Monday, March 5, 2012

ဒီမိုကရေစီအတွက် ရုန်းကန်ကြ - အမှတ်စဉ် (၆) မျိုးသန့်

by Myo Thant on Monday, March 5, 2012 at 8:48am ·
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဒီမိုကရေစီစနစ်သည် ဒီမိုကရေစီစနစ်ဖြစ်ပြီး၊ အာဏာရှင်စနစ်သည် အာဏာရှင်စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နှင့် အာဏာရှင်စနစ် ၎င်းစနစ်နှစ်ခုကို တခုနဲ့တခု ရောယှက်ထား၍ မရပေ။ သို့သော် အာဏာရှင်တွေက လူတွေကို မကြာခဏဆိုသလို မျက်လှည့်ပြတတ်ကြပါတယ်။


ဒီမိုကရေစီအစိုးရဖြစ်နေပြီ၊ အပြောင်းအလဲတွေရှိနေပြီ၊ စသည်တို့ကို ကြွေးကြော်လေ့ရှိပါတယ်။ တကယ်တမ်းမှာ ဒီမိုကရေစီ ဆိုဒါဟာ ကြွေးကြော်ရန် မဟုတ်၊ လက်တွေ့ကျင့်သုံးရသော စနစ်ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်၏ ဒီမိုကရေစီအတွက် ရုန်းကန်ကြ စာစဉ်၏ အရှေ့ပိုင်းလောက်မှာ စပြီး၊ ဒီမိုကရေစီစနစ် ရှိတယ်၊ မရှိဘူး စသည့်တို့ကို လေ့လာ တိုင်းတာ နိုင်သော အချက်များကို တင်ပြထားခဲ့ပါတယ်။

ယခုတင်ပြလိုဒါက - အာဏာရှင်စနစ် အကြောင်းဖြစ်ပါတယ်။

အာဏာရှင်တို့၏ စရိုက်လက္ခဏာများကို ရှင်းလင်းစွာ သိရှိထားလျင် အာဏာရှင်စနစ်အကြောင်းကို သေချာစွာ နားလည်နိုင်မှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက တိုင်းရင်းသား ပြည်သူများအနေဖြင့် အာဏာရှင်စနစ်၏အောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့၍ ကိုယ်တွေ့ အတွေ့အကြုံများရှိနေသည်ကို ကျွန်တော်အနေဖြင့် သိရှိပါတယ်။ သို့သော် ဒီနေရာတွင် အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီစနစ်တို့၏ မတူညီ ခြားနားချက်များကို တင်ပြလိုသောကြောင့်ဖြစ်ပါတယ်။

နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာရာတွင် နိုင်ငံတစ်ခုတွင် အာဏာကြီး (၃)ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး တို့ကို မည်သူတွေက ကိုင်တွယ်ကျင့်သုံးနေပါသနည်း။ ဥပမာ- ပြည်သူလား၊ (ဒါမှမဟုတ်) လူပုဂ္ဂိုလ်တစ်ဦး၊ (သို့မဟုတ်) လူတစ်စုလား။ အကယ်၍ ယင်းအာဏာကို ပြည်သူကိုယ်တိုင်က(တိုက်ရိုက်၊သွယ်ဝိုက်ဒီမိုကရေစီစနစ်ဖြင့်) လွတ်လပ်စွာ ကျင့်သုံးနိုင်လျင် ဒီနိုင်ငံမှာ ဒီမိုကရေစီစနစ် ရှိနေပြီလို ယေပူယျ ယူဆ နိုင်ပါတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်တစ်ဦး၊ (သို့မဟုတ်) လူတစ်စုထဲမှာ အာဏာကို အကန့်အသတ်မရှိ အထိန်းအကျောင်းမရှိ တည်ရှိနေလျင်- ဒီနိုင်ငံတွင် အာဏာရှင်စနစ်တည်ရှိနေပြီဟု ဆိုနိုင်ပါတော့တယ်။

အာဏာရှင်တွေဟာ ပုံစံအမျိုးမျိုးဖြင့် နိုင်ငံရေးစနစ်ထဲတွင် အရပ်သား အနေဖြင့်သော် လည်းကောင်း၊ စစ်သား အနေဖြင့်သော် လည်းကောင်း တွေ့ရှိနိုင်ပါတယ်။

သူတို့၏ စရိုက်လက္ခဏာတွေကို ကြည့်လျင်- ပြည်သူတွေကို အကြောက်တရားဖြင့် အုပ်ချုပ်လေ့ရှိပါတယ်။ အာဏာကို မိမိကိုယ်ကျိုးနှင့် မိမိအာဏာတည်မြဲရေးအတွက် ပြည်သူတွေကို ခြိမ်းခြောက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနဲ့ သတ်ဖြတ်ခြင်းများအထိ ပြုလုပ်တတ် ပါတယ်။ နောက်ပြီး ကတိကို လွယ်လွယ်ပေးတတ်ပြီး၊ ၎င်း ကတိကို လွယ်လွယ်ဖျက်တတ်ပါတယ်။ 

တချို့ဆိုလျင် သားစဉ်မြေးဆက်အလိုက် (သို့မဟုတ်) လူတန်းစားအပေါ် (သို့မဟုတ်) ဘာသာရေး၊ နိုင်ငံရေးဝါဒတွေအပေါ် အခြေခံလျက် အာဏာကို ပြည်သူလက်ထဲဆီသို့ ရောက်မသွားစေရန်၊ အုပ်စုဖွဲ့ကာ ချုပ်ကိုင်ထားတတ်ပါတယ်။ ဥပမာပြောရလျင်- အဖေက သူစိတ်ချရသော သားသမီးကို လည်းကောင်း၊ အာဏာကို ချုပ်ကိုင်ထားသော စစ်ရေး (သို့မဟုတ်) နိုင်ငံရေးပါတီခေါင်းဆောင်က သူ့စိတ်ကြိုက် လူတွေကို ရွေးချယ်ပြီးတော့ မိမိတွင် တည်ရှိနေသော အာဏာကို အပ်နှင်းထားတတ်ကြပါတယ်။

ရွေးကောက်ပွဲတွေကို ဟန်ပြအဖြစ်သာ လုပ်တတ်ပြီး၊ ရွေးကောက်ပွဲကျင်းပစဉ်မှာ မဲခိုး မဲလိမ်မှုများဖြင့် မိမိအတိုက်ခံတွေကို အနိုင်ယူ တတ်ပါတယ်။ ထိုမျှမက မိမိအတိုက်အခံတွေကို ကိုယ်အမူအရာ နှုတ်အမူအရာဖြင့်၊ (ဒါမှမဟုတ်) ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းနဲ့ လုပ်ကြံသတ်ဖြတ်ခြင်းများအထိပါ ပြုလုပ်တတ်ပြီး။ မီဒီယာတွေမှာ (သို့မဟုတ်) လူမြင်ကွင်းတွေမှာလည်း သူတို့ကို ပြည်သူတွေက အင်နဲ့အားနဲ့ထောက်ခံနေသရောင် အမြဲတမ်း ၀ါဒဖြန့်လေ့ရှိပါတယ်။

သမိုင်းနောက်ခံ
ကမ္ဘာသမိုင်းတွင် အာဏာရှင်စနစ်ပေါ်ထွန်းခဲ့ဒါကို ပြန်ကြည့်လျင် ယေပူယျအားဖြင့် အဓိပ္ပါယ်သုံးမျိုး ပေါ်ထွက်နိုင်ပါတယ်။

(၁) ရိုမန် အာဏာရှင်တွေ၊ ရိုမန် ဧကရာဇ်တွေဆိုသော အနောက်နိုင်ငံသမိုင်းတွေကို ကျွန်တော်တို့ ကြားဖူး၊ ဖတ်ဖူးကြမှာပါ။ သူတို့ခေတ်က သူတို့တကယ် အာဏာရှင်စံစွာ အာဏာကို သုံးတဲ့နေရာမှာ အရေးပေါ်အခြေအနေတွေဖြစ်လာမှာသာ အာဏာကို လုံးဝဿုံ သုံးလေ့ ရှိတတ်ပါတယ်။ ခရစ်တော်မပေါ်မှီ (၂)ရာစု အစမှ နောက်ပိုင်းတွေမှာ တကယ့် အာဏာရှင်ကြီးတွေရယ်လို့ မတွေ့ရပါဘူး။ ဒီနောက်ပိုင်းမှာတော့ ရိုမန်ဧကရာဇ်တွေဟာ တကယ့် အာဏာရှင်အဖြစ် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့အာဏာကို သုံးခဲ့ရာမှာ ကျိုးကြောင်း ဆင်ခြင်မှု မပြုပဲ စိတ်ထင်ရာစိုင်းပြီး သုံးခဲ့ဒါတွေတော့ မရှိခဲ့ကြပါဘူး။ ၎င်းအာဏာမျိုးကို သုံးစွဲ လိုက်ရလျင် ဖြစ်ပေါ်လာသော အကျိုးဆက်တွေကို ရိုမန် ဧကရာဇ်တွေက တာဝန်ယူခဲ့ကြရပါတယ်။ ဒီလို အာဏာကို သုံးသည့် အခါတွင် မှန်ကန်မှုများ ရှိ၊ မရှိ ပြန်ပြန်လှန်လှန် သုံးသပ်၍ လိုအပ်သည်များကို ဆင်ခြင်းပြီး ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ရပါတယ်။

(၂) အာဏာရှင်စနစ်ဆိုဒါ အစိုးရအာဏာကို လူတစ်ယောက် (သို့မဟုတ်) လူတစ်စုကသာ ချုပ်ကိုင်ခြယ်လှယ်နေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် အစိုးရအာဏာဟာ လူတစ်ယောက် (သို့မဟုတ်) လူတစ်စု၏ လက်ထဲမှာ အမြဲ ရှိနေရသည်မှာ- အင်အားသုံး၍သော် လည်းကောင်း၊ သားစဉ်မြေဆက် လက်ဆင့်ကမ်းလာလို့သော် လည်းကောင်း ရှိနေကြဒါဖြစ်ပါတယ်။ အာဏာရှင်တွေဟာ ၎င်းတို့ အာဏာတည်မြဲရေး အတွက် ပြည်သူတွေ၏ လွတ်လပ်မှု့ အခွင့်အရေးများကို အမြဲတမ်း ကန့်သတ် ပိတ်ဆို့ထားတတ်ကြပါတယ်။

(၃) အာဏာရှင်စနစ်တွင် လူတစ်ယောက် (သို့မဟုတ်) လူတစ်စုသည် ဥပဒေအရ သော်လည်းကောင်း၊ အခြေခံဥပဒေက သော်လည်းကောင်း (သို့မဟုတ်) အခြားသော လူမှုရေး၊ နိုင်ငံရေးအရသော် လည်းကောင်း၊ နိုင်ငံတစ်ခုတွင် အာဏာကို ကန့်သတ်ချက်မရှိ ကျင့်သုံးနိုင်မှုများ ရှိနေခြင်း ဖြစ်ပါတယ်။

(၂၀)ရာစုနဲ့(၂၁)ရာစု အစောပိုင်းတွေမှာ သက်ဦးစံပိုင်ပဒေသရာဇ်စနစ်ပုံစံဖြင့် အာဏာရှင်စနစ်သည် ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာ ခဲ့ကြပါတယ်။ မိသားစုတစ်ခုကနေ သားစဉ် မျိုးဆက် အုပ်ချုပ်သော စနစ်ဖြစ်ပြီး။ ဒီလိုခေါင်းဆောင်တွေကို ရှင်ဘုရင်တွေ၊ ဧကရာဇ်တွေ ဆိုသည်ထက် သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ဆိုပြီးပြောင်းလဲခေါ်ဆိုလာကြပါတယ်။ ဒါပေမယ့် နိုင်ငံရေးအာဏာကို ၎င်းတို့ မိသားစုဝင် အတွင်းမှာသာ လက်ဆင့်ကမ်းနေခဲ့ကြဒါပါ။

နိုင်ငံရေးသိပ္ပံဘာသာရပ်ကို လေ့လာနေသူတွေအတွက်တော့-
 အာဏာရှင်စနစ်ဖြင့် တည်ရှိနေသော အစိုးရအာဏာသည် မဲဆန္ဒရှင် ပြည်သူတွေက အချိန်မှန်မှန်ကျင်းပသော ရွေးကောက်ပွဲများမှ အပ်နှင်းထားသည့် အာဏာမဟုတ်သောကြောင့် ဒီမိုကရေစီစနစ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန်ကျင့်နေကြောင်းကို အမြဲတမ်းထောက်ပြလေ့ရှိ ပါတယ်။ နောက်ပြီး အာဏာရှင်တွေဟာ မိမိအာဏာတည်မြဲရေးအတွက် မိမိ၏ အာဏာအခြေခံ အဆောက်အအုံကို ခိုင်မာသည်ထက် ခိုင်မာစေရေးအတွက်ပဲ- အမြဲစိတ်ဝင်စားပြီး၊ ပြည်သူအကျိုးအတွက် လုံးဝ စိတ်ဝင်စားမှု မရှိပေ။

၁၉၃၀၊ ၁၉၄၀နှင့် ၁၉၅၀ပြည့်လွန်နှစ်များတွင် ကမ္ဘာပေါ်မှာ အာဏာရှင်အမျိုးမျိုးပေါ်ပေါက်ခဲ့ဒါကို တွေ့ရှိရမှာပါ။ ဂျာမဏီက နာဇီခေါင်းဆောင် ဟစ်တလာ၊ အီတလီက ဖက်ဆစ်ခေါင်းဆောင် မူဆိုလိုနီ၊ ဆိုဗီယက်ရုရှားက ကွန်မြူနစ်ခေါင်းဆောင် ဂျိုးဆက် စတာလင်၊ တရုပ်ပြည်က ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်တို့အပါအ၀င် အာဏာရှင်များစွာကို ဥရောပ၊ လက်တင်အမေရိက၊ အာရှ၊ အာဖရိကနိုင်ငံတွေမှာ တွေ့ရှိရမှာပါ။ ထို့အပြင် အာဏာရှင်များကို စစ်ဗိုလ် အဖြစ်သော်လည်းကောင်း၊ အရပ်သားသမ္မတအဖြစ်သော် လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် တွေ့ရှိနိုင်ပါသေးတယ်။

တစ်ချို့အာဏာရှင်များသည် နိုင်ငံ၏ အခြေခံဥပဒေကို ဖျက်သိမ်းဒါတွေ၊ လျစ်လျူရှုဒါတွေ၊နောက်ပြီးတော့ အခြေခံဥပဒေအတွင်းမှာ သူတို့၏ တရားဝင်လုပ်ပိုင်ခွင့်များကို သက်မှတ်ပေးထားရဒါတွေ စသည်တို့ကိုရှိနေကြောင်းကို တွေ့ရှိနိုင်ပါတယ်။

ဒီနေရာမှာ အခြေခံဥပဒေအရ အာဏာရှင်အဖြစ် သတ်မှတ်ပေးထားမှု၏ ရည်ရွယ်ချက်က- တကယ်တမ်းမှာ နိုင်ငံအတွင်း အရေးပေါ် အခြေအနေတွေဖြစ်လာသည့်အခါ ကြမှသာ နိုင်ငံတော်၏ အာဏာကြီး(၃)ရပ်ကို သမ္မတ (သို့မဟုတ်) စစ်ဦးစီးချုပ်က အာဏာရှင်အဖြစ် မိမိစိတ်ကြိုက် အုပ်ချုပ်ခွင့်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတွေမှာ အခြေခံဥပဒေအရ အဲဒီလို အာဏာကြီး (၃)ရပ်ကို ကျင့်သုံးဖို့ဆိုဒါဟာ အရေးပေါ် အခြေအနေဖြစ်လာ မှသာ ကျင့်သုံးပိုင်ခွင့် ရှိပေမယ့် အကန့်အသတ်တွေတော့ သေချာစွာရှိနေပါတယ်။ ပြည်သူ၏ အခွင့်အရေးများကို ထိခိုက်မှု မရှိအောင် ဥပဒေပြုအဖွဲ့နဲ့ တရာစီရင်းရေးအဖွဲ့များက အုပ်ချုပ်ရေးအာဏာပိုင်များကို အမြဲတမ်း စစ်ဆေးမေးခွန်းထုတ်ကြပါတယ်။ အုပ်ချုပ်ရေး အာဏာပိုင်များဖက်ကလည်း အဲဒီမေးခွန်းများအတွက် ခိုင်လုံသော မှန်ကန်သည့် အဖြေများဖြင့် အစဉ်သင့် ဖြေရှင်းနိုင်ရပါတယ်။

ယင်းအာဏာကို ကျင့်သုံးသောသူသည် ၎င်းရာထူးသက်တမ်းအတွင်းမှာသာ ထိုအာဏာမျိုးကို ကျင့်သုံးနိုင်ပြီး၊ ရွေးကောက်ပွဲ များကို ရှောင်ရှား၍ မရပေ။ ထို့အပြင် ယင်းကဲ့သို့ အာဏာမျိုးကျင့်သုံးခွင့် ရှိသည့် (အမေရိကန်) သမ္မတမျိုး ဆိုလျင် သက်တမ်းပြည့် (၂)ကြိမ်ပဲ ယူခွင့် ရှိကြောင်းကို အခြေခံဥပဒေပြင်ဆင်ချက် (၂၂) တွင် ပြင်ဆင်ချက်အဖြစ် ထည့်သွင်းထားဒါကို တွေ့ရှိရမှာပါ။

 ဥပမာပြောရလျင်-အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေမှာ သမ္မတ၏ လုပ်ပိုင်ခွင့်များထဲတွင် တခုက ပုံမှန်ကျင်းပမြဲ လွှတ်တော်ကို သမ္မတအနေဖြင့် လိုအပ်တယ်ဆိုလျင် ရပ်ဆိုင်းထားခွင့်နဲ့ အခြားသော သာမန်အာဏာထက်ပိုပြီး လွန်ကဲစွာပေးထားပါတယ်။

- အမေရိကန်သမိုင်းမှာ သမ္မတ အေဗရာဟမ် လင်ကွန်း လက်ထက်တွင် ပြည်တွင်းစစ်ဖြစ်နေသော အချိန်ဖြစ်၍- သူ၏ သမ္မတအာဏာကို အပြည့်အ၀ အသုံးချခဲ့ပါတယ်။ တောင်ပိုင်းနဲ့ မြောက်ပိုင်း ဖြစ်နေသော စစ်ပွဲမှာ သမ္မတ တစ်ယောက်အနေဖြင့် ယူနီယံ (ပြည်ထောင်စု)ကို မပျက်ပြားသွားအောင် ကာကွယ်ခဲ့ရဒါတော့ ရှိခဲ့ဖူးပါတယ်။

ထို့ကြောင့် သမ္မတအာဏာဖြင့် ကွန်ဖက်ဒရိတ်များ (အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသော ပြည်နယ်များ၊ (၁၁) ပြည်နယ်)ကို ဖမ်းဆီးခဲ့ဒါတွေ၊ ထိန်းသိမ်းခဲ့ဒါတွေနဲ့ ၎င်းအကျဉ်းသားများအတွက် တရားဥပဒေအရ တရားရုံးတွေမှာ တရားသူကြီးများမှ လွတ်လပ်စွာ အပစ် ရှိ မရှိ စစ်ဆေးပိုင်ခွင့်များ၊ အကယ်၍ အပစ် မရှိလျင် လွှတ်ပေးနိုင်သော အခွင့်အရေးများ စသည်တို့ကို ပိတ်ပင် ခဲ့ဒါတွေရှိရမှာပါ။

ဒါပေမယ့် ကွန်ကရက်အနေဖြင့် ၎င်းသမ္မတအာဏာကို ပြန်လည် စစ်ဆေးမှုနဲ့ တရားရေးဆိုင်ရာကလည်း စမ်းစစ် သုံးသပ်မှုများ ကိုတော့ ပြန်၍ လုပ်ပိုင်ခွင့်များ ရှိပါတယ်။ နောက်ပြီး သမ္မတအနေဖြင့် ဆက်လက်ပြီး၊ အချိန်မှန်မှန် ကျင်းပသော ရွေးကောက်ပွဲများကို ရှောင်လွဲ၍ မရ၊ ဖြတ်သန်းရပါတယ်။

- ကမ္ဘာစီးပွားရေးပျက် ကပ်ဆိုက်နေပြီးဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားနေသော ကာလ ထိုသို့သော အခြေအနေနှစ်ရပ်အောက်မှာ သမ္မတ ဖရင်ကလင် ဒီ ရုစဗဲ့အနေဖြင့် သာမန် မဟုတ်သော အာဏာမျိုးကို သုံးခဲ့ပါတယ်။ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်များနဲ့ စီးပွားရေး လုပ်ငန်းဆိုင်ရာတွင် အစိုးရက စွတ်ဖက်မှုမပါသော စာချုပ် ချုပ်ဆိုလုပ်ကိုင်ခွင့်များ စသည်တို့ကို သမ္မတအာဏာဖြင့် ယာယီရပ်ဆိုင်းထားခဲ့ ပါတယ်။ ဘဏ်တွေကို ပိတ်ထားရဒါတွေ၊ ဘဏ်တွေ၏ ငွေကြေး အကြပ်အတည်းများကို ဖြေရှင်းခွင့်အပါအ၀င် အခြေခံဥပဒေ၏ အခြားသော အခွင့်အရေးများကို ကန့်သတ်ခဲ့ ဒါတွေရှိပါတယ်။ နောက်ပိုင်းမှာ ဂျပန်တွေ၏ စစ်ရေးတိုက်ခိုက်မှုများရှိလာပြီး၊ အမေရိကရှိ ဂျပန်တွေကို ထိန်းသိမ်းရေး စခမ်းများတွင် ရွေးပြောင်းနေထိုင်ရန် အမိန့်ထုတ်ခဲ့ဒါတွေရှိပါတယ်။

ဒါတွေဟာ အခြေခံဥပဒေဖြင့် သမ္မတအာဏာကို အပြန်အလှန် ထိန်းကျောင်းနိုင်ရေးအတွက် ကြီးမားသော စိန့်ခေါ်မှုကြီးတရပ်ပါ။ ထို့ကြောင့် လူတစ်ကို အာဏာကို ယင်းကဲ့သို့ လွန်ကဲစွာပေးထားသောကြောင့် အပြန်အလှန်ထိမ်းကျောင်းနိုင်ရေးအတွက် နောက်ပိုင်းမှာ သမ္မတလုပ်သူသည် သက်တမ်း(၂)ကြိမ်သာ လုပ်ခွင့်ရှိကြောင်းဟု အခြေခံဥပဒေကို ပြင်ဆင်ခဲ့ရပါတယ်။

ဂျာမဏီနိုင်ငံက ဥပမာကတော့- သိပ်စိတ်ဝင်စားစရာကောင်းပါတယ်။ အကြောင်းက ပါလီမန်ဒီမိုကရေစီစနစ်ကနေ ဟစ်တလာလို အာဏာရှင်တယောက်ရယ်လို့ပေါ်ပေါက်ခွင့် ရလိုက်တဲ့အချက်ပါပဲ။ ပထမကမ္ဘာစစ်အပြီး (၁၉၁၈) ဂျာမဏီနိုင်ငံတွင် တော်လှန်ရေးတရပ်ပေါ်ပေါက်ခဲ့ပါတယ်။ (၁၈၇၁)က စတင်တည်ရှိလာသော ဂျာမန်အင်ပါယာကြီးကို ဖျက်သိမ်းပြီး၊ ဝေမာရီပတ်ဘလစ်(ခ်)အမည်ဖြင့် ၁၉၁၉တွင် ကိုယ်စားပြု ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေပြုထားသော စနစ်ဖြင့် အုပ်ချုပ်ရေးအတွက် အခြေခံဥပဒေအသစ်တရပ် ပေါ်ပေါက်လာခဲ့ပါတယ်။

၎င်းအခြေခံဥပဒေထဲမှာ သမ္မတ၏ လုပ်ပိုင်ခွင့်တရပ်က သမ္မတသည် ဥပဒေပြုလွှတ်တော်ကို မတိုင်ပင်ဘဲ အုပ်ချုပ်နိုင်သော အာဏာရှိခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ထို့အချက်ကြောင့် နောက်ပိုင်းမှာ ဝေမာရီပတ်ဘလစ်(ခ်)စနစ်ကြီးတခုလုံး ပျက်ပြားသွားခဲ့ရသည်အထိ ဖြစ်သွားခဲ့ရ ပါတော့တယ်။ အကြောင်းက နာဇီပါတီ တစ်ခုတည်းက အာဏာကို လက်ဝါကြီးအုပ်နိုင်ရေးဖြစ်လာသော အချက်ပါ။

ဂျာမဏီ သမ္မတ၏ လုပ်ပိုင်ခွင့်သည် ၀န်ကြီးချုပ်ကို ရွေးချယ်ခန့်အပ် ပိုင်ခွင့်ရှိပါတယ်။ ထိုအချက်ကြောင့် ဟစ်တလာသည် သူကို ၀န်ကြီးချုပ်အဖြစ်ရွေးချယ်ရန် သမ္မတကို ဖိအားပေးနိုင်ခဲ့ပြီး၊ သူအာဏာရှင်ဖြစ်လာစေဖို့အတွက် ဒီအခြေအနေကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့တယ်လို့ နိုင်ငံရေးဆိုင်ရာ သမိုင်းကိုလေ့လာသူတွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

ဖြစ်စဉ်က ဒီလိုပါ။
၁၉၁၉ခုနှစ်တွင် ဟစ်တလာသည် ဂျာမန်အလုပ်သမားပါတီဝင်ဖြစ်လာခဲ့ပါတယ်။ ဒီအလုပ်သမားပါတီကို ပထမကမ္ဘာစစ်အပြီးတွင် ဖွဲ့စည်းတည်ထောင်ခဲ့သော ပါတီတခုဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ၎င်းပါတီသည် နာဇီပါတီအဖြစ်သို့ ရောက်သွားပါတော့တယ်။ မက်(စ်)၀ါဒ၊ ဝေမာရီပတ်ဘလစ်(ခ်)နဲ့ ဗာဆဲ(လ်)(စ်)စာချုပ်(ပထမကမ္ဘာဖြစ်အပြီးတွင် ဂျာမဏီနဲ့ အခြားသော မဟာမိတ်များအကြား ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးစာချုပ်)တို့ကို ဆန်ကျင့်သော ပါတီ။ နောက်ပြီး အစွန်းရောက် အမျိုးသားရေးဝါဒ၊ ဥရောပရှိ ဂျာမန်စကားပြောသော သူများ ပေါင်းစည်းပြီး တစ်ခုတည်းသော ဂျာမဏီနိုင်ငံ ဖြစ်ပေါ်လာရေးနဲ့ ဂျူးများကို မုန်းတီးတိုက်ခိုက်ရေး တို့အတွက် ဆောင်ရွက်လိုသော ပါတီဖြစ်ခဲ့ပါတယ်။

ကမ္ဘာစီးပွားရေးပျက်ကပ်ကြောင့် ဂျာမဏီနိုင်ငံတွင်လည်း စီးပွားရေး ကပ်ဆိုးကြီး ဆိုက်ရောက်နေသည့် အချိန်ဖြစ်နေတော့၊ ဟစ်တလာဟာ ၎င်းအတွက် နိုင်ငံရေးဆိုင်ရာ အခွင့်အလမ်းကြီးတရပ်အဖြစ် ရရှိလာခဲ့ပါတယ်။ ကြမ္မာငင်ချင်တော့ ၁၉၃၃ ဂျာမန်ပြည်သူများနဲ့ ဂျာမန်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို လွှတ်တော်က ရေးဆွဲပေးလိုက်ပြီး၊ သမ္မတက မတ်လ၂၃ ၁၉၃၃တွင် လက်မှတ်ရေးထိုးပေး လိုက်ရာမှ  ဝေမာရီပတ်ဘလစ်(ခ်) (ခေါ်) ကိုယ်စားပြု ပါလီမန်ဒီမိုကရေစီစနစ် ပျက်သုဉ်းရန်အစ ဖြစ်လာခဲ့လေတယ်။

ယင်းနှစ်ထဲမှာပဲ- နာဇီပါတီဟာ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်မနိုင်ခဲ့သော်လည်း၊ လွှတ်တော်ထဲမှာ နေရာအများဆုံးရခဲ့လေတော့၊ နာဇီပါတီခေါင်းဆောင် ဟစ်တလာ၏ အရှိန်အ၀ါသည် မြင့်မားလာ၍ သမ္မတက သူကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ရတော့တယ်။ ဟစ်တလာ ၀န်ကြီးချုပ်ဖြစ်လာဒါနဲ့အတူ မဆိုင်းမတွပဲ ၎င်းကာကွယ်ရေး အက်ဥပဒေတွေဖြင့် မိမိအတိုက်အခံများကို နှိပ်ကွပ်လာတော့တယ်။

၁၉၃၄နှစ်တွင် သမ္မတ ပေါ(လ်) ဗန်(န်) ဟင်ဒန်ဘာ(ဂ်) သေဆုံးသွားရာ သမ္မတနေရာမှာ လစ်လပ်နေ၍ ဟစ်တလာသည် နိုင်ငံ၏ ခေါင်းဆောင်အဖြစ်သို့ ခိုင်မာစွာ ရောက်ရှိသွားရာ ဂျာမဏီသည် ဝေမာရီပတ်ဘလစ်(ခ်)ကနေ နာဇီ အာဏာရှင်နိုင်ငံအဖြစ်သို့ရောက်သွားခဲ့တော့တယ်။

အခြေခံဥပဒေဖြင့်အတွင်းရှိ ဒီမိုကရေစီစနစ်တည်ရှိနေခဲ့လျင်သော်လည်း အခြေခံဥပဒေအတွင်းအားနည်းချက်များကို ပြင်ဆင်နိုင်မှု မရှိလျင် အာဏာရှင်စနစ်ပေါ်ပေါက်လာနိုင်သည့်အချက်တချို့ကို သင်ခန်းစာယူနိုင်ရန်အတွက် ကမ္ဘာသမိုင်းတချို့ကိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်။


အကြမ်းနည်းဖြင့်(သို့မဟုတ်) အခြေခံဥပဒေနှင့် မညီညွတ်သော နည်းဖြင့် အစိုးရပြောင်းလဲခြင်း(သို့မဟုတ်) ရုတ်တရက် အာဏာသိမ်းခြင်း။

စစ်တပ်က အာဏာသိမ်းမှုကြောင့် အစိုးရတရပ်ကနေ နောက်အစိုးရတရပ်ဖြင့် ရုတ်တရက် အစားထိုးလိုက်ခြင်းဖြင့် အရပ်သား (သို့မဟုတ်) စစ်ကောင်စီက အာဏာရရှိ လာဒါမျိုးပါ။ ဒါမျိုးဟာ တချို့နိုင်ငံတွေမှာ ပြည်တွင်း စစ်ဖြစ်ပွားရသည်အထိ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ အာဏာသိမ်းမှုကို ဆန်ကျင့်ပြီး၊ ကျန်ရှိနေသော စစ်တပ် (သို့မဟုတ်) ပါလီမန်တို့က ပြန်လည် အာခံ တိုက်ခိုက်မှုတွေ မရှိဒါတွေကိုလည်း တွေ့ရှိနိုင်ပါတယ်။

၁၉၅၀နဲ့ ၂၀၀၀ခုနှစ်များအကြားမှာ အစိုးရကို ဖြုတ်ချမှု (သို့မဟုတ်) အာဏာသိမ်းမှုများကို အာဖရိကနိုင်ငံများမှာ အများဆုံးတွေ့ရှိရ မှာပါ။ အာဖရိကနိုင်ငံပေါင်း ၄၇နိုင်ငံရှိသည့်အနက် ၃၃နိုင်ငံအတွင်း (၈၅) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲက အများစုက အနောက်အာဖရိကတွင် (၄၂) ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ အပြုတ်ချခံရသော အစိုးရတွေက အရပ်သားအစိုးရများ ဖြစ်ကြပါတယ်။ နောက်ပြီး (၂၇) ကြိမ်ကတော့ စစ်အစိုးရတွေကို ဖြစ်ပါတယ်။ သွေးထွက် သံယို ဖြစ်ခဲ့ဒါက (၅) ကြိမ်ဖြစ်ပွားခဲ့ဒါကိုတွေ့ရှိရမှာပါ။

အစိုးရတရပ်ကို အာဏာသိမ်း၊ အင်အားသုံးပြီး ရုတ်တရက်ပြုတ်ချကြသည့် ရာခိုင်နှုန်းကတော့ ယခုအခါ ကမ္ဘာပေါ်မှာ ကျဆင်းလာခဲ့ပါပြီ။ အကြောင်းကတော့ အဲဒီလို အစိုးရကို ပြောင်းလဲပုံ ပြောင်းလဲနည်းဟာ အမတန်အန္တာရာယ်ကြီးမားပြီး၊ အာဏာသိမ်းသူတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ သက်ရောက်မှုတွေက အင်မတန် ပြင်းထန်တတ်သောကြောင့် ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းမှုဆိုလျင်တော့- ပုံမှန်အားဖြင့် အာဏာကို ရေရှည် ထိမ်းမထားပဲ၊ လက်ခံနိုင်သော အရပ်သားခေါင်းဆောင်တစ်ဦးထံ အာဏာပြန်လွှဲပေးလိုက်ဒါတွေရှိသလို၊ စစ်ကောင်စီအနေဖြင့် မိမိတို့ စိတ်ကြိုက် အုပ်ချုပ်ရေးစနစ်ကို ဖေါ်ထုတ်ခဲ့ဒါတွေ ရှိပါတယ်။ တချို့ဆို ရွေးကောက်ပွဲပြန်လုပ်ပေးပြီး၊ ဒီမိုကရေစီအစိုးရဆီကို အာဏာပြန် လွှဲအပ်ဒါတွေလည်းရှိပါတယ်။


နိုင်ငံရေးသိပ္ပံပညာရှင်တွေက ဒီလို စစ်တပ်က အာဏာသိမ်းမှုတွေကို သုံးသပ်ရာ အတန်းအစား(၃)မျိုးကို လေ့လာတွေ့ရှိထားပါတယ်။

(၁) အုပ်ချုပ်ရေးစနစ်သစ်တရပ်အတွက် အာဏာသိမ်းမှု။
တော်လှန်ရေးတပ်မတော်က အစဉ်အလာအရ အုပ်ချုပ်နေသော (သက်ဦးစံပိုင်) အစိုးရတရပ်ကို ပြုတ်ချပြီး၊ ၎င်းအစိုးရနေရာမှာ အရာရှိ အုပ်ချုပ်ရေး စနစ်ဖြင့် အစားထိုးလာခြင်း။ ၎င်းအာဏာသိမ်းမှုကို စစ်တပ်ထဲမှာ အရာရှိအလတ်နဲ့ အရာရှိအငယ်တန်းများက ပြုလုပ် တတ်ကြပါတယ်။ ဥပမာ-၁၉၁၁က တရုပ်ပြည်၊ ၁၉၄၄က ဘူးဂေးရီယား၊ ၁၉၅၂က အီဂျစ်၊၁၉၆၀က တူရကီ၊၁၉၆၇က ဂရိ၊ ၁၉၆၉က လစ်ဗီးယား၊ ၁၉၇၄က ပေါ်တူဂီ၊ ၁၉၈၀က လိုက်ဘေးရီးယားစသော နိုင်ငံများမှာ ဖြစ်ပွားခဲ့ပါတယ်။

(၂) စောင့်ရှောက်လိုသော အာဏာသိမ်းမှု။
အာဏာသိမ်းသူတွေက ရည်ရွယ်ချက်ရှိရှိဖြင့် တိုင်းပြည်မြို့ရွာငြိမ်ဝပ်ပိပြာရေး (သို့မဟုတ်) ပြည်သူများစည်းကမ်းသေ၀ပ်စွာရှိရေး၊ စီးပွားလုပ်ငန်းများ ပုံမှန်လည်းပတ်နိုင်ရေးနဲ့ အဂတိလိုက်စားမှုများကို အဆုံးသတ်သွားရေးတို့အတွက် အာဏာသိမ်းရပါတယ်ဟု အကြောင်းပြကြပါတယ်။ အခြေခံကျသော အစိုးရ၏ အာဏာတည်ဆောက်ပုံအထိ အပြောင်းအလဲကိုတော့ မလုပ်ကြပါဘူး။ ကာလတခုအတွင်းမှာဒါ လုပ်လေ့ရှိပါတယ်။ ဥပမာပြောရလျင်-ပါကစ္စတန်မှာလို အရပ်သားဝန်ကြီးချုပ် အလီဘူတို ကို စစ်ဦးစီးချုပ် မိုဟာမက် ဇီယာအူဟတ်ကပြုတ်ချခဲ့ခြင်း၊ ၁၉၉၉တွင် မူရှာရက်က န၀ပ် ရှာရစ်ဖ်ကိုပြုတ်ချခြင်း၊ ပါကစ္စတန်၊ တူရကီနဲ့ ထိုင်းနိုင်ငံတွေမှာ ဖြစ်ပွားသော အာဏာသိမ်းမှုတွေ မျိုးဖြစ်ပါတယ်။ ဒီလိုအာဏာသိမ်းမှုများသည် သွေးထွက်သံယိုမှုမရှိဘဲ အာဏာသိမ်းနိုင်ခြင်းကို တွေ့ရှိရမှာပါ။

(၃) တစ်ချက်လွှတ် တားမြစ်ပိတ်ပင်သော အာဏာသိမ်းမှု။
စစ်တပ်က ရွေးကောက်ခံအစိုးရတခုကို ပြုတ်ချသည့်အတွက် ပြည်သူတွေ၏ စုစည်းအင်အားပြတောင်းဆို ဆန့်ကျင့်လှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်းနင်း ဖြိုခွဲခြင်းမျိုးဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူတွေ၏ နိုင်ငံရေးဆိုင်ရာတောင်းဆိုမှုများကို စစ်တပ်က ထိပ်တိုက်တွေ့ပြီး အကြမ်းဖက် သတ်ဖြတ် ချေးမှုန်းကာ အစိုးရအုပ်ချုပ်ရေး အာဏာကို အဓမ္မရယူထားခြင်းဖြစ်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်ရေး မျိုးဖြစ်ပါတယ်။ အဲဒီလိုမျိုးကို ၁၉၇၃ခုမှာ ချီလီ၊ ၁၉၃၀မှ ၁၉၈၃အထိ အာဂျင်းတီးနားနဲ့၊ ၁၉၄၄ ဇူလိုင် (၂၀) ဂျာမဏီစစ်တပ်မှ ရွေးကောက်ခံအမျိုးသားဆိုရှယ်လစ်အစိုးရခေါင်းဆောင် ဟစ်တလာကို လုပ်ကြံပြီး အာဏာသိမ်းရန်ဆောင်ရွက်ရာ မအောင်မြင်ခဲ့ပေ။

အနှစ်ချုပ်ပြောရလျင် အပြောင်းအလဲဆိုဒါ ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီသို့ (ဒါမှမဟုတ်) ဒီမိုကရေစီစနစ်ဖြစ်တည်ရေး (သို့မဟုတ်) ဒီမိုကရေစီတည်တံ့ရေး စသည်တို့အတွက် အမြဲတမ်းဆိုသလို အရိပ်တကြည့်ကြည့်ဖြင့် ပြည်သူလူထုတရပ်လုံးက မိမိတို့အကျိုးအတွက်လူပ်ရှားပေးသူများဖြင့် ရုန်းကန်လှုပ်ရှားနေရပါတယ်။

အဲဒီလိုအခြေအနေတွေအတွက် ပြည်သူ့အာဏာလှုပ်ရှားမှုဖြင့် ပြည်သူလူထုကိုယ်တိုင် မိမိကြိုက်နှစ်သက်သော ခေါင်းဆောင်အတွက် လှုပ်ရှားမှုထဲတွင် ပါဝင်လာဒါတွေလည်းရှိတတ်ပါတယ်။ အစိုးရခေါင်းဆောင် အပြောင်းအလဲများတွင် (သမ္မတ) ရွေးကောက်ပွဲတွေတွင် အရှုံးအနိုင်ဆိုင်ရာ အငြင်းပွားမှုများ- ဥပမာ- ၁၉၈၆က ဖလစ်ပိုင်နဲ့ ၂၀၀၄က ဂျော်ဂျီယာတို့တွင်ဖြစ်ပွားခဲ့သော အဖြစ်အပျက်များဖြစ်ကြပါတယ်။

ပြည်သူလူထုက မိမိကံကျမ္မာကို မိမိကိုယ်တိုင် ဖန်တီးနိုင်ငံရေးအတွက် ပြည်သူကိုယ်တိုင် နိုင်ငံရေးနိုးကြားစွာပါဝင်နိုင်မှုနဲ့ စစ်မှန်သောခေါင်းဆောင်တို့က မှန်ကန်စွာ ဦးဆောင်ပေးနိုင်မှုများ လိုအပ်ပါတယ်။ တချို့နိုင်ငံတွေမှာဆိုလျင် အပြောင်းအလဲကို ခေါင်းဆောင်တွေက စတင်ပြုလုပ်လာဒါတွေလည်းရှိသလို့၊ ပြည်သူတွေ၏ ပူးပေါင်းပါဝင်မှုဖြင့် အာဏာရှင်တို့ကို အာဏာမှ ဖယ်ရှားနိုင်ဒါတွေရှိပါတယ်။

ပြည်သူနဲ့ခေါင်းဆောင်တွေ ဘယ်လောက်ပဲ အပြောင်းအလဲ လုပ်ချင်ပါစေ။ ဒီလိုအပြောင်းအလဲတွေကို စစ်တပ်က လက်မခံဒါတွေလည်း ရှိတတ်ပြီး၊ အပြောင်းအလဲကို အောင်မြင်စွာဖြစ်လာရန်အတွက် စစ်တပ်က မိမိတာဝန်နဲ့အခန်းကဏ္ဍကို နားလည်းပြီး၊ နိုင်ငံရေးထဲတွင် မပါဝင်ဒါတွေ၊ (ဒါမှဟုတ်)ပြည်သူ့ဆန္ဒကို ဖြည့်ဆီပေးမည့် ခေါင်းဆောင်ကို ထောက်ခံ ဒါတွေလည်း ရှိပါတယ်။

အဓိကက နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် နိုင်ငံရေးသမားများက ပြည်သူ့အကျိုးအတွက် ဖြေရှင်းနိုင်ခွင့် ရရှိနိုင်ရေးက အရေးကြီးပါတယ်။ ဒီမိုကရေစီဆိုဒါ လူတိုင်းက မိမိတာဝန်ကို မိမိသိရှိနားလည်ပြီး၊ ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ရန်ဖြစ်ပါတယ်။

ဆက်ရန်....မျှော်...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...