Monday, March 5, 2012

အိုဘယ့် ~ နာဇုန !

by Zay Ya on Tuesday, March 6, 2012 at 2:17am ·


よく見れば
薺花咲く
垣根かな~!!

When I look carefully
I see the nazuna blooming
by the hedge!

ဗရှိုး ရဲ့ ကဗျာက ဒါလေးပဲ။ ဂန္တဝင် ကဗျာတွေ လို စာရှည်တွေ မဟုတ် သလို ဂန္တဝင် ကဗျာရှည် တွေရဲ့ ခမ်းနားမှု မျိုး ပါဝင် မနေဘူး။ ဗရှိုး ရဲ့ ဒီ ဟိုက္ကူ ကဗျာငယ် ကို ခံစား ကြည့်ဖို့၊  နှစ်ခြိုက် မိစေဖို့ ဆိုရင် ဖြူစင် တဲ့ စိတ်၊ ဂရုဏာ သက်တဲ့ နှလုံး တွဲဖက် ရှိနေ မှသာ  ဖြစ်ပါတယ်..။ ဂျပန် မူရင်း ကနေ အင်္ဂလိပ်ဘာသာ ပြန်ဆိုရာမှာ လိုအပ်တာတွေ ရှိပါတယ်။ တစ်ဆင့်ခံ မြန်မာ ပြန်ဆိုရာမှာ ကွဲလွဲ နိုင်တာတွေ ရှိနေဦးမယ်။ ဒါ့ကြောင့် ဒီကဗျာငယ် ကို နည်းနည်း ချဲ့ကြည့်မယ်..။


သတိပြုကြည့်တော့
နာဇုန ပန်းလေး ပွင့်ထွား
စည်းရိုးလေး ပါလား !

Nazuna ပန်း ဆိုတာ အလေ့ကျ ပေါက်တတ် တဲ့ ပန်းကလေးပဲ။ သာမန် သမား ရိုးကျ လူသူ မသိ ပန်းမျိုးလေး သာ ဖြစ်ပါတယ်။ လမ်းဘေး တစ်လျှောက်မှာ ပေါပေါများများ ပေါက်နေတတ်တယ်။ အထူး အလေးထား စိုက်ပျိုး စရာ မလိုပဲ မြက်ရိုင်း တွေ နဲ့ ရောနှော ရှိနေ တတ်တယ်။ ဒါ့ကြောင့် ဖြတ်သွား ဖြတ်လာ လူမှန်သမျှ မြင်နေကျ တွေ့နေကျ ထူးမခြားနား ပန်းလေး မျှသာ ဖြစ် ပါတယ် ။ သူဟာ တန်ဖိုးကြီး ပေးရတဲ့ နှင်းဆီ မဟုတ်ဘူး။  ရှားရှား ပါးပါး ပွင့်လန်း နေတတ်တဲ့ ကြာပန်း မျိုးလည်း မဟုတ်ဘူး။



ခင်ဗျား အနေနဲ့ - ကန်တစ်ကန် မှာ ရှားရှားပါးပါး ကြာပန်းလေး တစ်ပွင့် ဖူးပွင့်နေတာတွေ့မယ် ဆိုပါတော့ ။ ခံစား ကြည့်ဖို့၊ သတိပြုမိဖို့ရာ လွယ်ကူ ပါတယ်..။ ခင်ဗျား သန္တာန် ထဲမှာ မှတ်မှတ်ရရ ထင်ရှား နေမယ်။ အဲ့ဒီ ကြာပွင့်လေး ကို ရှုမြင် နေတဲ့ ခဏ သူ့ အလှအပ ဟာ  ခင်ဗျား ကို ဖမ်းစား သွားနိုင်တယ်။ ဒါမှ မဟုတ်လည်း - လှပတဲ့ နေရောင် အောက်မှာ လေယူရာ နွဲ့နေတဲ့ နှင်းဆီ တစ်ပွင့် ကို ခင်ဗျား မြင်မယ် ဆိုပါတော့။  အဲ့ဒီ နှင်းဆီလေးရဲ့ အလှအပကြား ခင်ဗျား ယစ်မူး သွားဖို့ရာ ရာခိုင်နှုန်း တော်တော် များများ လွယ်ကူလှပါတယ်..။

ဒါပေတဲ့ Nazuna ပန်းလေး အတွက် ကတော့ သာမန် ထဲက သာမန်လေး ပဲရယ်။ သူဟာ အရိုးရှင်းဆုံး ထဲက အရိုးရှင်းဆုံး ပန်းကလေးသာ ဖြစ်ပါတယ်။ သူ အတွက် - ပြုစုပျိုးထောင် စရာ မလိုအပ် နေသလို ပန်းစိုက်သူ တစ်ဦး တစ်ယောက် လည်း လိုအပ် မနေဘူး မဟုတ်လား။ ဟိုမှာ၊ ဒီမှာ၊ နေရာတိုင်း လိုလိုမှာ- သူ့သဘာဝနဲ့သူ  ပါက်ဖွား ရှင်သန်နေပါတယ် ။ ဒါ့ကြောင့် သာမန် ထဲက သာမန်ဖြစ်တဲ့ သူ့ ကို သတိမူ မိနိုင် ခဲတယ်။ သူ့ကို အရေး တယူ ရှုကြည့်ဖို့ ဆိုတာ ရှု့မြင်သူ ရဲ့ စိတ်နှလုံး သိမ်မွေ့နေမှ သာ ဖြစ်ပါလိမ့်မယ်။ သိမ်မွေ့တဲ့ စိတ်နှလုံး ဆိုတာ ဟာလည်း “ဘာဝနာ” ရှိမှသာ ဖြစ်တည် ပါတယ်။ ရှု့မြင် ခံစားတဲ့ အသိ သက်သက် မှာ ဘာဝနာ ကြောင့် - ပေါ့ပါးနေတယ်..။ သိမ်မွေ့ နူးညံ့ နေတယ်။ အဲ့သည့် အခါ Nazuna မှ မဟုတ်၊ အခြား လူသူမမြင်တဲ့ အလှအပတိုင်း ကို ခင်ဗျား မြင်နိုင် လိမ့်မယ်။  ဒီလိုမှ မဟုတ်ရင် ခင်ဗျား ဒါတွေကို သတိပြု မိမှာ ၊ သိမြင် ခံစားမိမှာ - မဟုတ်ဖူးရယ်။

အခု ဒီ Nazuna ပန်းကလေးကို အပေါ်ယံကြော အနေနဲ့ ကြည့်ရင် ခင်ဗျား သူ့ အလှကို မြင်မှာ မဟုတ်ဖူး။ စင်စစ် သူ့ရဲ့ အလှဟာ နက်နဲ နေသလို တိမ်မြုပ်နေတယ်။ ရိုးရှင်း တဲ့ အသွင် ရှိတယ်။ ဒါ့ကြောင့်လည်း ဗရှိုး အတွက် မိမိရရ မြင်လိုက် တဲ့ ခဏ ၊ လှပ လွန်း နေတော့ တယ်။ Nazuna ရဲ့ အလှဟာ - သာမန် ထဲက ထူးခြားမှု ဖြစ်ပါတယ်။ သေးဖွဲတဲ့ အရာလေး တွေတိုင်းမှာ၊ ရိုးစင်းတဲ့ အရာလေးတွေ တိုင်းမှာ  အဲ့သည် ရိုးစင်းမှု ရဲ့ အလှတရား အတိအကျ ကိန်းဝပ် နေပါတယ်။

ကဗျာ ဆရာ ဗရှိုးဟာ Nazuna ပန်းကလေးရဲ့ အလှကို မြင်တွေ့ခဲ့တယ်။ ကျနော့အနေနဲ့ ပြောရင် - ဗရှိုးနဲ့ စိတ်နှလုံးဟာ အဲ့ဒီ ခဏမှာ သိမ်မွေ့ နူးညံ့နေလိမ့်မယ်။ ဗရှိုး ရဲ့ စိတ်နှလုံးမျိုး ငြိမ်ဝပ် နေရင် ဒီကဗျာကို အပြည့်အဝ ခံစားမိနိုင်မယ်။ ဒီလိုမဟုတ်ဘဲ ခင်ဗျားဟာ သိမ်မွေ့မနေနိုင်ဘူး ဆိုရင်တော့ ဗရှိုး မြင်သလို ခင်ဗျား မြင်မှာ မဟုတ်ဖူးပဲ။

ဒီ ဟိုက္ကူကဗျာလေးကို ပထမဆုံး အကြိမ် ဖတ်လိုက်ရတဲ့ ခဏ - ခင်ဗျား တွေးကောင်း တွေးနိုင်တာက - “ခြံစည်းရိုးနား ကပ်ပေါက် နေတဲ့ ဘာမဟုတ်တဲ့ ပန်းလေးအတွက် အရေးတယူ ပြုစရာ ဘာရှိလဲ”

 ဗရှိုးရဲ့ မူရင်းကဗျာမှာ နောက်ဆုံး ဝေါဟာရက ဂျပန်လို Kana ဖြစ်ပါတယ်..။ Kana ကို ရှင်းရှင်း ဆိုရင် "အာမေဋိတ် စကား" သက်သက်၊ တိုက်ရိုက် ပြန်ဆိုဖို့ ခက်တယ်။ အဓိပ္ပါယ် ရိုးရိုး အနေနဲ့  Kana ဆိုတာ (အံ့အားသင့်စရာပါလား..!!) လို့ ပြောရမယ် ထင်တယ်။ အဲ့သည့် နီးပါး တူညီပါတယ် ။ ဆိုပါစို့ - အခု ဒီကဗျာမှာ၊ ဗရှိုး အတွက် - သူ မြင်လိုက်ရတဲ့ အလှတရား ဟာ ဘယ်ကနေများ ထွက်လာခဲ့တာလဲ !! Nazuna ပန်းကလေးထဲက ထွက်လာ ခဲ့တာရော ဟုတ်ပါရဲ့လား.!! ဒီခြံစည်းရိုး အစပ်မှာ လူပေါင်းများစွာ ဖြတ်သန်း သွားခဲ့ဖူးတာ ပါပဲ။ ဒါပေမယ့် ဒီပန်းလေးရဲ့ အလှကိုတော့ တစ်ဦးတစ်ယောက် ဖြစ်ဖြစ် ဂရုတစ်စိုက် လှည့်ကြည့်ဖို့တော့ ရှိချင်မှ ရှိမယ်။



ဗရှိုးဟာ ခြံစပ်နားက Nazuna ပန်းရုံလေး တစ်ခု အရှေ့မှာ - မှင်သက် မိသွားခဲ့မယ်။ သူ့ရဲ့ အသိ၊ အာရုံ၊ ဖြစ်တည်မှု ခဏတာ အားလုံး - အဲ့သည် Nazuna ပန်းကလေး နဲ့ ထပ်တူ ကျသွားခဲ့မယ်..။ အဲ့ဒီ အလှတရား နဲ့ အတူ - သူဟာ သီးခြားကမ္ဘာ ဖြစ်သွားခဲ့မယ်။ ဒါဟာ ဘယ်လို ဖြစ်တယ် ထင်ပါသလဲ !! Nazuna ပန်းလေးကြောင့် လည်း မဟုတ်သလို ဖမ်းစားမှု သက်သက် ကြောင့်လည်း မဟုတ်ပါဘူး။ ဒီနေရာမှာ ပဓာန ကျတဲ့၊ တိမ်မြုပ် နေတဲ့ အရာတစ်ခု - ဖွင့်ဆို မပြထားဘဲ ရှိနေပါတယ်။

အဲ့ဒါ က ဗရှိုး ရဲ့  သတိမပြတ်တဲ့ စိတ်နှလုံးပဲ ။ သူ့ရဲ့ ဟင်းလင်းဖွင့် ထားတဲ့ ရင်ဘတ်၊ ဂရုဏာနဲ့ ပြည့်လျှမ်းနေတဲ့ အမြင်၊ ဘာဝနာ ပြည့်ဝ နေတဲ့ အသိ လို့  တစ်နည်း ဆိုရင်လည်း ရပါတယ် ။ ဘာဝနာဟာ အဂ္ဂိရတ်လို - သံ သတ္တု ကို ရွှေ အဖြစ် ပြောင်းနိုင် ပါတယ်။ ဒီ ဟိုက္ကူ ကဗျာလေး ကို ကြည့်ရင်- ဗရှိုးဟာ ဘာဝနာ အစွမ်းနဲ့ Nazuna ပန်လေး ကို  ကြာပန်းတစ်ပွင့် ဖြစ်သွားစေ ခဲ့တယ်..။

ဟိုက္ကူတစ်ပုဒ် ဟာ  သဲလွန်စလေး ပေးယုံမျှ ရိုးရိုးလေးပဲ ။ ခင်ဗျား ကို ဆူးလေး တစ်ချောင်း ဇတ် ကနဲ ထိုးလိုက်သလို၊ လိုက်ကာ တစ်ချပ်  ဖြတ် ကနဲ တစ်ချက် ဖွင့်ပြလိုက် သလိုပဲ။ အတွင်းမှာ ဘာလဲ ဆိုတာ - ခင်ဗျား မြင်အောင် ကြည့်ဖို့ပဲ လိုပါတယ်။ အခြား ဂန္တဝင် ကဗျာ တွေလို ရှည်ရှည် ဝေးဝေး ဖွင့်ဆို ရှင်းပြနေမှာ မဟုတ်ဖူးရယ်...။



~ with the help of My Beloved.
................
March 6th 2012 at 12:30 AM .
................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...