Thursday, March 22, 2012

မြတ်နိုးအတုယူဖွယ် စစ်ပြန်စစ်မှုထမ်းဘဝ (၃)



ခေါင်းဆောင်တတ်အောင် လေ့ကျင့်ပေးခြင်း

McKinsey & Co. မှာ လုပ်ကိုင်နေတဲ့ McNally က သူ့ရဲ့စစ်မှုထမ်းဘဝကို ဘဝင်ကျနှစ်ခြိုက်နေပုံ ရပါတယ်။ “ကျမတက္ကသိုလ်တက်ဖို့ ဆုံးဖြတ်ချိန်မှာ Yale ထက် West Point ကို ဦးစားပေးရွေးချယ်ခဲ့တဲ့ အဓိက အကြောင်းက အဲဒီမှာ ကျမအတွက် တက္ကသိုလ်ပညာရေး သာမက ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကိုလည်း ပြီးပြည့်စုံအောင် သင်ယူနိုင်လို့ပဲ။ ဦးဆောင်မှု ပညာရပ်ကိုလည်း ရရှိခဲ့တယ်။ တာဝန်ယူတတ်မှုရှိအောင်လည်း ကာလတိုအတွင်း သင်ပေးတယ်။ ဂျာမဏီမှာရှိစဉ်က ကျမ အသက် ၂၂ နှစ်၊ ကျမဟာ ကောလိပ်ပညာရေး မသင်ဖူးတဲ့ လူ ၃၀ ကိုကွပ်ကဲပြီး တာဝန်တွေကို ပြီးမြောက် အောင်ထမ်းဆောင်နိုင်ခဲ့တယ်။
 စစ်တက္ကသိုလ် ဆင်းမဟုတ်တဲ့ တက္ကသိုလ်ဘွဲ့ရအများစုဟာ  ကျမလိုမျိုးမလုပ်နိုင်တာ တွေ့ရတယ်” တဲ့။

McNally ရဲ့ West Point စစ်တက္ကသိုလ်တက်ဖို့ဆုံးဖြတ်ချက်ကို သူ့မိဘတွေ ဘဝင်မကျ ဖြစ်ခဲ့ရပါတယ်။ သူ့ဖခင် Dr. Richard Young ဟာ Yale တက္ကသိုလ်မှာ နှစ်ပေါင်း ၃၀ စာသင်သက်ရှိတဲ့ ကလေးဦးနှောက်နဲ့ အာရုံကြောပါရဂူ တဦးပါ။ Weat Point စစ်တက္ကသိုလ်တက်နေတဲ့ သူ့သမီး McNally ကို Dr. Richard သွား တွေ့တဲ့အခါ ဧည့်တွေ့ချိန် တမိနစ်ပဲရပါတယ်။ နောက်တော့ သူ့သမီးရှိတဲ့ စစ်တပ်အသိုင်းအဝိုင်းနဲ့ အကျွမ်း တဝင် ရှိလာပြီး သူကိုယ်တိုင် Connecticut National Guard မှာ စာရင်းသွင်းကာ စစ်မြေပြင်ဆရာဝန်အဖြစ်နဲ့ အီရတ်ကို လေးကြိမ်သွားရောက်ခဲ့ပါတယ်။ “ကျနော်တွေ့ဖူးခဲ့သူတွေထဲမှာ ဒီလူတွေဟာ အာဂလူတွေပဲ။ သာမန်လူထုကြားမှာပြန့်နှံ့နေတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့တန်ဖိုးကို ကျနော်သဘောကျမိတယ်” လို့ သူက ဆိုပါတယ်။
Wes Moore ကတော့ တပ်ထဲမှာရခဲ့တဲ့ တန်ဖိုးနဲ့ကျင့်ဝတ်က သူ့ဘဝကို ထိန်းကျောင်းပေးပါသတဲ့။ သူဟာ Baltimore မှာ ငယ်ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြီးပြင်းခဲ့ရတယ်။ သူ့အဖေဆုံးတော့ သူငယ်ငယ် လေး ရှိသေးတာ။ သူတို့မိသားစု ဒုက္ခတွေ သီဝေခဲ့ရတယ်။ သူ Vally Forge Military Academy မှာ တက်နေ တုန်း သူ့အမေ နဲ့ အဖိုးအဖွားတို့က ဒုက္ခသုက္ခခံပြီး ငွေပို့ရတယ်။ သူ အဲဒီကနေ ကြည်းတပ်ကိုရောက်တယ်။ နောက် John Hopkins University နဲ့ Oxford တို့မှာ ဆက်တက်တယ်။ သူလည်း New York  Citibank မှာ အလုပ်လုပ်နေ စဉ်မှာပဲ Baltimore ရှိ ပထမဆုံးအကြိမ်ပြစ်မှုကျူးလွန်သူတွေကို ကူညီလမ်းညွှန်ပေးရေး အစီအစဉ်တရပ်ကို စတင်ထူထောင်ခဲ့ပါတယ်။ သူအလုပ်ကထွက်ပြီးနောက်ပိုင်း ပညာရေးနည်းစနစ် ဖွံ့ဖြိုးမှုကို ဦးစီးဆောင်ရွက် ပါတယ်။
Moore က စစ်တပ်တွင်းမှာ သူလေ့လာသင်ယူခဲ့တဲ့ စွမ်းရည်တွေကို သူ့ဘဝတလျှောက် အကျိုးရှိရှိသုံးပါတယ်။ ကြီးမားတဲ့ ဆုံးဖြတ်ချက်ချတိုင်းမှာ အထောက်အကူ ဖြစ်ပါသတဲ့။ “ကျနော် တန်ပြန်ထောက်လှမ်းရေး အရာရှိ အဖြစ်နဲ့ အာဖဂန်နစ်နတန်အရှေ့ပိုင်းကို သွားခဲ့ရတုန်းက လူထုတွေဟာ တပ်အပေါ် အမြင်လွဲမှုရှိနေတယ်။ တကယ့် စွန့်စားခန်း ကြီးပေါ့။ ဒါပေမဲ့ ကျနော့်အဖို့ ဆုံးဖြတ်လုပ်ကိုင်တဲ့နေရာမှာ Citibank မှာလုပ်တုန်းကထက် ပိုပြီး လွတ်လွတ်လပ်လပ် ရှိပါတယ်။ ကျနော့်အကြီးအကဲက ကျနော်လုပ်ရမယ့် ကိစ္စကိုပဲပြောတာ။ ကျနော့် ဖာသာကျနော် ပုံဖော်လုပ်ရတာဗျ” တဲ့။
တကယ်တော့ Moore အပါအဝင် စစ်တပ်အရာရှိတွေကို လုပ်ငန်းတခုချင်းမှာ ဦးစီးအကောင်အထည်ဖော်နိုင် အောင် သင်ကြားပေးထားတာပါ။ လုပ်ငန်းတခုလုပ်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် စာပိုဒ် ၅ ပိုဒ်ပါတဲ့ မှတ်စုတစ်ခု ရေးခိုင်းတယ်။ နောင်ဘယ်တော့မဆို အဲဒီလိုလုပ်တတ်ဖို့ အထုံစွဲနေအောင် သင်ပေးတာပါ။ အဲဒီစာပိုဒ်ရေးသား နည်းရဲ့ အတိုခေါက်က SMESC ။ အလွယ်မှတ်မိအောင် ‘Sergeant major eats sugar cookie’ လို့ ဆောင်ပုဒ် လေးနဲ့ မှတ်သားကြတယ်။ Situation (လုပ်ဆောင်ရမယ့် လုပ်ငန်း အခြေအနေ)၊ Mission (ကိုင်တွယ် ဖြေရှင်း ရေး ဗျူဟာ)၊ Execution (ကိုင်တွယ်စီမံဖြေရှင်းပုံ)၊ Support ( လိုအပ်တဲ့ တပ်ဖွဲ့အင်အား၊ ကိရိယာတန်ဆာ ပလာနဲ့ ထောက်ပံ့ပို့ဆောင်ရေး)၊ Command ( အခြားအဖွဲ့များအခြေအနေ- လေကြောင်းတိုက်ခိုက်မှု၊ နယ်မြေ ထောက်လှမ်းခြင်း၊ ဒေသခံလုံခြုံရေးတပ်ဖွဲ့) တွေလိုအပ်တယ်လို့ ဆိုလိုတာပါ။

လူထုကောင်းကျိုး သယ်ပိုးထမ်းရွက်သူများ
စစ်ပြန်အတော်များများဟာ စစ်တပ်ထဲကိုမဝင်မီကတည်းက ပရဟိတလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ဖူးသူတွေ ဖြစ်ပါတယ်။  Rhy Barcott  ဟာ Kenya နိုင်ငံက လူဆင်းရဲတွေနေထိုင်ရာ Kibera ဒေသနဲ့ ပတ်သက်တာ တွေကို ထိထိရောက်ရောက်ကူညီလုပ်ဆောင်ပေးချင်တဲ့စိတ်နဲ့ မရိန်းတပ်ဖွဲ့ထဲကို ဝင်ဖို့ဆုံးဖြတ်ခဲ့တာ။ သူဟာ ဒေသခံတွေရဲ့ Swahili ဘာသာစကားကိုပြောဆိုတတ်ပြီး အဲဒီဒေသမှာရှိတဲ့ လူမျိုးစုတွေအကြောင်း မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်မှာ သုတေသနစာတမ်း ရေးသားပြုစုသူလည်း ဖြစ်ပါတယ်။ နောက်တော့ သူဟာ အီရတ်နိုင်ငံမှာ ထောက်လှမ်းရေးအရာရှိ တာဝန်ထမ်း နေတဲ့တချိန်တည်းမှာ Kibera ဒေသက လူမျိုးစု တွေအတွင်း ဘောလုံးအသင်းတွေဖွဲ့စည်း၊ ဆေးခန်းတွေဖွင့်လှစ်ပေးတဲ့ လူထုဝန်ဆောင်လုပ်ငန်းကိုလည်း ထူထောင်ပေးပါတယ်။ Eric Greiyens ဟာလည်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း Rwanda နိုင်ငံကို သူရောက်ရှိခဲ့ချိန်မှာ Navy Seal လို အထူးလေ့ကျင့်ထားတဲ့ တပ်ဖွဲ့တွေရဲ့အကူအညီသာရခဲ့ရင် အခုလို လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကာကွယ်တားဆီးနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ Navy Seal တပ်ဖွဲ့ဝင်ဖြစ်လာဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာ။
Brian Stann လို တခြားသူတွေလည်း သူတိုရဲ့စစ်မှုထမ်းကာလပြီးဆုံးချိန်မှာ ပရဟိတလုပ်ငန်းတွေမှာဘဲ နှစ်မြှုပ်လုပ်ကိုင်ကြပါတယ်။ Stann ဟာ အီရတ်စစ်မြေပြင်မှာ သူ့တပ်ဖွဲ့ကို ရန်သူကဝိုင်းပတ်ချေမှုန်းခံရချိန် သူရဲကောင်းပီသတဲ့ ဦးဆောင်မှုကြောင့် Silver Star ဘွဲ့တံဆိပ် ချီးမြှင့်ခံထားရသူပါ။ သူက စစ်မြေပြင်မှာ ဆုံးရှုံးခဲ့ရတဲ့ သူငယ်ချင်းတွေအတွက် အမြဲယူကျုံးမရ ဖြစ်နေပါတယ်။ “သူတို့ဟာ ကျနော်ရရှိခံစားနေရတဲ့ သားသမီးတွေနဲ့ ပျော်ရွှင်စရာအိမ်ထောင်သည်ဘဝ၊ မိတ်ဆွေတွေနဲ့အချိန်ဖြုန်းရတဲ့ ကာလလေးတွေကို မရနိုင်ကြတော့ဘူးဗျ။ ကျနော်နေ့တိုင်းပဲ သူတို့ကို တသသဖြစ်နေမိတယ်” တဲ့။ ဒီလိုနဲ့ စစ်ပြန်ရဲဘော်များကို ကူညီတဲ့အနေနဲ့ Hire Heroes ခေါ် အလုပ်နေရာချထားရေး အစီအစဉ်တခုကို အကောင်အထည်ဖော်လိုက် တယ်။ အဲဒီမှာ စစ်ပြန်ရဲဘော်တွေရဲ့ဘဝကို လူထုကြားမှာ နေသားတကျပြန်ဖြစ်အောင် လေ့ကျင့်ပေးတယ်။ လုပ်ငန်းခွင်အင်တာဗျူး ဖြေဆိုတတ်အောင် သင်ပြပေးတယ်။ သူတို့နဲ့ သင့်တော်တဲ့ အလုပ်အကိုင်ရရှိရေး ကူညီပေးတယ်။ စစ်ပြန်ရဲဘော်အတော်များများဟာ အလုပ်လျှောက်ထားရာမှာ စစ်မှုထမ်းခဲ့ဘူးကြောင်း မဖော်ပြကြတာကိုတွေ့တော့ Stann စိတ်မကောင်းဖြစ်မိတယ်။ စစ်သားဘဝရဲ့ ကြမ်းရှတဲ့အတွေ့အကြုံနဲ့ စရိုက်ကို အလုပ်ရှင်တွေ မနှစ်သက်မှာကို သူတို့စိုးရွံ့နေပုံရတယ်။ အဲဒီအတွက် Stann ဟာ အလုပ်ရှင်တွေနဲ့ မကြာမကြာသွားတွေ့ပြီး စစ်ပြန်ရဲဘော်တွေဟာ လုပ်ရည်ကိုင်ရည်ရှိတဲ့အကြောင်း၊ သူတို့ကို အလုပ်ငှားရမ်းဖို့ နားချပြောဆိုပေးရတယ်။ စစ်ပြန်တွေရဲ့ အစွမ်းအစကို နားလည်သဘောပေါက်တဲ့ ကုမ္ပဏီတချို့တော့ ရှိပါ တယ်။ ဥပမာ- Siemens ကုမ္ပဏီရဲ့ အလုပ်သမားသစ် ခန့်အပ်ရေး အစီအစဉ်မှာ စစ်ပြန်ရဲဘော် ၁၀ ရာခိုင်နှုန်း ပါဝင်ဖို့ သတ်မှတ်ထားတာ ရှိပါတယ်။
လုပ်ဖော်ကိုင်ဘက်ဟောင်းတွေနဲ့အချိန်ဖြုန်းရင်း လူမှုရေးပရဟိတ လုပ်ဆောင်ရတာကို နှစ်သက်သူတွေလည်း ရှိပါတယ်။ အီရတ်နဲ့ အာဖဂန် စစ်ပြန်ကြီး Jake Wood ဟာ မရိန်းတပ်ကြပ်ကြီးဟောင်းတဦးဖြစ်သလို၊ Wisconsin တက္ကသိုလ်ဘွဲ့ရ တဦးလည်းဖြစ်ပါတယ်။ Wisconsin တက္ကသိုလ်ဘောလုံးအသင်းရဲ့ ရှေ့တန်း တိုက်စစ်မှူးဟောင်း Jake ဟာ စစ်မြေပြင်တာဝန်ထမ်းဆောင်နေစဉ်မှာ ဘောလုံးကစားခဲ့တုန်းက ရလာတဲ့ ဒဏ်ရာတွေ ပိုဆိုးလာလို့ တပ်ကထွက်လိုက်ရတယ်။ ၂၀၁၀ ဇန်နဝါရီလထဲမှာ ဟေတီငလျင်လှုပ်တဲ့သတင်း သူကြားသိရတဲ့အချိန်မှာ ကူညီရေးလုပ်ဆောင်ဖို့ စိတ်ဝင်စားသူတွေကို အွန်လိုင်း Facebook က တဆင့် ကမ်းလှမ်းလိုက်တဲ့အခါ ဟေတီရှိ ဘရင်ဂျီဘာသာရေးဂိုဏ်းဝင်တွေနဲ့ အဆက်အသွယ်ရှိတဲ့ William McNulty အပါအဝင် စစ်ပြန် မိတ်ဆွေ ၄ ဦးနဲ့ ဆက်သွယ်မိတယ်။ သူတို့အဖွဲ့ Facebook ကနေ ရံပုံငွေရှာတာ တနေ့ အတွင်းမှာပဲ ဒေါ်လာ ၆၀၀၀ လောက်ရလိုက်တယ်။ နောက် ၇၂ နာရီအကြာမှာ သူတို့ဟေတီနိုင်ငံကို ရောက်သွားပြီး လုပ်ငန်းစတင်နိုင်ခဲ့တယ်။ “အခြေအနေတွေက တကယ့်ကိုဝရုန်းသုန်းကား ဖြစ်ချင်တိုင်းဖြစ် နေတာ၊ တချို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အဲလိုဟာမျိုးကို လက်ရှောင်ချင်ကြတယ်။ ကျနော်တို့ မရိန်းရဲဘော်တွေအဖို့ ဒီထက်ဆိုးတဲ့ မြင်ကွင်းတွေလည်း ကြုံခဲ့ပြီးပြီမို့ ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်”  လို့ MCNulty က ဆိုပါတယ်။
ဟေတီမှာ သူတို့နေထိုင်ခဲ့တဲ့ ရက် ၂၀ အတွင်း လိုအပ်တဲ့ဆေးဝါးကူညီပံ့ပိုးမှုအတွက် ဒေါ်လာ ၁၅၀,၀၀၀ ဖိုး သုံးစွဲနိုင်ခဲ့တယ်။ ခုဆို သူတို့အဖွဲ့မှာ စေတနာအလျောက်ကူညီဆောင်ရွက်ပေးနေတဲ့ စစ်ပြန်ရဲဘော် အင်အား ၅၀၀ ရှိနေပါပြီ။
Kansas တက္ကသိုလ်ဘွဲ့ရ ကွန်မန်ဒိုတပ်ဖွဲ့ဝင်ဟောင်း Ford Sypher တယောက် တပ်ကအနားယူပြီးချိန်မှာ နေမထိ ထိုင်မထိ ဘာလုပ်ရမှန်းမသိ ဟာတာတာကြီးဖြစ်နေချိန်မှာ Albama တိုနာဒိုမုန်တိုင်းကယ်ဆယ်ရေး အဖွဲ့မှာ ပါဝင်လုပ်ဆောင်ဖို့ McNulty က သူ့ကို ဖိတ်ခေါ်လိုက်ပါတယ်။ “chainsaw တခု ကျနော့်လက်ထဲကို ရောက်လာပြီး မိနစ် ၂၀ လောက်အတွင်းမှာ ကျနော့်စိတ်တွေ ပြန်နိုးကြားလာတယ်။ ဟိုး အရင်တုန်းက တပ်ဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အတိုင်းပဲ လုပ်ဖော်တွေနဲ့ ပျော်ပျော်ပါးပါးအလုပ်လုပ်နိုင်လာတယ်။ ကျနော်က အဖွဲ့တခုကိုဦးဆောင်ပြီး Walker County သို့ခေါ်သွားရတယ်။  FEMA အဖွဲ့က ကျနော်အဖွဲ့နေဖို့ နောက်တွဲယာဉ်တစီးပေးတယ်။ ဒါပေမဲ့ ကျနော်တို့မယူပါဘူး။ စစ်သားဘဝမှာ မြေကြီးပေါ်အိပ်တဲ့အကျင့် ရနေပြီပဲ။ ကျနော်တို့ ခေတ်မှာ စစ်ပြန်ရဲဘော်တွေဟာ ကြေးစားတပ်ဖွဲ့တွေမှာ အမှုမထမ်းကြဘူး။ အခုလို သဘာဝဘေးအန္တရာယ် ကူညီရေးအဖွဲ့တွေမှာ ပါဝင်လုပ်အားပေးရင်း အချင်းချင်း အတွေ့အကြုံဖလှယ်ခွင့်ရ ကြတယ်။ ဝေလေလေဖြစ်နေတဲ့ ကျနော်တို့အတွက် ဒါဟာ အကောင်းဆုံး ကုစားနည်းပါပဲ” လို့ Ford က အားတက်သရော ပြောပြပါတယ်။
စွမ်းရည်မြင့်မား မရိန်းစစ်သား
လာမယ့် ဆယ်စုနှစ်ကျရင် အမေရိကရဲ့ ခေါင်းဆောင်မျိုးဆက်မှာ စစ်ပြန်စစ်မှုထမ်းဟောင်းတွေ နေရာရလာ လိမ့်မယ်လို့ ဗိုလ်ချုပ်ကြီးဟောင်း Petraeus ယုံကြည်လက်ခံထားပါတယ်။ စစ်ပြန်ရဲဘော်တွေဟာ အရပ်သား ဘဝမှာ သူတို့လုပ်ရမယ့်အလုပ်တွေ၊ သူတို့လုပ်ဆောင်ပေးနိုင်တဲ့အရာတွေကို နားလည်လာကြပါပြီ။ လာမယ့် နှစ်တွေမှာ Eric Greitens, Wes Moore, Liz McNally တို့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်နိုင်ဖွယ်ရှိပြီး  တနေ့နေ့ အချိန်ချိန်မှာ အီရတ်၊ အာဖဂန် စစ်ပြန်တွေထဲက သမ္မတရွေးကောက်ခံရသူ ရှိလာနိုင်ပါတယ်။ စစ်ပြန်တွေဟာ စစ်မြေပြင်မှာ သူတို့တွေ့ကြုံရရှိခဲ့တဲ့ ဦးဆောင်မှုအရည်အသွေးနဲ့ ထုသားပေသားရနေတဲ့ အခက်အခဲကျော်ဖြတ် စွမ်းရည်တွေကို အသုံးပြုပြီး တိုင်းပြည်တာဝန်တွေကို ဆက်လက်ထမ်းဆောင်ကြပါလိမ့်မယ်။
သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းအတွေ့အကြုံနဲ့ပတ်သက်ပြီး Seth Moulton ပြန်လည်ပြောပြချက် လေးက စိတ်ကျေနပ်ပီတိဖြစ်စရာကောင်းလှပါတယ်။ သူဟာ Harvard’s Business School and Kennedy School of Givernment မှာ ဖွဲ့စည်းထားတဲ့ ပူးတွဲမာစတာပရိုဂရမ်မှ တာဝန်ပေးချက်အရ ဟေတီမြေငလျင် ဘေးသင့်ဒေသမှာ ဆေးဝါးဆိုင်ရာ ထောက်ပံ့ကူညီရေးကို တာဝန်ခံလုပ်ဆောင်ခဲ့ရတယ်။ ဟေတီကို ရောက်ရောက်ချင်း Port-au-Prince မှာရှိတဲ့ ဆေးရုံကို လုပ်ငန်းဆောင်ရွက်နိုင်အောင် ပြင်ဆင်ရပါတယ်။ သူက-
“ဆေးရုံအနီးအနားတဝိုက် လူသေအလောင်းတွေပြန့်ကျဲနေပြီး လုပ်ငန်းလည်ပတ်လို့မရနိုင်အောင် ကသောင်း ကနင်း ဖြစ်နေတာဗျ။ အဲဒါတွေကို အရင်ဆုံးရှင်းလင်းရတယ်။ ဆေးမှတ်တမ်းတွေအားလုံး ပျက်စီးကုန်ပြီ၊ ကွန်ပြူတာတွေလည်း အလုပ် မလုပ်တော့ဘူး။ လုပ်ရင်းကိုင်ရင်း ကျနော့်ခေါင်းထဲမှာ အကြံပေါ်လာတယ်။ ဆရာဝန်တွေကို ကွန်ပြူတာအစား iPhone လေးတွေအသုံးပြုစေပြီး အချက်အလက်သစ်တွေဖြည့်၊ သက်ဆိုင်ရာဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတယ်။ ကျနော်တို့ လုပ်ဆောင်ချက်တွေကို UN က သိပြီး ချိန်မှာ အခြေအနေကို ဆက်ထိန်းထားဖို့ မှာကြားတယ်။ ပြီးတော့ ကျနော်တို့ အဖွဲ့ကို Santo Domingo မှာ အစည်းအဝေးတက်ဖို့ ဖိတ်ကြားတယ်။ အစည်းအဝေးလုပ်မယ့်နေရာကိုရောက်မှ အစည်းအဝေးမှာတင်ပြဖို့ လုပ်ငန်းစီမံချက်ပါမလာတာကို သတိပြုမိတော့ အစည်းအဝေးမစခင် ရတဲ့အချိန် တနာရီအတွင်းမှာ စာပိုဒ်ငါးပိုဒ်ပါ မှတ်စုတိုလေးချရေး လိုက်ရတယ်။ ဆေးဝါးထောက်ပံ့မှုအကြောင်း နားမလည်၊ Business School လည်း မတက်ဖူးတဲ့ ကျနော်.. လုပ်ငန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော်ဟေတီကိုမလာခင်တုန်းက သူငယ်ချင်း David Callaway ပြောလိုက်တဲ့အားပေးစကား တခွန်းကို ပြန်ကြားယောင်မိတယ်။ ‘Seth, you’re a Marine captain. Figure it out’ တဲ့။
(ဂုဏ်ယူမြတ်နိုးဖွယ်၊ အားကျအတုယူဖွယ်ကောင်းတဲ့ အမေရိကန်စစ်သားများအား လေ့ကျင့်ပျိုးထောင်ပေးပုံ၊ စစ်မှုထမ်းဆဲကာလနဲ့ စစ်မှုထမ်းပြီးနောက်ပိုင်းကာလတွေမှာ တိုင်းပြည်ရဲ့လိုအပ်ချက်နဲ့ ကမ္ဘာတလွှား ကြုံတွေ့ ခံစားနေရတဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင် လိုတဲ့ လူမှုပရဟိတစိတ်ဓာတ် တွေကို လေးစားသောအားဖြင့် တတ်စွမ်းသမျှ ဘာသာပြန်ဆို ဖောက်သည်ချ မျှဝေပေးလိုက်ခြင်း ဖြစ်ပါကြောင်း။)

နေမင်းသူ
၂၃ မတ် ၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...