတပ်မတော်” (ဘီအင်အေ)စသဖြင့် အမျိုးမျိုးပြောင်းလဲဖွဲ့စည်းခဲ့ရသည်။
(ဤအပိုင်းနှင့်ပတ်သက်လျှင် ပြည့်စုံလုံလောက်သော သမိုင်းမှတ်တမ်းများရှိပြီးဖြစ်၍
အကျယ်မရေးတော့ပါ)

သည်လိုနှင့် ဖက်ဆစ်တော်လှန်ရေးအကြိုကာလသို့ ရောက်သောအခါ
“ဗမာ့မျိုးချစ်တပ်မတော်” ပီဘီအက်(ဖ)အမည်ဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ
ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် လက်တွဲကာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့
(နောင်-ဖဆပလ)ကိုဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဤအဖွဲ့ကြီး၏ဦးဆောင်မှုဖြင့်ပင်
ဖက်ဆစ်တော်လှန်ရေးကြီးကို အောင်မြင်စွာဆင်နွှဲနိုင်ခဲ့သည်။
တစ်ဖန် ဒုတိယကမ္ဘာစစ်အပြီးတွင် ကန်္ဒီစာချုပ်အရ ဘားမားရိုင်ဖယ်အဖြစ်
ပြောင်းလဲဖွဲ့စည်းခဲ့ရပြန်သည်။ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ကျင်းပပြီးတော့မှသာ
အဆိုပါဘားမားရိုင်ဖယ်ကို ကြားဖြတ်အစိုးရသို့ လွှဲအပ်ပေးခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့ နောက်တွင်ကား လွတ်လပ်သော
ပြည်ထောင်စုမြန်မာနိုင်ငံတော်၏တပ်မတော်ကြီးဖြစ်လာခဲ့ပါသည်။

ဤသမိုင်းကြောင်းကိုကြည့်လျှင်ပင် မြန်မာ့တပ်မတော်မှာ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှု
အဆင့်ဆင့်တွင် သန္ဓေတည်ပြီး ဖက်ဆစ်တော်လှန်ရေးကြီးမှ မွေးဖွားပေးလိုက်သော
လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ထင်ရှားပါသည်။ ဆိုရလျှင် အမျိုးသားနိုင်ငံရေးနှင့်
နီးနီးကပ်ကပ် ဆက်စပ်ပေါ်ထွက်လာသောတပ်မတော်ဟုဆိုနိုင်ပါလိမ့်မည်။
အမှန်စင်စစ် ဤသမိုင်းကြောင်းမှာ မြန်မာနိုင်ငံတစ်ခုတည်းသာမဟုတ် လွတ်လပ်ခါစ
နိုင်ငံအားလုံး၏တူညီသော အခြင်းအရာပင်ဖြစ်သည်။ ထို့ထက်ဆိုရလျှင်
ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံအားလုံးလောက်၏ပြဿနာဟူ၍ပင် ဆိုနိုင်လောက်ပါသည်။
စစ်အတွင်းအမျိုးသားနိုင်ငံရေးလှုပ်ရှားမှုနှင့်အတူ အားကောင်းမောင်းသန်ထွက်ပေါ်လာသော
လက်နက်ကိုင်တပ်ဖွဲ့များနှင့် စစ်ပြီးခေတ်ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို
အဟပ်ညီညီပေါင်းစပ်နိုင်ရေး ပြဿနာဖြစ်သည်။ တစ်နည်းဆိုရလျှင်
“စစ်ဘက် အရပ်ဘက် ဆက်ဆံရေးပြဿနာ” ဖြစ်ပါသည်။

၁၉၅၇ ခုနှစ်ကထုတ်ဝေခဲ့သော ဟားဗတ်ပါမောက္ခ ဆမ်မျူရယ်(လ)ဟန်တင်တန်၏
“တပ်မတော်သားနှင့် နိုင်ငံတော်” (THE SOLDIER AND THE STATE) မှာ
အဆိုပါပြဿနာကို အဖြေရှာနိုင်ရန် ကြိုးပမ်းချက်တစ်ခုပင်ဖြစ်သည်ဟု
ပညာအသိုင်းအ၀ိုင်းမှ ယူဆကြသည်။ သို့တစေ ဟန်တင်တန်၏စာအုပ်မှာ
ဖွံ့ဖြိုးပြီးနိုင်ငံကြီးသုံးခု (အမေရိက၊ ဂျာမနီနှင့် ဂျပန်)ကိုသာ အဓိကထားဆန်းစစ်ခဲ့သည်ဖြစ်၍
လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်မူ သီအိုရီမဲ့လမ်းသစ်ထွင် ရသလိုသာဖြစ်ခဲ့သည်။
မြန်မာ့နိုင်ငံရေးတွင် အဆိုပါသိမ်မွေ့နက်နဲသောအလုပ်ကို ပထမဆုံးတာဝန်ယူခဲ့သူမှာ
ဗိုလ်ချုပ်အောင်ဆန်းဟု ဆိုနိုင်ပါလိမ့်မည်။

စစ်ပြီးခေတ် ဥပဒေတွင်းနိုင်ငံရေးတိုက်ပွဲကို ဦးဆောင်နိုင်ရန်အတွက် ဖဆပလကို
အမျိုးသားတပ်ပေါင်းစုကြီးအဖြစ် ပြန်လည်စုစည်းရာတွင် ဗိုလ်ချုပ်က
လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ဘားမားရိုင်ဖယ်ကိုမပါစေတော့ဘဲ ၎င်းကိုယ်စား
ပြည်သူ့ရဲဘော်အဖွဲ့ကိုသာ ထည့်သွင်းခဲ့သည်။ သူကိုယ်တိုင်လည်း တပ်မတော်မှထွက်ပြီး
ဦးအောင်ဆန်းအဖြစ်သာ ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
တပ်မတော်ကို နိုင်ငံရေးအဖွဲ့အစည်းများနှင့် ကင်းလွတ်သော လွတ်လပ်သည့်
လက်နက်ကိုင်အင်အားစု (PROFESSIONAL ORGAN) အဖြစ် ပုံဖော်နိုင်ရန်
ပထမဆုံးအားထုတ်မှုဟု သဘောရပါသည်။

ပြောကြစတမ်းဆိုလျှင် တပ်မတော်ကိုနိုင်ငံရေးဇာတ်သွင်းခဲ့ကြသူများမှာ
နိုင်ငံရေးပါတီများကိုယ်တိုင်ပင်ဖြစ်သည်။ ပထမ- ကွန်မြူနစ်ပါတီ၊
နောက်- ဆိုရှယ်လစ်ပါတီတို့ဖြစ်သည်။ သို့နှင့်အမျှ ကနဦး တပ်မတော်တွင်
ကွန်မြူနစ်တပ်မှူးများ၊ ဆိုရှယ်လစ်တပ်မှူးများ ရှိသလောက်ရှိနေခဲ့သည်။
လွတ်လပ်ရေးရအပြီး သုံးလမျှမရှိသေးခင်မှာပင် အဆိုပါကွန်မြူနစ် ဆိုရှယ်လစ်ပဋိပက္ခမှ
ပြည်တွင်းစစ်အထိ အခြေအနေဆိုးသွားခဲ့ရာ တပ်မတော်မှာလည်း ပြည်တွင်းစစ်နောက်ခံ
နိုင်ငံရေးနှင့် မလွဲမရှောင်သာ ဆက်စပ်ပတ်သက်လာရတော့သည်။ ပြည်တွင်းစစ်ကြောင့်ပင်
တပ်မတော်တွင်း ညီညွတ်ရေးကို ထိခိုက်ခဲ့ရသည်များရှိသည်။

မည်သို့ပင်ရှိစေ ၁၉၄၈-ဗကပ တောခိုချိန်တွင် တစ်ကြိမ်၊ ၁၉၄၉ တပ်မတော်အစိတ်အပိုင်းအချို့
တောခိုချိန်တွင် တစ်ကြိမ်၊ ကွန်မြူနစ်တပ်မှူးများ တပ်မတော်နှင့် ကင်းကွာသွားခဲ့သည်။
တစ်ဖန် ၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် ဆိုရှယ်လစ်အနွယ် တပ်မှူးအချို့ကို
တပ်မတော်မှဖယ်ရှားနိုင်ခဲ့သည်။ သို့နှင့်တိုင် ၁၉၆၂ သို့ရောက်သောအခါ တပ်မတော်မှပင်
“တော်လှန်ရေးကောင်စီ” ဖွဲ့ပြီး နိုင်ငံတော်တာဝန်အရပ်ရပ်ကို ယူခဲ့ပြန်သည်။
ထိုသည်၏နောက်တွင် တော်လှန်ရေးကောင်စီကို အခြေခံပြီး “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” ကို
ဖွဲ့စည်းကာ နိုင်ငံတော်၏ တစ်ခုတည်းသော ဦးဆောင်ပါတီအဖြစ် ဆက်လက် တာဝန်ယူစေခဲ့သည်။

၁၉၈၈ အရေးအခင်းနောက်ပိုင်းသို့ ရောက်သောအခါ တပ်မတော်မှပင်
“နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့” ကို ဖွဲ့စည်းကာ နိုင်ငံတော်တာဝန်ကို
ဆက်လက်ယူခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင် တပ်မတော်သားများကိုလည်း
ပါတီမှနုတ်ထွက်စေခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှ
“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ” (တ.စ.ည) အဖြစ် ပြန်လည်ဖွဲ့စည်းကာ
တပ်မတော်နှင့် မသက်ဆိုင်သော အရပ်ဘက်နိုင်ငံရေးပါတီတစ်ခု ဖြစ်လာပြီး
၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့သည်။ ထို့နောက် တစ်ဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု
တည်ဆောက်ရေးအဖွဲ့ကို ဆက်ခံသော “နိုင်ငံတော်အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ” က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်
အတည်ပြုစေကာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ဤတွင် တပ်မတော်ခေါင်းဆောင်များ၊
နာယကမူဦးဆောင်ခဲ့ကြသော ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့မှာ
နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်များကိုလည်း
တပ်မတော်မှ အနားယူစေခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းစတင်ခဲ့သည့် သီးခြားလွတ်လပ်သော
တပ်မတော်ဖြစ်စေရေး ကြိုးပမ်းမှု၏ နောက်ထပ်ခြေလှမ်းများဟု သဘောရပါသည်။
သို့တစေ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကိုမူ ၂၀၀၈ ခုနှစ်
ဖွဲ့စည်းပုံဥပဒေဖြင့် အတည်ပြုထားသည်။

ဆိုခဲ့ပြီးသော တပ်မတော်နှင့် နိုင်ငံရေးတို့၏ ပူးတုံခွာတုံဖြစ်စဉ်ကြီးကို ပြောင်းလဲလာသော
ကမ္ဘာ့ရေစီးကြောင်းများနှင့် ဆက်စပ်ကြည့်မြင်ဖို့လိုလိမ့်မည်ဟု သဘောရပါသည်။
စစ်အေးတိုက်ပွဲ အထွတ်အထိပ်ကာလ (၁၉၆၀ ၀န်းကျင်) က စတင်ခဲ့သော
MILITARIZATION OF POLITICS TREND နှင့် စစ်အေးအပြီး (၁၉၉၀ ၀န်းကျင်) တွင်
စတင်ဖြစ်တည်လာသော DEMILITARIZATION OF POLITICS TREND တို့ဖြစ်ပါသည်။
ယနေ့မြန်မာ့နိုင်ငံရေးမှာ ဒုတိယရေစီးကြောင်း နောက်ခံတွင် ပေါ်ထွက်လာခြင်းဖြစ်မည်ထင်သည်။

နိုင်ငံရေးခေါင်းဆောင်အချို့

ယခုစာတမ်း၏ ယေဘုယျကာလသတ်မှတ်ချက် (၁၉၄၈-၁၉၈၈) အတွင်း
မြန်မာ့နိုင်ငံရေးကို ဦးဆောင်ပုံဖော်ခဲ့ကြသူ အားလုံးလောက်မှာ ယခုအခါ
သက်ရှိထင်ရှားမရှိကြတော့ပါ။ လူပုဂ်္ဂိုလ်အနေနှင့် သူတို့တစ်ဦးချင်းစီတွင် အားနည်းချက်၊
အားကောင်းချက်၊ အမှားပိုင်း-အမှန်ပိုင်းများရှိနိုင်ကြသည့်တိုင် သူတို့အားလုံးမှာ
မြန်မာ့လွတ်လပ်ရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းခဲ့ကြသူများချည်းဖြစ်ပါသည်။
သို့အတွက် အဆိုပါခေါင်းဆောင်ကြီးများကို ပုဂ်္ဂိုလ်ရေးတိုက်ခိုက်မှုသဘော
မသက်ရောက်စေဘဲ ခေါင်းဆောင်မှုအကောင်းအဆိုးကို အကဲဖြတ်သုံးသပ်သည်ကသာ
အနာဂတ်အတွက် အကျိုးများပါလိမ့်မည်။

ဤအမြင်၊ ဤအတွေးနှင့်ပင် မြန်မာ့နိုင်ငံရေးခေါင်းဆောင်အချို့ကို စာရေးသူ
ဥာဏ်မီသလောက် အကျဉ်းမျှတို့ထိကြည့်ပါမည်။

မြန်မာ့နိုင်ငံရေးခေါင်းဆောင်အများစု (ပြောရလျှင် အားလုံးလောက်) မှာ သူတို့တစ်တွေ၏
ကနဦးနိုင်ငံရေးဘ၀အစလောက်က လက်ဝဲနိုင်ငံရေးအယူအဆ မက်(စ်)၀ါဒ အပေါ်
သူ့အတိုင်းအတာနှင့်သူ စိတ်ညွှတ်ခဲ့ကြဟန်ရှိပါသည်။ သူတို့အထဲမှ သခင်စိုး၊
သခင်သန်းထွန်းတို့ဆိုလျှင် လက်ဝဲအိုင်ဒီအိုလိုဂျီ ဆရာကြီးများအဖြစ်ပင် ထင်ရှားခဲ့ကြသည်။
သို့တိုင်အောင် တရားသေ၀ါဒကိုမူ သူတို့နှစ်ယောက်လုံး မကျော်လွှားနိုင်ခဲ့ကြပါ။
သဘောတရားရေးအရာတွင် သူတို့လောက်နာမည်မကြီးလှသည့်တိုင် သခင်အောင်ဆန်း၏
အားကောင်းချက်မှာ တရားသေ၀ါဒကို ရှောင်နိုင်ပြီး လက်တွေ့ကျကျ
ဦးဆောင်နိုင်စွမ်းဖြစ်လိမ့်မည်ထင်ပါသည်။ အထူးသဖြင့် စစ်ပြီးခေတ်
လွတ်လပ်ရေးကြိုးပမ်းမှုကာလ (၁၉၄၅-၄၈) တွင် သူ၏လက်တွေ့ကျသော ဦးဆောင်မှုကို
ထင်ထင်ရှားရှား တွေ့ရသည်။

နဂါးနီစာပေအသင်းကြီးကို စတင်တည်ထောင်သူတစ်ဦးဖြစ်သည့်တိုင် သခင်နု (ဦးနု) မှာ
အိုင်ဒီအိုလိုဂျီသမားတစ်ဦးမဟုတ်ဟု သဘောရပါသည်။ “ကိုယ်ရည်ကိုယ်သွေး”
(PERSONALITY) ဖြင့် နိုင်ငံရေးလုပ်သူဟုမြင်သည်။ ထိုခေတ် လက်ဝဲလိုလားသူ
လူငယ်များကြားတွင် “ကိုကြီးနု” အဖြစ် အားလုံးက တလေးတစားနေရာပေးခဲ့ရသူဖြစ်ရာ
မြန်မာခေါင်းဆောင်များကြားတွင် ကိုယ်ရည်ကိုယ်သွေး အမြင့်ဆုံးဟူ၍ပင် ဆိုရမလိုရှိသည်။

လွတ်လပ်ရေးခေတ်ဦးတွင် အာဏာရပါတီဖြစ်လာသည့် ဆိုရှယ်လစ်ပါတီခေါင်းဆောင်စုထဲတွင်
(လက်ဝဲအသိုင်းအ၀ိုင်းကြား) လူမုန်းအများဆုံးဖြစ်ဖွယ်ရှိသည်မှာ ဦးကျော်ငြိမ်းဖြစ်ပါလိမ့်မည်။
ဤသို့ဖြစ်ရသည်မှာ သူတာဝန်ယူရသော “ပြည်ထဲရေးဝန်ကြီး” အလုပ်နှင့်လည်း ဆိုင်ပါလိမ့်မည်။
ထို့ထက် စစ်အေးခေတ်နိုင်ငံတကာ အခင်းအကျင်းနှင့် ပြည်တွင်းစစ်နောက်ခံတို့ဖြင့်လည်း
ဆက်စပ်စဉ်းစားဖို့လိုပါလိမ့်မည်။ သို့တစေ ဆိုရှယ်လစ်ခေါင်းဆောင်များထဲတွင် ဦးကျော်ငြိမ်းမှာ
လေ့လာအားအကောင်းဆုံး၊ အထက်မြက်ဆုံး ဖြစ်သည်ကိုမူ (လိုလားသူရော၊ မလိုလားသူများကပါ)
သိမှတ် လက်ခံကြပါသည်။ ဦးကျော်ငြိမ်းမှာ သူတို့ခေတ်ခေါင်းဆောင်အများစုလို မက်(စ်)၀ါဒီမဟုတ်။
စွဲမြဲသော ဆိုရှယ်ဒီမိုကရက်တစ်ဦးဖြစ်သည်။ နောက်ထပ်ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးဗဆွေကမူ ဦးကျော်ငြိမ်းလိုမဟုတ်။ လူချစ်လူခင်များသည်။ မူလက လက်ဝဲအယူအဆလိုလားသူ၊
နောက် ဗုဒ္ဓဘာသာဆိုရှယ်လစ်၊ နောက်ဆိုရှယ် ဒီမိုကရက်၊ အယူအဆရေးရာတွင် စွဲမြဲဟန်မရှိ။
သို့သော် ဂိုဏ်းဂဏအနည်းဆုံးဆိုရှယ်လစ်ခေါင်းဆောင်ဟု ယူဆကြသူများရှိသည်။
အရှိကိုအရှိအတိုင်း မြင်တတ်သူဟုလည်း ဆိုသည်။

၁၉၆၂ နောက်ပိုင်းမှစ၍ အဓိကဦးဆောင်မှုတာဝန်ယူခဲ့သူမှာ ဗိုလ်ချုပ်ကြီးနေ၀င်းဖြစ်ပါသည်။
သို့နှင့်အမျှ အဝေဖန်ခံရဆုံး ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့သည်။ သို့နှင့်တိုင် ဦးနေ၀င်း၏
နိုင်ငံရေးဘ၀ကို အကဲဖြတ်ရာတွင် သူဖြတ်သန်းခဲ့ရသော ခေတ်ရေစီးများနှင့်
ဆက်စပ်ကြည့်မြင်ပါမှ မျှတလိမ့်မည်ထင်ပါသည်။ ၁၉၄၀ ပြည့်လွန်နှစ်များမှ စတင်ခဲ့သော
“လက်ဝဲလှိုင်း” (LEFT WING POLITICAL WAVE) နှင့် ၁၉၆၀ ပြည့်နှစ်ဝန်းကျင်တွင်
ပေါ်ထွက်လာသော “နိုင်ငံရေးကို စစ်ဘောင်သွင်းသည့် တူရူချက်” (MILITARIZATION
OF POLITICS) တို့ဖြစ်သည်။

ခေတ်ပြိုင်ထင်မြင်ချက်များ

ဆိုခဲ့ပါခေါင်းဆောင်များ၏ စိတ်သဘာဝနှင့် နိုင်ငံရေးဘ၀ကိုဆ၀ါးနိုင်ရန် သူတို့ခေတ်ပြိုင်များ၏
ထင်မြင်ချက်အချို့ကို လက်လှမ်းမီသမျှ စုစည်းဖော်ပြလိုက်ပါသည်။ ဤနေရာတွင်
ထင်မြင်ချက်ပေးသူများ၏ နိုင်ငံရေးရပ်တည်ချက်နှင့် ယှဉ်တွဲဆင်ခြင်စေလိုသည်။
ပြီးပြည့်စုံသော ရုပ်ပုံလွှာမဟုတ်သည်ကိုလည်း သတိချပ်စေချင်သည်။

- ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်း
ဗိုလ်ချုပ်အောင်ဆန်းမှာ ကိုယ်တွင်းသံလိုက်ဓာတ်အလွန်ကောင်းသောသူဖြစ်သည်။
သူစိမ်းတစ်ရံဆံထဲက သူနှင့်တွေ့ရလျှင် အကျကြီးကျသွားသူသာများလေသည်။
သခင်သန်းထွန်းမှာ အစီအမံ အခန့်အခွဲကောင်းသည်။ အပင်ပန်းလည်းခံနိုင်၏။
ကိစ္စတစ်ခုမပြီးမချင်း ဇွဲကောင်းကောင်းနှင့် လိုက်တတ်၏။ ဂျပန်တော်လှန်ရေး၏
အဓိကဖြစ်သော ကရင် ဗမာချစ်ကြည်ရေးအတော်အတန်ခရီးရောက်အောင်
ထမြောက်အောင်မြင်ခဲ့သည်မှာ ဤသံလိုက်ဓာတ်နှင့် ဤဦးနှောက်တို့၏ကျေးဇူးကြောင့်
ဟုဆိုလျှင်မမှားနိုင်ပေ။
ဦးနု (ငါးနှစ်ရာသီ ဗမာပြည် - မှ)

- သခင်စိုးနှင့် သခင်သန်းထွန်း
သခင်စိုးက စကားလုံးအသစ်တီထွင်၍ မက်(စ်)၀ါဒကို ခံ့ညားစေသော စာကြီးပေကြီး
ပိဋကတ်စာပေ ဖြစ်အောင်လုပ်ပေး၏။ သခင်သန်းထွန်းကား ဆိုရှယ်လစ်ဝါဒကို
မြန်မာပြည်၊ ကမ္ဘာစသည်တို့နှင့်ယှဉ်ကာ လူအများနားလည်အောင် ပြောပြသူဖြစ်၏။
ဒဂုန်တာရာ(ရုပ်ပုံလွှာမှ)

- သခင်အောင်ဆန်းနှင့် သခင်နု
သခင်အောင်ဆန်းနှင့် သခင်နုမှာ မတူဟုထင်သည်။ သခင်အောင်ဆန်းမှာ
တစ်နေ့လုံးနေပူကြီးထဲတွင် တကုပ်ကုပ်နိုင်ငံရေးတိုက်ပွဲများကို လုပ်ပြီးနောက် ညတွင်
နိုင်ငံရေးနှင့် ပတ်သက်သော ထမင်းလုံးတစ္ဆေအိပ်မက်များနှင့် နပန်းလုံးနေခိုက်
သခင်နုကား နိုင်ငံရေးမှအားလပ်သည့်အခါ နိုင်ငံရေးဖိုင်တွဲကြီးကို ခေါင်းအုံးရင်း
ရေဒီယိုမှ မေရှင်၏ “မြပန်းဝတ်လွှာ” တေးသံလေးတွင် ငြိမ့်၍နေချင်နေပေမည်။
ဒါမှမဟုတ် ကဗျာတေးတစ်ပုဒ် ကာရန်တစ်ခုကို စိတ်ကူးချင် ကူးနေပေမည်။
ဒဂုန်တာရာ (ရုပ်ပုံလွှာ - မှ)

- ဦးကျော်ငြိမ်း
ဦးကျော်ငြိမ်းသည် အတွေးသမားဖြစ်၏၊ စာပေ၌မွေ့လျော်၏၊ ဘာသာရပ်မျိုးစုံနှင့်ပတ်သက်သော
စာပေတို့ကို ဖတ်ရှုတတ်၏။ သူ့အိမ်ရှိ စာအုပ်ဗီရိုကြီးများထဲတွင် စာအုပ်တွေ အပြည့်အကျပ်ရှိ၏။
သူအိမ်ဝင်းထဲတွင်လည်း တဲထိုးကာ စာကြည့်ခန်းတစ်ဆောင်ဆောက်၍ ထားသည်ကို
ကျွန်တော်တစေ့တစောင်း ကြည့်၍မြင်တွေ့ခဲ့ရ၏။ ဦးကျော်ငြိမ်း၏ အတွေးအခေါ်အယူအဆတို့မှာ
ပွင့်လင်းပြတ်သား၏။ အာရှဆိုရှယ်လစ်ဗျူရို ညီလာခံကို ၁၉၅၄ ခုနှစ်က ကလောမြို့၌ ကျင်းပစဉ်
(ကျွန်ုပ်တို့ဆိုရှယ်လစ်များသည် ရှေးရိုးသမားစဉ်အတိုင်းသာ ၊ အနောက်နိုင်ငံများမှ
နယ်ချဲ့သမားကြီးတို့ကို အာရုံစိုက်၍မနေကြသင့်။ ဆိုဗီယက်ရုရှားသည်လည်း
ခေတ်သစ်နယ်ချဲ့ သမားကြီးဖြစ်သည်။ ဆိုဗီယက်နယ်ချဲ့နည်းမှာ ပို၍ပင်ဗြောင်ကျ
အတင့်ရဲသဖြင့် ပို၍ကြောက်စရာကောင်းသေးသည်) ဟု ဖွင့်ချသဖြင့်
ဆိုရှယ်လစ်လောကနှင့် ကမ္ဘာ့နိုင်ငံရေးရပ်ကွက်များတွင် အတော်ပင်တုန်လှုပ် ချောက်ချားသွားခဲ့ဖူး၏။
ဒေါက်တာမောင်မောင် (သက်ရှိရာဇ၀င် - မှ)

- ဦးဗဆွေ
ဦးဗဆွေသည်မြန်မာခေါင်းဆောင်လူငယ်များအနက်မှ များစွာသော သူတို့ထက် ပို၍နက်နဲသည်။
အတွေးကောင်း၍ စွမ်းအားရှိသည် ဟု ကျွန်တော်ထင်သည်။ သူသည်လူထုနှင့် ရင်းနှီး၏။
မြန်မာလူထု၏ အကြောကို သိ၏။ လူထုက ဘာတွေကိုလက်ခံ၍ ဘာတွေကို လက်မခံဆိုတာ သိ၏။
မြန်မာပြည်တွင် ဘာတွေ မှားယွင်းနေသည်၊ ချို့ယွင်းနေသည် ဆိုတာကိုလည်း သူထင်ရှားစွာ သိမြင်၏။
ထိုအဓိက အမှား၊ အဓိကချို့ယွင်းချက်များဘာတွေဖြစ်သနည်း ဟု သူ့ကိုမေးလျှင်
ဦးဗဆွေက ယခုလိုဖြေပါလိမ့်မည်။ (ကျုပ်တို့ မြန်မာတွေဟာ အားလုံးပဲ ဘ၀င်မြင့်နေကြတယ်။
ကျောင်းသားတွေက စာမဖတ်ချင်ကြတော့ဘူး။ နိုင်ငံရေးသမားကြီးတွေဖြစ်နေတာပဲ။
အစိုးရအမှုထမ်း အရာထမ်းတွေရော၊ စစ်သားတွေရော၊ ဒီလိုချည်းဖြစ်နေတာပဲ)
ဗြိတိသျှသတင်းစာဆရာ “၀ုဒရောဝိုင်ယတ်”
(၁၉၄၉ မတ်လ ၁၂ ရက်ထုတ် “နယူးစတိတ်မင်းအင်နေးရှင်း” ဂျာနယ် - မှ)

- ဦးနေ၀င်း
““ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရတရားတွေ၊ အနိစ္စ၊ အနတ္တတရားတွေကို
ဒီနေ့သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လကိစ္စကို
ကိုယ်မလုပ်ခဲ့ပါဘူး ...””
(ဦးနေ၀င်းမှ ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) ကို ၁၉၉၅ ဇူလိုင် ၂၆ ရက်ကပြောခဲ့သောစကား)
(တရံရောအခါများ - မှ)

(ကျော်ဝင်း)
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...