Tuesday, March 13, 2012

သင်းကွပ်ကြက်

by Nine Nine Sanay @ နိုင်းနိုင်းစနေ on Tuesday, March 13, 2012 at 9:24pm ·
 
 သင်းကွပ်ကြက်နှင့် သင်းမကွပ်ကြက် (အမောက်ကြီးသောကြက်မှာ သင်းမကွပ်ကြက်ဖြစ်သည်)

အခုရေးမဲ့ အကြောင်းအရာက မြန်မာလူမျိုးကြားမှာ အကြည့် အတိမ်းအစောင်း၊ အတွေးအခေါ် အရွဲ့အစောင်းလေးတွေ ရှိတတ်မှန်းသိပေမဲ့ ဗဟုသုတအလိုငှာ ချရေးလိုက်ပါတယ်။ ကျွန်မတို့ နှစ်သစ်ကူးပွဲနဲ့ ပတ်သက်တဲ့ အဘိုးအဘွားလက်ထက်က ပြုလုပ်ခဲ့ဖူးတဲ့ အကြောင်းအရာတစ်ခုကို အမှတ်တရအဖြင့် ချန်ထားခဲ့ချင်တဲ့ ဆန္ဒတစ်ခုတည်းပါ။ မြန်မာစာက အဓိပ္ပာယ်ကြွယ်ဝတာကြောင့် ကျွန်မသုံးနှုန်းထားတဲ့ စကားလုံးတွေ ရိုင်းစိုင်းခဲ့ရင် ကျွန်မရဲ့ညံ့ဖျင်းမှုပဲဖြစ်ကြောင်း ခွင့်လွတ် နားလည်ပေးစေချင်ပါတယ်။


ဘာရယ်တော့ ထွေထွေထူးထူး မဟုတ်ပါဘူး။ မနှစ်က နှစ်သစ်ကူးအကြောင်းကို ပြန်ဖတ်ကြည့်တော့ ဒီလိုလေးရေးထားတာကို တွေ့လိုက်မိတယ်။ “အဘွားနဲ့အဖေ သင်းထားတဲ့ ကြက်ဖ ဆူဆူဖြိုးဖြိုးတွေကို ခြင်းထဲ ဖမ်းထည့်ပြီး တောင်ကြီးဈေးမှာ လာရောင်းပါတယ်။ (နောက်မှ အဲဒီကြက်ဖကို သင်းတဲ့ အကြောင်းရေးအုံးမယ်)” လို့ ရေးခဲ့မိတာကြောင့် ကြက်ဖကိုသင်းတဲ့အကြောင်း အခုလိုချရေးဖြစ်ပါတယ်။

တစ်ခြား တိရိစ္ဆာန်တွေကို မျိုးမပွားဖို့အတွက် သင်းကွပ်တာကို ကြားဖူးကြပေမဲ့ ကြက်ကိုသင်းတာတော့ လူအနည်းငယ်လောက်သာ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကျွန်မတို့ အဘိုးအဘွားတွေက ကြက်ကိုသင်းကွပ်ရတယ်ဆိုတာကို ဘယ်ကနေဘယ်လို သိတတ်သင်ယူခဲ့မှန်း မသိပါဘူး။ ကျွန်မ မှတ်မိတတ်စ အရွယ်ကတည်းက ရွာကို အဘွားဆင်းဆင်းလာပြီး နှစ်သစ်ကူးမှာရောင်းဖို့ ကြက်တွေကို သင်းကွပ်ပေးတယ်။ သင်းကွပ်ပါတယ်ဆိုမှတော့ ကြက်ဖတွေပေါ့နော်။

သင်းကွပ်ရတဲ့ ကြက်အရွယ်က ကြက်သန်းအရွယ်ပါ။ အရွယ်ရောက် မရောက်ကို ကြက်ခြေထောက်နားက ကြက်အတက်ကို ကြည့်ရပါတယ်။ အတက် အရမ်းရှည်နေတဲ့ကြက်ကိုသင်းရင် သေလွယ်တဲ့အတွက်ကြောင့် ကြက်အတက် လက်တစ်ဆစ်ရဲ့တစ်ဝက်လောက်ရှိတဲ့ ကြက် ဒါမှမဟုတ် အတက်အဖုလေးတွေ့ရတဲ့ ကြက်ကိုသင်းရပါတယ်။ ညကတည်းက ဖမ်းလှောင်ထားတဲ့ ကြက်သန်းပျိုတွေကို အဘွားက မနက်ဝေလီဝေလင်းမှာ သင်းကွပ်ပါတယ်။ အမြီးအောက်က စအိုနဲ့နီးတဲ့နေရာမှာ ဓားပါး (မုတ်ဆိတ်ရိတ် ဓား)နဲ့ ခွဲရတာကြောင့် မနက်ဆိုရင် အနာသက်သာအောင်လို့ ထင်ပါတယ်။

သင်းကွပ်မဲ့ကြက်ကို အဘွားက ခြေနှစ်ချောင်းကြားမှာ စောက်ထိုးညှပ်လိုက်တယ်။ ကျွန်မက ကြက်မရုန်းအောင် ကြက်ခြေထောက်တွေကို ကိုင်ထားပေးရတယ်။ စအိုအောက်နားလေးမှာ ဓားနဲ့ တစ်လက်မလောက် (လက်နှစ်လုံးဝင်စာ) ခွဲပြီး သေချာဆေးထားတဲ့ လက်နဲ့ အဘွားက နိုက်ပါတယ်။ ဟိုစမ်း ဒီစမ်းနဲ့ ခဏအကြာမှာ အဘွားလက်ထုတ်လာရင် လက်သန်းလောက်ရှိတဲ့ ဖြူဖြူအစေ့လေး (ပဲတောင့်ရှည်ရဲ့ အစေ့သဏ္ဍာန်) ပါလာပါတယ်။ (သင်းကွပ်ပါတယ်ဆိုမှ ကျွန်မကို ဘာအစေ့လို့ ခေါ်သလဲ မမေးနဲ့ပေါ့နော်)

ကြက်ကြီးရင် အစေ့ကြီးပြီး ကြက်နုရင် အစေ့သေးပါတယ်။ ကြက်နုလွန်းရင် အစေ့ကို စမ်းမရဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြက် မကြီးလွန်း မသေးလွန်းတဲ့အရွယ်မှာ သင်းကွပ်တာ အကောင်းဆုံးပါ။ အစေ့က နှစ်စေ့ရှိပြီး လခြမ်းပုံသဏ္ဍာန်ပါ။ အစေ့နှစ်စေ့လုံး လုံးဝထွက်လာပြီဆိုရင် ခွဲထားတဲ့နေရာကို ချုပ်ရပါတယ်။ ချုပ်ပြီး ကြက်ကို ရေတိုက်၊ စောက်ထိုးကြီး ညှပ်ထားတာမို့ အထက်အောက်သမအောင် လှုပ်ပေးပြီး လွတ်ပေးလိုက်တယ်။

ကြက်သင်းတဲ့အခါမှာ အချိန်ကြာနေလို့ မဖြစ်ပါဘူး။ ဒါကတော့ လူတိုင်းသိပါတယ်။ အချိန်ကြာရင် သွေးလွန်ပြီး ဒါမှမဟုတ် ဗိုက်ထဲလေတွေဝင်ပြီး သေသွားတတ်လို့ပါ။ အဘွားပြောပြတာက အစေ့က ကြက်ရဲ့နောက်ကျောနေရာမှာ ကပ်နေတယ်လို့ ဆိုပါတယ်။ ကြက်သားစားတဲ့အချိန် သတိထားမိကြမှာပါ။ ကြက်ဖသားကို စားမိတယ် ဆိုရင်ပေါ့။

ကြက်(၁၀)ကောင် သင်းကွပ်ရင် ၁၀ကောင်လုံး မအောင်မြင်နိုင်ပါဘူး။ တစ်ချို့က သေသွားတတ်သလို တစ်ချို့က ဘယ်လိုပြောမလဲ.. အခြောက်ဖြစ်သွားတယ် ခေါ်ရမလား...ခြောက်သွားတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အချိန်လွန်သွားလို့ အစေ့နှစ်စေ့မှာ တစ်စေ့ပဲထုတ်မိတာတို့၊ အစေ့ကိုလက်နဲ့ကုတ်မိပြီး တစ်ခြမ်းပဲ့ကျန်ခဲ့တာတို့ ဖြစ်ရင် အဲဒီကြက်က အခြောက်ဖြစ်သွားတယ်။

သင်းကွပ်လုံးဝ အောင်မြင်သွားတဲ့ကြက်က ကြက်အမတွေနဲ့ အတူမနေတော့ပါဘူး။ သီးသန့်နေပါတယ်။ ဒါကြောင့် သင်းထားတဲ့ ကြက်ဖက တစ်နေ့တစ်ခြား ဝဝလာပြီး တစ်နှစ်လောက်မွေးထားရင် တစ်ကောင်ကို နှစ်ပိဿာကျော်၊ သုံးပိဿာအထိ ရှိနိုင်တယ်။ တရုတ်တွေ တအားမျက်စိကျတဲ့ အရောင်အသွေးစုံ အတောင်ပံတွေနဲ့ ကြက်ဝတုတ်ကြီးကို နှစ်သစ်ကူးအချိန်မှာ ရောင်းရင် ဈေးပိုရတယ်။ တစ်ခြားရိုးရိုးကြက်တွေထက် သူက ဈေးပိုရတာကြောင့် အဘွားရှိတုန်းက တရုတ်နှစ်သစ်ကူးအတွက်ဆိုပြီး စီးပွားအဖြင့် သင်းကွပ်ကြက်တွေကို အုပ်လိုက် မွေးမြူခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဘွားက ရွာမှာတစ်ဦးတည်းသော သင်းကွပ်ကြက်ရောင်းသူပါ။ အဘွား မျက်စိမွဲလို့ ကြက်တွေကို မချုပ်နိုင်တော့တဲ့အခါ ကျွန်မ အဖေက အဲဒီအမွေကို ဆက်ခံပါတယ်။ အဖေကတော့ စီးပွားအဖြင့် မမွေးခဲ့ပါဘူး။ အိမ်စားဖို့အတွက်ပဲ မွေးခဲ့ပါတယ်။

သင်းကွပ်အောင်မြင်တဲ့ ကြက်ဖရဲ့ အမောက်က မကြီးတတ်တော့သလို အောက်အီးအီးအွတ်လဲ မအော်တတ်တော့ပါဘူး။ မအောင်မြင်တဲ့ အကောင်တွေရဲ့အမောက်က မကြီးမငယ်ဖြစ်နေတတ်တယ်။ မကြီးမငယ်ဆိုတာ ပုံက ကြက်ဖလောက်လဲမကြီး ကြက်အမတွေလောက်လဲ မငယ်တဲ့ အမောက်ပေါ့။ ဒါကြောင့် သင်းကွပ်ကြက်စစ်မစစ် အမောက်ကြည့်ပြီး ခွဲနိုင်ပါတယ်။

သင်းကွပ်မအောင်မြင်တဲ့ ကြက်(အခြောက်)တွေက ကြက်အမတွေနဲ့ အတူနေတတ်တယ်။ သင်းကွပ်မအောင်တဲ့ ကြက်ဖနဲ့ရတဲ့ ကြက်ဥကို အကောက်ဖောက်လို့ မရပါဘူး။ အဲဒီကြက်ဥက ကြက်မဘယ်လောက်ကြာကြာ ၀ပ်ဝပ် အကောင်မပေါက်တတ်သလို ၀ပ်ရင်းက ကြက်ဥတွေ ပုပ်သွားတတ်ပါတယ်။ ဒါကြောင့် သင်းကွပ် မအောင်မြင်တဲ့ကြက်ကို ကြက်သတ်ကုလားဆီ ရောင်း ဒါမှမဟုတ် သတ်စားလိုက်တာက အကောင်းဆုံးပါ။ အဖေမရှိတော့တဲ့နောက် အဲဒီအမွေကို ဘယ်သူ့မှ ဆက်မခံခဲ့တော့ပါဘူး။ ကျွန်မလဲ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့ဖူးတာကို မကြားဖူးသူများ ကြားသိရအောင် မှတ်မိတာကို မျှဝေလိုက်တာပါ။ အမှားပါရင် ခွင့်လွတ်ကြပါလို့ ....


နိုင်းနိုင်းစနေ (Sunday, January 27, 2008)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...