Tuesday, March 13, 2012

တရားဥပဒေ စိုးမိုးရေးနဲ့ ဒီမိုကရေစီ ဘယ်လို ဆက်စပ်သလဲ

by Lwin Aung Soe on Tuesday, March 13, 2012 at 11:08pm ·


အာဏာရှင်စနစ် ကြီးစိုးနေချိန်မှာ တရားဥပဒေဟာ ပြည်သူတွေအတွက် ဆောင်ရန်-ရှောင်ရန် စည်းကမ်းကြီးတွေ ဖြစ်လာပြီး ပြည်သူကို အကာအကွယ် မပေးဘဲ မလိုက်နာနိုင်တာနဲ့ (မလိုက်နာဘူးလို့ စွပ်စွဲခံရရုံနဲ့) အပြစ်ပေးခံရတာမျိုး ဖြစ်လာပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေ အလိုကျ ဖြစ်အောင် လိုက်လျောပေးမယ်ဆိုရင် သက်သာခွင့် ရရှိစေပါတယ်။
ဒီအခါမှာ အာဏာပိုင် ဆိုသူတွေဟာ ဥပဒေအထက်ကို ရောက်သွားပြီး ဘာလုပ်လုပ် ဥပဒေအရ အပြစ်ပေးခံရသူ မဟုတ်တာမျိုး ဖြစ်လာပါတယ်။ ဒီလိုသဘောသက်ရောက်အောင် ဝါဒမှိုင်း ရိုက်သွင်းပြီး ထင်သလို ရမ်းတော့တာပါပဲ။

ဒီမိုကရေစီကို တကယ်တမ်း အကောင်အထည် ဖော်ရတဲ့အခါ ဒီမိုကရေစီရဲ့ အသက်က Rule of Law (တရားဥပဒေ စိုးမိုးရေး) ဖြစ်ပြီး အဲဒီလို စိုးမိုးတဲ့အခါမှာ လူတိုင်း လူတိုင်း ထိပ်ဆုံးက နိုင်ငံအကြီးအကဲအဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ကိုယ်တိုင်ရော ပြည်သူတွေရော ဘယ်သူမဆို ဥပဒေကို အတိအကျ လိုက်နာရပါတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိ (No one is above the law.) လို့ ပြောရတာ ဒီမိုကရေစီကြောင့် ဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်သူတွေက ဒီမိုကရေစီကို လိုချင်ပြီး ဘယ်သူတွေကို မလိုချင်သလဲ ဆိုတာ ရှင်းသွားနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ပြည်သူအများက ဒီမိုကရေစီကို လိုချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားဥပဒေက ပြည်သူတို့ရဲ့ စားဝတ်နေရေး၊ လူမှုရေး၊ လုံခြုံရေးတို့ကို ကာကွယ်ပေးလို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ တကယ့် အနှစ်သာရပါ။

ဒီလိုကာကွယ်ပေးနိုင်မှ လူ့အခွင့်အရေးတွေ  ချိုးဖောက်မခံရဘဲ ပြည့်ပြည့်ဝဝ အသုံးချနိုင်ခွင့် ရပါမယ်။ လူ့အခွင့်အရေးတွေ ဆိုတာ ပြည်သူတွေ များသောအားဖြင့် ပြောနေကြတဲ့ လွတ်လပ်ခွင့်၊ တန်းတူညီမျှခွင့်တို့ ဖြစ်ကြပါတယ်။

အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၅ဝ အတွင်းမှာ ပြည်သူတွေကို ဒီမိုကရေစီဘက် မရောက်အောင် တားဆီးဖို့အတွက် အစိုးရတွေက ဝါဒမှိုင်းတွေ ရိုက်သွင်းပါတယ်။ အဲဒိအခါမှာ ပြည်သူတွေရော အာဏာပိုင်တွေရော တရားဥပဒေ စိုးမိုးရေး (Rule of Law) ကို အဓိပ္ပာယ် တလွဲကောက်ပါတော့တယ်။

အစစ်အမှန် “တရားဥပဒေ စိုးမိုးရေး” ဟာ အချိန်တိုင်း နေရာတိုင်းမှာ လူတိုင်းအတွက် ကာကွယ်ပေးတာနဲ့ အပြစ်ပေးတာ နှစ်မျိုးရှိပြီး ကျောသားရင်သားမခွဲဘဲ အတူတူရှိနေရမှာ ဖြစ်ပါတယ်။ ပြည်သူတွေကို ဖိနှိပ်ဖို့ချည်း မဟုတ်သလို ရွေးချယ် တင်မြှောက်ခံရတဲ့ တာဝန်ရှိသူတွေ (သမ္မတ၊ လွှတ်တော်အမတ်၊ အုပ်ချုပ်ရေးမှူး၊ တရားသူကြီး စသဖြင့်) တို့ကို ကာကွယ်ပေးဖို့သက်သက်လည်း မဟုတ်ပါဘူး။ ဘယ်သူမဆို တရားမျှတစွာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ကျူးလွန်ချိုးဖောက်မှသာ တရားမျှတစွာ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တရားဥပဒေမှာ မဖြစ်မနေ ပြုပြင်ရမယ့်အချက်က တရားမျှတစွာ ပြဌာန်းထားခြင်း မရှိတဲ့ တည်ဆဲဥပဒေတွေကို စိစစ်ဖော်ထုတ်ပြီး လိုအပ်သလို ပယ်ဖျက်-ဖြည့်စွက်-ပြင်ဆင်ဖို့ဖြစ်ပြီး ဒီအချက်ဟာ သိပ်အရေးကြီးနေပါတယ်။ ဒါမှလည်း တရားမျှတမှုသဘောကို တိတိကျကျ ဖော်ဆောင်တဲ့ တရားဥပဒေ (Law) ဖြစ်လာပါမယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်တွင်း နိုင်ငံရေး ရည်မှန်းချက်တွေဟာ
  • တရားဥပဒေစိုးမိုးရေး၊
  • ပြည်တွင်းငြိမ်းချမ်းရေးနဲ့
  • အခြေခံဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုးပါတီကလည်း ဒီမိုကရေစီကို အာမခံတဲ့အကြောင်း ဟိုတလောက ဖတ်လိုက်ရပါတယ်။


လွင်အောင်စိုး
၁၃-၃-၂ဝ၁၂
.......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...