Tuesday, March 6, 2012

ပုဂ္ဂိုလ်ရေးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်မှ သည် ...

by Ko Htike on Tuesday, March 6, 2012 at 2:31am ·
ကျွန်တော့် ဆီမှာ လာ "တတ် (Tag)" ထားတဲ့ "ဒီလိုခေါင်းဆောင်နဲ့ ဘုရားတောင် မခွဲခြားတတ်တဲ့ လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်မဟုတ်တဲ့ အရပ်သားအာဏာရှင် ပေါ်လာမှာကိုလည်း ကျွန်တော်မလိုလားပါဘူး ကျွန်တော့်သူငယ်ချင်းရဲ့ ဘုရားစင်မှာ ဗုဒ္ဒဘုရားပုံနဲ့ ဒေါ်စုပုံက ယှဉ်တွဲလျက် ဗုဒ္ဒဘာသာမှာ တခြားမိန်းမတွေကိုသာ ခွဲခြားတာ ဒေါ်စုတော့ ချွင်းချက် အားလုံးက အမေအမေနဲ့ ကိုယ့်အမေရင်းကိုတော့ နေ့စဉ်စော်ကားလျက် ဒေါ်စုကတော့ ............. အာဏာရှင် ဖြစ်လာတော့မှာပဲ" ဆိုတဲ့ ပြောဆိုချက်နဲ့ ပြန်လှန် ဆွေးနွေးနေကြတာတွေကို ကျွန်တော် သတိထားမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု လွန်ကဲနေတာကို သတိပေးလိုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ တောင်းဆိုမှုကြောင့် အာဏာရှင် လက်သစ် ဖြစ်လာနိုင်တယ် ဆိုတာကို စိုးရိမ်မှုလို့ ကျွန်တော် မြင်ပါတယ်။
ဒါကို ပြန်လှန် ဆွေးနွေးနေကြရာမှာတော့ သဘောထား အမြင် မတူသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူတွေက ဆွေးနွေးနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင် အခြားနေရာတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်က NLD တစ်ခုလုံး ကိုယ်စား တစ်ယောက်တည်း လိုက်ပြီး စည်းရုံနေရတာရယ်၊ အခြား လူတွေက ဒေါ်အောင်ဆန်းစုကြည်လိုမျိုး လုပ်နိုင်ရေ မရှိတာတွေရယ် မူတည်ပြီး၊ အားမလို အားမရ ဖြစ်တာတွေရယ်၊ ဒေါ်အောင်ဆန်းစုကြည်သာ မရှိတော့ရင် ဘယ်လို လုပ်မလဲဆိုတဲ့ စိုးရိမ်မှုတွေရယ်ကိုပါ တွေ့ရပါတယ်။

ဒီနေရာမှာ ကျွန်တော် ဆွေးနွေးလိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်နဲ့ လက်ရှိ ရောက်နေတဲ့ နေရာကို ပြောလိုပါတယ်။

ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ကြားဖြတ် ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်ပြီး လူထုစည်းရုံးရေးကို လုပ်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD စည်းရုံရေး တစ်ခုတည်း လုပ်နေတယ်လို့ မမြင်ပါဘူး။ ဒီလို လုပ်နေတာတွေ ပြီးသွားရင် (တနည်း) ကြားဖြတ်ရွေးကောက်ပွဲ ပြီးသွားရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလို လူထုကြားထဲ သူကိုယ်တိုင် စည်းရုံးရေးကို လုပ်တော့မှာ မဟုတ်ပါဘူး။ အခု အချိန်က လိုအပ်လို့ လုပ်နေရတယ်လို့ မြင်ပါတယ်။ ဆိုလိုတာက အခု စည်းရုံးရေးတွေဟာ ပါတီ စည်းရုံးရေးထက် ပိုတဲ့ လူထု စည်းရုံရေး ခရီးစဉ်တွေပါ။ လူထုတွေ နိုင်ငံရေးထဲ ပါဝင်လာအောင် အခုလို လုပ်နိုင်သူဟာ လောလောဆယ်မှာ သူနဲ့ ၈၈ မျိုးဆက်က ကိုမင်းကိုနိုင်တို့လို လူမျိုးပဲ ရှိပြီး ကိုမင်းကိုနိုင်ရဲ့ စည်းရုံရေး စွမ်းအင်ဟာ သူရဲ့ တဝက်လောက်ပဲ ရှိနိုင်ပါတယ်။ (ခန့်မှန်းကြည့်တာပါ။ မသေချာပါဘူး။ သို့သော် သူ့ထက် နည်းတာတော့ သေချာပါတယ်။)

နောက်ပြီး ကိုမင်းကိုနိုင်က သူ့လို တရားဝင် ကြီးကြီးကျယ်ကျယ် လိုက်ပြီး ပြောဆိုလို့ မရနိုင်သေးပါဘူး။ ဆိုလိုတာက ကိုမင်းကိုနိုင်ကို ဦးသိန်းစိန် အစိုးရက ဖမ်းလို့ ရနိုင်စရာ ဖြစ်သွားနိုင်ပါတယ်။ အခုလို လူသိန်းချီတဲ့ ပွဲဖြစ်လာမယ်ဆိုရင် ဥပဒေအရ အကြောင်းပြပြီး ဖမ်းလို့ ရနိုင်စရာ ရှိလာနိုင်ပါတယ်။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တချက်ခုတ်၊ ၂ ချက်ပြတ်တဲ့ နည်းနဲ့ နိုင်ငံလှည့်ပြီး စည်းရုံနေရတာ ဖြစ်တာကြောင့် NLD က အခြား အမတ်တွေလောင်းတွေက သူ့လို မလုပ်နိုင်ကြပါဘူး။ မဖြူဖြူသင်းဟာ မင်္ဂလာတောင်ညွန့်မှာ စည်းရုံးရေ ဟောပြောပါတယ်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်လောက် သဲသဲလှုပ် မအောင်မြင်ပါဘူး။ စည်းရုံးရေး ဟောပြောတာ အောင်မြင်အောင် လုပ်ဖို့ အများကြီး လုပ်ရပါတယ်။ ဟောပြောမယ့် လူဟာ ပြဇာတ်ကသလို အကြိမ်ကြိမ် လေ့ကျင့်ရပါတယ်။ မှန်ရှေ့မှာ ကြည့်ပြီး လေ့ကျင့်ဖို့ လိုရင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ လေ့ကျင့်ယူလို့ ရတဲ့ အရည်အချင်းတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒေါက်တာ ဘမော် စကားပြောဟန်ကို အတုယူပြီး မှန်ရှေ့မှာ ခဏ ခဏ လေ့ကျင့်တာကြောင့် သခင်စိုးတို့က အမြင်ကတ်ပြီး "ဘမော်" အသေးစားလေးလို့ နောက်ပြောင်ခဲ့ဖူးပါတယ်။ စကားပြောဟန်၊ စကားလုံး ရွေးချယ်မှု၊ နိုင်ငံရေး လေ့လာမှု ကိုယ်ခံအား၊ နိုင်ငံရေး အမြင်၊ အဝတ်အစား၊ နောက်က အထောက်အပံ့၊ .. စတာတွေ သေချာ လုပ်နိုင်မှ အောင်မြင်တဲ့ စည်းရုံရေး ဖြစ်နိုင်ပါတယ်။ ဒါကို ကျောင်းမှာ ဘာသာရပ် တစ်ခုကို သင်ယူသလိုကို ပြုပြင်ရမယ့် အထိ လိုအပ်တယ်ဆိုရင် လုပ်ရမှာ ဖြစ်ပါတယ်။ အခုတော့ NLD က အခြား အမတ်လောင်းတွေဟာ အဲဒီလို ပြင်ဆင်မှု မတွေ့ရသေးပါဘူး။

ဒီတော့က လူထုက ထောက်ခံပြီးသား ဒေါ်အောင်ဆန်းစုကြည်ကပဲ တာဝန်ယူပြီး လူထုစည်းရုံးရေး လုပ်ရပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်တဲ့ အဝတ်အစားတွေက အစ သတိထားပြီးကြည့်ပါ။ သေချာ စဉ်းစားပြီး နောက်ကနေ ပြင်ဆင်ပေးနေသူ ရှိတယ် ဆိုတာ သေချာပါတယ်။ စကားလုံးတွေ၊ နိုင်ငံရေး အမြင်တွေကတော့ နဂိုကတည်းက လေ့ကျင့်ပြီးသားလို ဖြစ်နေပါတယ်။ နိုင်ငံရေး သြဇာကလည်း ရှိပြီး၊ မျိုးရိုးကလည်း ပြည့်စုံပါတယ်။ ဒီတော့ ပြည်သူလူထုက သဲသဲလှုပ် ဖြစ်လာရတော့တာပါပဲ။ ဒါဟာ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု (personalization) ဘက်အထိကို ရောက်လာသလို ဖြစ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လမ်းစဉ်ကတော့ တော်လှန်ရေး လမ်းစဉ် (Revolution) ထက် နိုင်ငံရေး ဖြစ်ပေါ် တိုးတတ်မှု (Political evolution) ပုံစံကို သွားနေတာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒုတိယ လမ်းစဉ်အရ အာဏာရ အစိုးရဆိုလျှင် မူဝါဒ ချမှတ်ပြီး ပြုပြင်လို့ ရနိုင်စရာ ရှိပေမယ့် .. အာဏာ မရှိတဲ့ ပါတီအတွက် လူထု ထောက်ခံအားကို ရယူပြီးမှ နောက်တဆင့်ကို သွားရတာ ဖြစ်ပါတယ်။ ဒီလမ်းစဉ်ကို ရွေးတာကြောင့် လူထု အင်အားကို အခုလို စုစည်းနေတာ ဖြစ်ပါတယ်။ လက်တလောမှ သူ့နေရာကို အစားထိုးပြီး အခြားသူကို ဒီအလုပ်တွေ လွှဲပေးလို့ ရနိုင်စရာလည်း မမြင်သေးပါဘူး။ ဒါကြောင့် အခုလို ခရီးထွက် စည်းရုံးနေတာကို ကြားဖြတ် ရွေးကောက်ပွဲကာလအထိ လုပ်နေရတာ ဖြစ်ပါတယ်။ ပြီးသွားရင် လုပ်မှာ မဟုတ်တော့ပါဘူး။

အဲဒီအခါ NLD ရဲ့ မူဝါဒ နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းစဉ်ဟာ ပုဂ္ဂိုလ်ရေးအစွဲကို ဖယ်ခွာရေး (de-personalization) လုပ်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအစွဲကို ဖယ်ခွာရေး (de-personalization) ကို မလုပ်လို့ကို မရပါဘူး။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန် ဖြစ်သလို၊ NLD တဖွဲ့လုံးရဲ့ တာဝန် ဖြစ်ပါတယ်။ အဲဒီလို မလုပ်ရင်တော့ အထက်ပြောခဲ့တဲ့ စိုးရိမ်မှုတွေလို "အာဏာရှင်" ဖြစ်လာမယ်ဆိုတဲ့ အမြင်တွေ ပိုများလာနိုင်သလို .. မော်စီတုန်း၊ ကင်ဂျုံအိတို့ကို လူတွေက ကိုးကွယ်သလို ဖြစ်လာမှာကိုလည်း စိုးရိမ်ရပါတယ်။ (ဒီနေရာမှာ brain-wash လုပ်ထားတယ် ပြောပြော .. သူ့နိုင်ငံက လူတွေက အဲဒီ လူတွေကို ဘုရားလောက် နီးနီးကို ကိုးကွယ်ကြတာကို နှိုင်းယှဉ်တာ ဖြစ်ပါတယ်။ အာဏာရှင်ပုံစံကို နှိုင်းယှဉ်တာ မဟုတ်ပါဘူး။) ဒါကြောင့် NLD မှာ ပုဂ္ဂိုလ်ရေး အစွဲကို ဖယ်ခွာရေး (de-personalization) လုပ်ဖို့ တာဝန် ရှိပါတယ်။

ဒီလိုလုပ်ဖို့ NLD ဟာ ပါတီ ဖွဲ့စည်းပုံ၊ ပါတီတွင်း အဖွဲ့ဝင်တွေကို စနစ်တကျ အလုပ် လုပ်ကိုင်စေရေး၊ အဖွဲ့ဝင်တွေကို လေ့ကျင့်ပျိုးထောင်ရေး၊ ပါတီရဲ့ အထက်အောင့် အဆင့်ဆင့် စနစ်တကျ ဖြစ်ရေး၊ မျှတတဲ့ ပါတီတွင်း ရွေးကောက်ပွဲ ဖြစ်ပေါ်ရေး .. စတဲ့ စနစ်ကျတဲ့ ပါတီ (institutionalization) တွေကို လုပ်သွားရမှာ ဖြစ်ပါတယ်။ လူထုကိုလည်း ပါတီနဲ့ ဘယ်လို ထိတွေ့နိုင်မလဲဆိုတဲ့ ပါတီဆက်သွယ်ရေးစနစ်၊ ပါတီရဲ့ သတင်းထုတ်ပြန်ချက်၊ ပါတီမူဝါဒ .. စတာတွေကို ပွင့်ပွင့်လင်းလင်း တိတိကျကျ ဖြစ်အောင် ပြထားဖို့ လိုပါတယ်။ ပါတီတွင်း ပါတီခေါင်းဆောင်နဲ့ အရေးကြီးတဲ့ နေရာတွေကို ရွေးကောက်တဲ့အခါ ပြည်သူတွေက ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပါတယ်။ ငွေစာရင်း ကို ထင်သာမြင်သာ ရှိဖို့ကတော့ ပြောစရာတောင် လိုမယ် မထင်ပါဘူး။

အဲဒီလို NLD ပါတီကို စနစ်တကျ အဖွဲ့အစည်း ဖြစ်အောင် လုပ်နိုင်လျှင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက ချစ်ခင်မှုနဲ့ နိုင်ငံတကာက လေးစားမှုကိုတော့ လျော့ကျအောင် လုပ်လို့ မရပါဘူး။) ပုဂ္ဂိုလ်ရေးပေါ် မူတည်တဲ့ နိုင်ငံရေး စနစ်ကနေ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်သစ်တွေကို လေ့ကျင့်ပေးနိုင်တဲ့ စနစ်ကျတဲ့ ပါတီ အဖြစ် ပြောင်းလဲဖို့ဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်နဲ့ NLD တဖွဲ့လုံးမှာ တာဝန်ရှိနေပါသေးကြောင်း .. ။

လေးစားစွာဖြင့်
ကိုထိုက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...