မိခင်၏စာမျက်နှာနှင့် မြင့်မိုရ်တောင်တမ်းခြင်း
ကိုတိုက်မောင်း (ခ) ကေကေးဇံ
( …. …. )
၁။ လောကပါလတရား
(…. တခါတလေ)
မစို့မပို့လေး လိမ္မာနေတဲ့ညမှာ
ကဗျာဆရာ
အမေ့ကို ကန်တော့ လိုက်ချင်တာ လက်ကုန်ပဲ။
၂၊ အမေနဲ့ ကဗျာဆရာ
မကြာမကြာ …. ဆွေးနွေးငြင်းခုံ
ရန်ကုန်မြို့ကြီးကို ပြာချ
…. …. ပြန်ဆောက်
ဟီရိုရှီးမားနောက်လိုက်လို့ အမေက စွပ်စွဲ
ကဗျာဆရာ ရယ်ကျဲကျဲ နေခဲ့ရ။
ဘုရားသခင်တွေနဲ့စကားများ
လိမ္မာရေးခြားမှုတွေလွင့်ပြစ်
ကဗျာဆရာလက်သစ်
အမေစိတ်ညစ်ခဲ့။
ဘုရားထူးခံ အရှင်နှစ်ပါး
အကျဉ်းသား
သနားခဲ့
စာနာခဲ့
ကြေလည်ခဲ့
ရတနာပုံနဲ့ ကျွန်ဇာတ်လမ်း
အမေ့လိုမလွမ်းတတ်
တွိုင်ဘီနဲ့ အစေးမကပ်သူ ကဗျာဆရာ
အမေနဲ့ ရန်ဖြစ်ပါတယ်။
ကုန်ဈေးနှုန်းတွေမကျလို့
ကမ္ဘာလုံးကြီးပေါ်က လိမ့်ကျ
(…. နောက်ထပ်ကျစရာမရှိတော့လို့)
သိက္ခာတွေကျ
အမေက
သူစားဖူးတဲ့ခေတ်
လူပြန်ဖြစ်ဖို့ တမ်းတ
ကဗျာဆရာရဲ့
ဝေဖန်ရေးထဲ လိမ့်ကျပြန်ပါတယ်။
(ကဗျာဆရာဟာ….)
အမေမစားဖူးသေးတဲ့ခေတ်
လူဖြစ်ဖို့မှန်းဆ
တညထဲနဲ့ ခေတ်တခုဆောက်
မြို့မြောက်ဖက် ညောင်ပင်ကြီးက
ခရီးစပါလေရော ….။
၃။ တော်လှန်စရာတွေများလွန်းလို့
ကိုယ့်ကိုယ်ကို အရင်တော်လှန်
ဝီရရသကို ရန်စ
ရူပကအလင်္ကာစုံနဲ့
ကဗျာဆရာ) …. သူပုန်ဖြစ်ခဲ့ပေါ့
ဂုဏ်ယူတော့အမေ။
၎။ “သူပုန်းသစ် … သူပုန်သစ်”
ခေတ်ရှေ့ကို ပြေး
ခေတ်နောက်ကိုပြေး
ပြေး …. ပြေး …. ပြေး ….
ကိုယ်သေး ခေါင်းကြီး
အမြီးမနိုင် …. ခေါင်းမနိုင်ဟေ့
အမေ့ပုံပြင်ကြားမိတယ်။
“ငှက်ဆိုတာ ပျံရင်းသေတယ်
လူဆိုတာ ကြံရင်းသေတယ်”
အမေမှားတော့မယ်
လူဆိုတာ …. ကျန်ရင်းသေတယ်။
ဦးနှောက်နှစ်လုံးနဲ့ တိုက်ပွဲမှာ
ကဗျာဆရာ ကျန်ခဲ့။
ဘီယာဘူးခွံတွေနဲ့ တိုက်ပွဲမှာ
ကဗျာဆရာ ကျန်ခဲ့။
မတ်တပ်ရပ်သေခဲ့။
သခင်ဘသောင်း အကုမြန်လို့
ရှင်သန်ခွင့်လေးရ
ရောဂါဘယကင်းဝေးတဲ့ စိတ်ဓါတ်လေးနဲနဲကျန်
လူပြန်ဖြစ်
သခင်ခေတ်ကို ရောက်ခဲ့ရ။
သခင်မျိုးဟေ့ …. ဒို့ဗမာ
သုံးခါအော်
သေပျော်ပြီ …. အမေ။
လူတယောက်ဟာ
သမိုင်းစာရွက်တွေကြား
အခါခါဖြတ်သွားခွင့်ရှိတယ်။
ကဗျာဆရာ
နှစ်ခါလောက်ဖြတ်သွား
ကြားရချက် မသက်သာ
မြင်ရချက် မသက်သာ
နောက်တခါ လူပြန်ဖြစ်တတ်ခဲ့ရင်
မသင်ချင်ဆုံး ဘာသာတွဲ
သမိုင်းပဲ အမေ။
ဘုရားကျွန်
ကျောင်းကျွန်
အိမ်ကျွန်
မြေကျွန်
…. …. ကျွန်မျိုးစုံကြား
အသိတရားရဲ့ကျွန်ဖြစ်ခဲ့ရ
သခင်စိတ်ကလာ …. လာနှိုး
တန်ခိုးပြ
သိင်္ဂါရနယ်ပယ်
တယ် … မစားသာလှပါအမေ။
အမှန်တရားဟာ
တအားရောင်းကောင်းတဲ့ ပစ္စည်းပေါ့။
ကဗျာဆရာတော့ မ၀ယ်လိုက်နိုင်ဘူးအမေ။
ကံကောင်းလို့ သူပုန်လေးတခါလာဖြစ်မိ
ဟိုလူ့မျက်နှာကြည့်
သည်လူ့မျက်နှာကြည့်
ကြည့်ရ
ရှောင်ရ
ကြောက်ရ
ကြောက်စရာ ရှားလို့
ကိုယ့်ကိုယ်ကို ကြောက်ရ။
သူပုန်မဖြစ်လိုက်မှာ စိုးလို့
ယိုယိုကျိုးကျိုး ဆက်ဆံရ
ဒေါသတွေ ရောင်းလို့ရရင်
ဘီလျှံနာတောင် ဆင်ထိမ်းခန့်လို့ရမယ်။
.… ….
…. ….
ဤကဗျာသည် ကဗျာဆရာကိုယ်တိုင် အဆုံးသတ်ခွင့် မရနိုင်ခဲ့သည့် ကဗျာတပုဒ်ဖြစ်ပါသည်။
( ၀ိရောဓိလွင်ပြင်နှင့် သတ္တိတသောင်းအောင်ပွဲ ကဗျာစာအုပ်မှ ....)
0 comments:
Post a Comment