ပျောက်ရှသွားတဲ့ ဖော်ဝက်မေးလ်
အီးမေးလ်သုံးသူတိုင်း ဖော်ဝက်မေးလ် Fwd:နဲ့ အကျွမ်းဝင်ကြမယ်၊ ဖော်ဝက်မေးလ်တွေ လက်ခံရရှိဖူးသလို မေးလ်တွေကိုလည်း ဖော်ဝက်လုပ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မလည်း အီးမေးလ်သုံးစမှာ ဖော်ဝက်မေးလ်တွေကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီ အများအပြားဖော်ဝက်ခဲ့ဖူးသူပါ။ အခုလည်း တချို့တချို့သူတွေဆီကနေ ဖော်ဝက်မေးလ်တွေကို ပုံမှန်လက်ခံရရှိနေသူဖြစ်ပါတယ်။ ဖော်ဝက်မေးလ်ဆိုတာ ကိုယ်ဖတ်လို့ကြိုက်နှစ်သက်တဲ့ မေးလ်တချို့ကို ကိုယ်သိတဲ့သူတွေဆီ အဆင့်ဆင့် လက်ဆင့်ကမ်းတာဖြစ်တယ်။
တချို့ကလည်း ဖော်ဝက်မဟုတ်ဘဲ အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ကြိုက်နှစ်သက်တဲ့စာတွေကို သူငယ်ချင်းတွေဆီ စုပို့ပြီး ပြန်မျှဝေတာဖြစ်တယ်။ ကိုယ်စိတ်ဝင်စားရာ စာတွေကို ရွေးချယ်ဖတ်ပြီး ပို့ကြတာဖြစ်ပါတယ်။
မတူတဲ့လူတွေဆီကနေ ဖော်ဝက်မေးလ်အမျိုးမျိုး ကျွန်မဆီရောက်လာတတ်တယ်။ အဲဒီမေးလ်တွေထဲမှာ နိုင်ငံရေး၊ သတင်း၊ ဆောင်းပါး၊ သီချင်း၊ တရားဓမ္မ၊ သမိုင်းအကြောင်း... စတာတွေပါတယ်။ ဖော်ဝက်မေးလ်ပို့သူအများစုကို ကျွန်မ မသိပါဘူး။ သူတို့ရဲ့ mail listထဲမှာ ကျွန်မရဲ့မေးလ်လိပ်စာပါနေလို့ မေးလ်တွေစုပို့ရာက ကျွန်မဆီလည်း ရောက်လာတာဖြစ်တယ်။ ဖော်ဝက်မေးလ်ပို့တတ်သူတွေက တစ်ကြိမ်ပို့ရင် မေးလ်တစ်စောင်ထဲ ပို့တတ်တာမျိုးမဟုတ်ဘဲ ၄,၅စောင်ကို တပြိုင်ထဲပို့တတ်ကြတယ်။ တစ်ခါခါ မေးလ်ဘောက်စ်မှာ မျက်စိရှုပ်လွန်းမတတ် များပြာတဲ့ဖော်ဝက်မေးလ်တွေကြောင့် မေးလ်ပို့သူတွေရဲ့နာမည်ကို ကျွန်မကောင်းကောင်း မှတ်မိနေတတ်တယ်။
ကျွန်မဆီ တက်ကျမ်း၊ ဆောင်းပါးလေးတွေ အမြဲပို့တတ်သူတစ်ယောက်ရှိတယ်။ သူက တစ်ပတ်ကိုတစ်ခါ၊ ဒါမှမဟုတ် နှစ်ပတ်ကိုတစ်ခါ ဖော်ဝက်မေးလ်တွေ ပို့ပို့တတ်တယ်။ လူတွေအားလုံးနဲ့ ရောပို့တာကြောင့် တစ်ခါတလေ ကျွန်မရေးထားတဲ့စာ ကျွန်မကိုပြန်ပို့တာမျိုးလည်း တွေ့ရတယ်။ သူ့ဆီက ဖော်ဝက်မေးလ်တွေ မကြာခဏရတတ်တာကြောင့် သူနဲ့မခင်ပေမယ့်၊ သူ့ကိုမမြင်ဖူးပေမယ့် သူ့နာမည်ကို(id)ကို ကျွန်မမှတ်မိနေခဲ့ပါတယ်။ သူက သူပို့တဲ့စာတွေရဲ့ထိပ်မှာ "ကျွန်တော့်ဆီကို ဘယ်သူကပို့လို့ ကျွန်တော်ပြန်ပို့လိုက်ပါတယ်။ ဖတ်ကြည့်ကြပါ" "ဟုတ်ကဲ့ .. ကျွန်တော်မေးလ်ပို့လိုက်ပြန်ပါပြီ။ အနှောက်အယှက်ဖြစ်သွားရင် ခွင့်လွှတ်ပါ။ မျက်စိရှုပ်ခဲ့ရင် တောင်းပန်ပါတယ်။ ဖော်ဝက်မေးလ်မလိုချင်ရင် စာရင်းကဖျက်လိုက်ဖို့ စာပို့ပါ။ ဗဟုသုတရစရာ၊ အားတက်စရာတွေမို့ ဖတ်သင့်ပါတယ်"လို့ အစချီပြီး စာတွေရေးထားတတ်တယ်။ ပြီးတော့ သူ့နာမည် ထိုးထားတတ်တယ်။ ဒါကြောင့် သူ့ကို ကျွန်မပိုမှတ်မိနေခဲ့တယ်။
တစ်ခါတော့ ဂျီတော့ခ်မှာ သူနဲ့အမှတ်မထင်ကြုံတော့ ဖော်ဝက်မေးလ်တွေအတွက် ကျေးဇူးတင်ကြောင်း သူ့ကိုကျွန်မလှမ်းပြောတယ်။ သူကလည်း ကျွန်မရဲ့ဘလော့ဖတ်ပရိသတ်ပါလို့ ပြန်မိတ်ဆက်တယ်။ ဒီလောက်ပဲ ကျွန်မတို့ပြောဖြစ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ကျွန်မလည်း ဂျီတော့ခ်ထဲသိပ်မဝင်တော့ သူနဲ့ မတွေ့ဖြစ်ခဲ့တော့ဘူး။ ဒါပေမယ့် သူ့ဆီက ဖော်ဝက်မေးလ်တွေတော့ မကြာမကြာ ကျွန်မရနေတတ်တယ်။
အဲဒီလို ဂျီတော့ခ်မှာတစ်ခါပဲ နှုတ်ဆက်ဖူးပြီးနောက် နေလာလိုက်တာ သူ့ဆီက ဖော်ဝက်မေးလ်တွေ လနဲ့ချီပြီးမရတော့မှ သူ့ကို ကျွန်မအမှတ်တမဲ့ သတိရလာမိတယ်။ သူ့ဆီက မေးလ်တွေမရတော့လဲ ..မေးလ်တွေ ဘာလို့မလာတော့ပါလိမ့်? ဖော်ဝက်ရတာ ပျင်းသွားလို့လား? မအားလို့လား? ခရီးသွားနေလို့လား? ဒီလောက်ပဲ ကျွန်မတွေးဖြစ်ခဲ့တယ်။ သူ့ဆီလည်း တကူးတက မေးလ်ပို့ပြီး ကျွန်မ မမေးခဲ့မိဘူး။
+++++++++ +++++++++
နေပြည်တော် မြန်မာအသံလွှင့်ဌာနက ဝန်ထမ်းကောင်မလေးတချို့နဲ့ ကျွန်မခင်တယ်။ ခင်တယ်ဆိုတာကလည်း အီးမေးလ်ကတဆင့်သိကြရင်း ခင်မင်ရင်းနှီးကြတာပါ။ သဲသဲလို့ခေါ်တဲ့ ဘလော့ဖတ်ဝန်ထမ်းတစ်ဦးက ကျွန်မဘလော့ထဲက သူကြိုက်နှစ်သက်တဲ့စာတချို့ကို အသံလွှင့်ဖို့ ခွင့်တောင်းရာက ခင်မင်ခဲ့ကြတာဖြစ်တယ်။ သူတို့ကို ကျွန်မ မမြင်ဖူးသလို အသံချင်းလည်း စကားမပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် ကြာကြာတစ်ခါတော့ ကျွန်မတို့ မေးလ်နဲ့ အဆက်အသွယ်ရှိခဲ့ကြတယ်။
ဟိုးတလောက သဲသဲနဲ့ မေးလ်တွေပို့ပြီး စာအကြောင်းပြောရင်းက သူ့မောင်လေးအကြောင်းနား ရောက်သွားတယ်။ သူ့မောင်လေးလည်း စာတွေဖတ်တယ်၊ ကြိုက်တယ်။ နာမည်က ဘယ်သူဆိုပြီး ပြောပြတယ်။ အော်... ဒီလိုနဲ့ ကျွန်မဆီ ဖော်ဝက်မေးလ် အမြဲပို့တတ်သူတစ်ယောက်က သူ့မောင်လေးဆိုတာကို ကျွန်မသိသွားတယ်။ တိုက်ဆိုင်တယ်ဆိုရမလား? အင်တာနက်လောက,ကကျဉ်းတယ်လို့ ပြောရမလား! ဒီလောက်လေးပဲ ကျွန်မတို့ပြောဖြစ်ခဲ့ကြတယ်။ ထွေထွေထူးထူးလည်း မရှိခဲ့ပါဘူး။ နောက်တော့လဲ မေ့မေ့ပျောက်ပျောက်ပါပဲ...
+++++++++ +++++++++
သူ့ဆီက ဖော်ဝက်မေးလ်တွေ မလာတာကြာခဲ့ပြီ။ တစ်ခါတလေ မေးလ်ဖွင့်လိုက်လို့ မျက်စိရှင်းနေရင် ဖော်ဝက်မေးလ်ပို့သူတွေကို ကျွန်မသတိရတတ်တယ်။ အလုပ်များလို့၊ ခရီးသွားနေလို့၊ ဒါမှမဟုတ် ကိုယ့်မေးလ်ကို စာရင်းထဲကနေ သူဖျက်လိုက်လို့ပဲ တွေးမိတတ်တယ်။ ဒီထက်မပိုခဲ့ပါဘူး... မမြင်ဖူး၊ မခင်ဖူးသူတစ်ယောက်ဆီက သတိတရ၊ မျှော်လင့်တာမျိုးလည်း မရှိခဲ့ဘူး။ အမှုမဲ့ အမှတ်မဲ့ပါပဲ.....
တလောက အခြားဝန်ထမ်းကောင်မလေးတစ်ယောက်
ဆီက သတိရကြောင်းမေးလ်ရတော့ သဲသဲကိုလည်း ကျွန်မက သတိရတဲ့အကြောင်း၊ လှမ်းနှုတ်ဆက်တဲ့အကြောင်းပြောပေးဖို့ မေးလ်ပြန်လိုက်တယ်။ ၃ရက်လောက်ကြာတော့ သူ့ဆီကမေးလ်ပြန်ရတယ်။ သဲသဲက သူ့မောင်လေးဆုံးလို့ ခွင့်တစ်လယူထားကြောင်း ပြောတယ်။ မေးလ်ဖတ်ပြီး ကျွန်မငိုင်ကျသွားတယ်... ရင်ထဲမှာလည်း မကောင်းဘူး။ မတိုက်ဆိုင်ချင်တဲ့ တိုက်ဆိုင်မှုလို့ ဆိုရမလား? သူ့ဆီက လာနေကျဖော်ဝက်မေးလ်တွေ ပျောက်သွားတာဟာ သူဆုံးသွားလို့လား? သေချာအောင် အီးမေးလ်ကို ကျွန်မအထပ်ထပ် ဖတ်မိတယ်။ ပိုသေချာအောင် သဲသဲဆီ ကျွန်မမေးလ်ပို့လိုက်တယ်။ တကယ်မဟုတ်ပါစေနဲ့လို့လည်း ဆုတောင်းတယ်။
မေးလ်ပို့ပြီး ရက်တော်တော်ကြာမှ သဲသဲဆီက ပြန်စာရတယ်။ ကျွန်မဆုတောင်း မပြည့်ခဲ့ပါဘူး။ ကျွန်မဆီဖော်ဝက်မေးလ် အမြဲပို့တတ်သူတစ်ယောက်၊ သဲသဲရဲ့မောင်လေး အူမကြီးကင်ဆာနဲ့ ကွယ်လွန်သွားတယ်လို့ ကျွန်မသိလိုက်ရပါတယ်။ ဒါကြောင့် သူ့ဆီက ဖော်ဝက်မေးလ်တွေ လတော်တော်ကြာ ကျွန်မ မရခဲ့တာပေါ့....
ဖော်ဝက်မေးလ်တွေကြောင့် စိတ်ရှုပ်သွားခဲ့ဖူးသလား?
Inboxပြည့်သွားလို့ ဖော်ဝက်မေးလ်တွေ ထပ်မပို့ပါနဲ့တော့လို့ ပြန်စာရေးခဲ့ဖူးလား?
ဖော်ဝက်မေးလ်ပို့သူကို ကျေးဇူးတင်ကြောင်းပြောခဲ့ဖူးလား
? ခင်မင်ခဲ့ဖူးလား?
ဒါပေမယ့် လူတော်တော်များများက "နတ်သုဒ္ဒါ(ပီသ)"ဆိုသူရဲ့ ဖော်ဝက်မေးလ်တွေကိုတော့ ရခဲ့ဖူးကြမယ် ထင်ပါတယ်။ သူကောင်းရာသုဂတိလားဖို့ ကျွန်မတို့ ဆုတောင်းပေးကြရအောင်.....
ဘဝက တိုတောင်းလွန်းတယ်။ တိုတောင်းလွန်းလို့ ထွက်ခွာချိန် နှုတ်ဆက်ဖို့အချိန်တောင် မရခဲ့ကြဘူး။
ဘဝက တိုတောင်းလွန်းတယ်။ တိုတောင်းလွန်းလို့ ခင်မင်ရင်းနှီးချိန် စကားတွေများများ မပြောခဲ့ရဘူး။
ဘဝက တိုတောင်းလွန်းတယ်။ တိုတောင်းလွန်းလို့ အချိန်မီ ကျေးဇူးတင်စကားတစ်ခွန်းတောင် မပြောခဲ့ရဘူး။
ဘဝက တိုတောင်းလွန်းတယ်။ တိုတောင်းလွန်းလို့ အခုမြင် အခုပျောက်ခဲ့ကြရပြီ....
ကျွန်မဆီ ဖော်ဝက်မေးလ်ပို့တတ်သူများအားလုံးသို့ .... မမြင်ဖူး၊ မခင်ခဲ့ဖူးပေမယ့် ဖော်ဝက်မေးလ်တွေ ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့....
နိုင်းနိုင်းစနေ
ကျနော်လည်းပြောချင်ပါတယ် ကျနော့ဆီဖော်ဝက်မေးလ်တွေ ပို့ပေးတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်
--
Be Happy,
Moe Moe.
0 comments:
Post a Comment