Tuesday, March 13, 2012

မေးခွန်းများ နှင့် အဖြေ

by Zay Ya on Tuesday, March 13, 2012 at 6:03pm ·
Question :  မေးခွန်းတိုင်းမှာ အဖြေ ရှိပါသလား။

Answer :   မေးခွန်း  ဆိုတာ - နားမလည်ဘူး လို့ ရိုးရိုးရှင်းရှင်း ဆိုလိုတာပဲ မဟုတ်လား။ စင်စစ် မေးခွန်းတိုင်းမှာ အဖြေမရှိဘူး။ (ဝါ) မေးခွန်း အားလုံး မှာ စင်စစ် အဖြေ မရှိဘူး။ (ဝါ) မေးခွန်း အားလုံး ဟာ ဘာကို မှ အကျုံးဝင် မနေပါ ဘူး။

ခင်ဗျား ဘဝကို မေးခွန်းထုတ် တာဟာ - ဘဝ ကို ခင်ဗျား ကိုယ်တိုင် နားမလည်လို့သာ ဖြစ်ပါတယ် ။ အဲ့ဒီ အခါ ခင်ဗျား သန္တာန် မှာ မေးခွန်း ပေါ်ပေါက် တယ်။ စင်စစ် ဘဝဟာ ပြဿနာ မဟုတ်ဘူးရယ် ။ ဘဝဟာ အမေးပြုခံ အရာ မဟုတ်ဘူး။ အကြောင်းခံ ပုစ္ဆာ တစ်ခု မဟုတ်ဘူး။ ဘဝဟာ နက်နဲမှု သက်သက်သာ ဖြစ်ပါတယ်။ အဲ့ဒီ နက်နဲမှုကို ပြဿနာ တစ်ရပ် အဖြစ် မြင်မိတဲ့အခါ ခင်ဗျား အတွက် နားမလည်ဘူး ဆိုတာ ဖြစ်လာနိုင်တယ်။  အဲ့ဒီ နားမလည် တဲ့ အဖြစ်ကြောင့် မခံရပ်နိုင်တဲ့  စိတ်ဟာ ဖြေရှင်းဖို့ ကြိုးစား ပါလိမ့်မယ်။



စင်စစ် "နက်နဲမှု" ဟာ နက်နဲမှု သက်သက်ပဲ ။ နက်နဲမှု ကို မေးခွန်း ထုတ်ပြီး ဖြေရှင်းလို့ မရဘူး။ ဘဝ ဟာ ဖြေရှင်း စရာ အရာ တစ်ခု မဟုတ်ဘူး ။ "နက်နဲမှု" ရဲ့ အဓိပ္ပာယ် ကိုယ်၌က "ဖြေရှင်း၍ မရနိုင်သော" လို့ အဓိပ္ပာယ် ထွက်ပါတယ်။
သူ့ကို မေးခွန်းတွေ ထုတ်ရင် မေး သမျှ အားလုံး လွဲနေပါလိမ့်မယ်။ အမေး လွဲရင် အဖြေပါ လွဲ တယ်။  ခင်ဗျား က ဒါကို နားမလည်ဘူး ဆိုပါတော့ ။ အဲ့ဒီအခါ မိမိ မေး တဲ့ မေးခွန်း တစ်ခု ကို ဖြေရှင်းနိုင်မှာပဲ လို့ ထင်နေနိုင်ပါတယ်။ စင်စစ် ဒါဟာ  ခင်ဗျား နားမလည်တာ သက်သက်ပဲ။ ဘယ်သူ့ ဘယ်သူမှ အမေး ပုစ္ဆာ တွေကို ဖြေရှင်းမပြနိုင်ခဲ့ကြဘူး ရယ်။

ကမ္ဘာကျော် ဒဿန ဆရာတွေ တစ်ဦးပြီး တစ်ဦး ပေါ်ပေါက်ခဲ့တယ်။ ဒါပေတဲ့ ဘယ်သူများ ဘဝ ပြဿနာ၊ အမေးပုစ္ဆာတွေ ကို အပြီးတိုင် ဖြေရှင်း ခဲ့ကြ ပါသလဲ။ မေးခွန်း တစ်ခုတစ်လေ မျှကိုတောင် မဖြေရှင်းနိုင်ခဲ့ကြဘူးပဲ။
.........
ဥပမာ ခင်ဗျား အဖြေတစ်ခု ရပြီ ဆိုပါတော့ ။ အဖြေတစ်ခု ရပြီလို့ ထင်လိုက်မယ် ဆိုပါတော့။ အဲ့ဒါဟာ ခင်ဗျား အထင်အမြင် (ဝါ) ခင်ဗျား ယုံကြည်ချက်သာ ဖြစ်တယ်။ အဲ့ဒီ ရလာတဲ့ အဖြေကို နည်းနည်း ပိုပြီး ထပ်စိတ်ကြည့်ကြည့်ပါ။ ခင်ဗျား အဖြေဟာ ခင်ဗျားဘာသာ ယုံကြည်မိထားတာကလွဲလို့ ဘာမှ တွေ့ရမှာ မဟုတ်ဘူးပဲ။ ဒါ့ကြောင့် စင်စစ် အဖြေဆိုတာလည်း မရှိဘူးလို့ ကျနော် ပြောပါတယ်။ မေးခွန်း အားလုံး ကလည်း အဓိပ္ပာယ် မဲ့သလို၊ အဖြေ ဆိုတာက လည်း မရှိဘူးပဲ။

ခင်ဗျား မေးခွန်းမှာ  "မေးခွန်းအားလုံးမှာ အဖြေရှိသလား" လို့ ပါတယ် ~

စင်စစ် ဖြေဆိုနိုင်မယ် ဆိုတဲ့ မေးခွန်း တစ်ခုတစ်လေ တောင် မရှိပါဘူး။ မေးခွန်းကြီး၊ မေးခွန်းအခန့် တွေ ထားဦး။ အသေးအဖွဲ မေးခွန်း တစ်ခု ကိုတောင် မဖြေဆိုနိုင်ဘူး။ သံသယ ဝင်ရင် - ကျနော် မေးကြည့်ပါမယ်။ "အဝါရောင် ဆိုတာ ဘာလဲ" စင်စစ် ခင်ဗျား မဖြေဆို နိုင် ဘူးရယ်။ ဒါဟာ ရိုးရှင်း တဲ့ မေးခွန်း၊ မြင်နေကျ တွေ့နေကျ မေးခွန်း လေးပဲ မဟုတ်လား။  ခင်ဗျား သိရှိတဲ့ သိပ္ပံပညာ အမြင် တွေ၊ ဒဿနိက၊ ဝါဒ၊ အယူအဆတွေ ၊ ခင်ဗျား သိမိတဲ့ ယုံကြည်တဲ့ ဘာသာရေး တွေ ထည့်သွင်း ဖြေဆိုကြည့်ပါ။ ဒီလို ရိုးရှင်း ပြီး ပေါက်ပန်းဈေး နိုင် မယ့် မေးခွန်း အသေး အဖွဲလေး ကိုတောင် ခင်ဗျား မဖြေဆိုနိုင်ဘူး ဆိုတာ တွေ့ပါမယ်။

"အဝါရောင် ဆိုတာ ဘာလဲ" -- ကဲ ခင်ဗျား ဘယ်လို ဖြေမလဲ။

ကမ္ဘာကျော် ဒဿန ဆရာ G.E.Moore က သူ့ရဲ့ နာမည်ကျော် Principia Ethica မှာ ရေးထားတာ ရှိပါတယ်။  သူ့စာအုပ်က စာမျက်နှာ နှစ်ရာ ကျော် ရှိပေမယ့် အဲ့ဒီ တစ်အုပ်လုံးဟာ မေးခွန်း တစ်ခု အပေါ်မှာ အခြေတည်တယ်။

"ကောင်းမြတ်မှု ဆိုတာ ဘာလဲ" "What is good?"

တစ်အုပ်လုံးဟာ ဒီမေးခွန်း အပေါ် အခြေခံပြီး ရေးပါတယ်။ G.E.Moore ဟာ သူ့ခေတ် သူ့အခါက ဥာဏ်ကြီးရှင် တစ်ဦးပဲ။  ဒဿနဆရာ အကျော်အမော် တစ်ဦး လည်း ဖြစ်သလို၊ ဆင်ခြင်ဥာဏ်အရာ သာသူ တစ်ဦး လည်း ဖြစ် မယ်။ ဒါပေမယ့် သူမေးတဲ့ မေးခွန်းက ရိုးရိုးလေး ရယ် ။  What is good? ကောင်းမြတ်ခြင်း ဆိုတာ ဘာလဲ ။ သူ ဒီအမေး ကို ဖြေဆိုဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးစား ခဲ့ပါတယ် ။ အဖြေ တစ်ခု ထုတ်တယ်။  ပြီး နောက်တစ်ခု၊ ပြီးတော့ နောက်တစ်ခု ။ နောက်ဆုံး မှာ သူရလာတဲ့ ရလာဒ်ကလည်း ရိုးရိုးလေး ပါပဲ။ - The good is indefinable. ( ကောင်းမြတ်ခြင်း ဆိုတာ အဓိပ္ပာယ်သတ်မှတ်လို့ မရဘူး )  ကျနော် အခု မေးတဲ့ ပေါက်ကရမေးခွန်း ကရော ဘာထူး ပါသလဲ ။ "အဝါရောင် ဆိုတာ ဘာလဲ" ဒီမေးခွန်း အတွက် ခင်ဗျား အဓိပ္ပာယ် တိတိပပ ဖြေဆို လို့ မလွယ်ဘူးပဲ။
.............


ဒါဆို " ဖြေဆိုနိုင်တဲ့ မေးခွန်း အချို့ ရှိသလို ဖြေဆိုလို့ မရတဲ့ မေးခွန်း အချို့လည်း ရှိတယ်။ ဒါ ဟုတ်ပါသလား" လို့ ခင်ဗျား ပြန်ပြောမယ်။ စင်စစ် ဘယ်မေးခွန်း တစ်ခုတစ်လေမှ ဖြေဆိုလို့ မရပါဘူး။ အမေးပြုခြင်း (Questioning) ဟာ စင်စစ် "အမှန်" ဆီ ရောက်ဖို့ လွဲမှားတဲ့ ဘက်က ချဉ်းကပ် တာ ဖြစ်ပါတယ်။ စင်စစ် ခင်ဗျား တကယ် လိုချင်တဲ့ အသိဆီ ကို အမေးပြုခြင်း အားဖြင့် မရောက်နိုင်ဘူးရယ်။
..............
ခင်ဗျားက နောက်ထပ် - ထပ်မေးမယ် - "ဒါဆို အခု ကျုပ်မေးသမျှတွေကို ပြောနေတာတွေကရော ဖြေနေတာတွေပဲ မဟုတ်ဘူးလား"

သေသေချာချာ ကြည့်ကြည့်ရင် - ကျနော် ခင်ဗျား မေးခွန်း ကို ဖြေနေတာ မဟုတ်ပါဘူး။ ခင်ဗျား မေးခွန်း ကို ပြေလည် သွားစေမယ့် အဖြေမျိုး ကျနော် ပြောခဲ့ပါသလား။ ကျနော့ စကား မှာ တွေ့ရမှာ မဟုတ်ဘူး။  အခု ကျနော် ပြောနေသမျှ ဟာ ခင်ဗျား အမေးပြု နေ သမျှ ဖျက်ချနေတာ သာ ဖြစ်ပါတယ်။ ယဉ်ယဉ်ကျေးကျေး ညှင်ညှင်သာသာ ဖျက်ချတဲ့ အခါလည်း ရှိမယ်။ ခပ်ကြမ်းကြမ်း ဖျက်ချတဲ့ အခါလည်း ရှိမယ်။ ဒါပဲ ကွာပါလိမ့်မယ်။ စင်စစ် ခင်ဗျား မေးခွန်း ထုတ်လိုစိတ် မှန်သမျှ ဖျက်ဆီးပစ်တာ သက်သက်။ ခင်ဗျား အတွက် အဖြေ တစ်ခု မှ ထုတ်ပေးနေတာ မဟုတ်ဘူးရယ် ။

ဒါ့ကြောင့် - အခု မေးလာတဲ့ မေးခွန်းတိုင်း ကို ဘယ်မေးခွန်း မဆို ကျနော် ဖျက်ချ ပါတယ်။ အမေးစာသား စကားလုံးတွေ အတွက် - ဖျက်ချ ရတာကလည်း "စကားလုံး" တွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားလုံးတွေဟာ တူ လက်နက် သက်သက် ။ သူ့ ရည်ရွယ်ချက် က နောက်ဆုံး မှာ ခင်ဗျားရဲ့ အမေးပြုလိုစိတ် ( Questioning ) တစ်ခုလုံး ပြိုပျက်သွားဖို့ပဲ ။ ကျနော် တစ်ခု ဖျက်ရင် - အဲ့အပေါ် နင်းပြီး  ခင်ဗျား မေးခွန်း တစ်ခု ထပ်ထုတ်ကောင်း ထုတ်နိုင်ပါယ်။ အဲ့ဒီ ထပ်ထုတ်လာရင်လည်း  ကျနော် ပြန်ဖျက်ချ ဦးမှာပဲ။
ခင်ဗျား လည်း ဘယ်လောက် မေးနိုင်မလဲ။ ကျနော် ရော ဘယ်လောက် ဖျက်ချနိုင်မလဲ ။

အဆုံးသတ်မှာ ခင်ဗျား သန္တာန်ထဲက အမေးပြုလိုစိတ် ဟာ မလိုအပ်နေကြောင်း ကိုယ်တိုင် သိသွားဖို့သာ ပဓာန ဖြစ်ပါတယ်။ အမေး စကား မရှိဘဲ - လက်ရှိခဏ အပေါ် အသိသတိနဲ့ နေထိုင်နေတဲ့ ခဏ - ခင်ဗျား အတွက် ကြည်လင်မှု သာ တည်ရှိနေတော့တယ် ။ အဲ့ဒီ အခါမှာလည်း ခင်ဗျား အတွက် ဘယ်မေးခွန်းမှ မလိုအပ်ကြောင်း - မိမိ ကိုယ်ကိုယ် မိမိ  သိနိုင်ပါတယ်။

..............
March 13rd 2012 at 5:05 PM
..............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...