ပျားပန်းခတ် ကြား တိတ်ဆိတ် နေသမျှ
by Zay Ya on Friday, March 2, 2012 at 6:23pm ·
ဓမ္မဖြင့် နေထိုင်သော သူသည်
နောက်သို့ သွားခြင်းဖြင့် ရှေ့သို့ ရောက်၏။
Lao Tzu
...............
တိတ်ဆိတ် အေးချမ်းမှုကို လူအများ ရှာကြတယ်။ ပုံမှန်အားဖြင့် - ကျောင်းကန် ဘုရားရိပ် မှာ၊ တရားတိုက် မှာ ရှာတယ်။ အချို့က ဟိမဝန္တာ တောတောင် လျှိုမြောင် ကြားမှာ ၊ လူသူ နဲ့ ကင်းဝေး ရာမှာ ရှာတယ်။
ဘာဝနာ အလုပ်နဲ့ ကြိုးပမ်းတယ်။ ဝေးလံ သီခေါင်တဲ့ လှိုဏ်ဂူ စိမ့်စမ်း တွေကြား တိတ်ဆိတ် နေထိုင်တယ်။ အဲ့ဒါ တွေဟာ တကယ်လည်း ဆိတ်ညိမ် အေးချမ်း နေနိုင်ပါတယ်။ လိုလားတဲ့ ချမ်းမြေ့မှု အတိုင်းအတာ တစ်ခု အထိ ရရှိ နိုင်ပါလိမ့်မယ်။ ဒါပေတဲ့ အဲ့ဒီ အေးချမ်းမှု၊ တိတ်ဆိတ်မှု ဟာ - ပတ်ဝန်းကျင် တိတ် လို့ ကိုယ်တိတ် နေရတာပဲ ရှိနေမယ် မဟုတ်လား။
အကြောင်းက- ဒီလူ ကိုယ်တိုင်ပဲ လူမှု လူ့ဘောင် မြို့ပြ ကြားထဲ ပြန်လည် ရောက်ရှိ လာတဲ့ အခါ - သူ့ အေးချမ်းမှု သန္တာန် ဟာ တစ်ဖန် ပြန်ပြီး ပြိုကွဲ သွားပြန်တယ်။ တရားစခန်းမှာ ရက်သတ္တ တစ်ပါတ် တန်သည် - တစ်လ တန်သည် နေထိုင် ကျင့်ကြံရင်း အေးချမ်း ပါပြီ ဆိုတဲ့ စိတ်နဲ့ ထွက်လာတဲ့ အခါ ဘာများ ထပ်ဖြစ်ကြပါသလဲ။ - ဘိုနေမြဲ ကျားနေမြဲ ဖြစ်ရပြန်တယ်။ ဟုတ်တယ်ဟုတ် ။ ဒီလို ဖြေဆိုမယ့်သူ အများ ရှိကြပါတယ်။
ဒါ့ကြောင့် ဒါကို ရှောင်ပြေးမှုလို့ ခပ်နာနာ သမုတ် ရပါလိမ့်မယ်။ ရှောင်ပြေးလို့ ရရှိလာတဲ့ အေးချမ်းမှုဟာ အေးချမ်းမှု အစစ်အမှန် မဟုတ်ဘူးရယ်။ လူသူတိတ်လို့ အေးချမ်း ဆိတ်ငြိမ်နေတာ ဟာ ပတ်ဝန်းကျင် အပေါ် မှီခိုနေရကြောင်း မြင်နိုင်လိမ့်မယ်။ ဥပမာ- ကိုယ် ယုံကြည်ရာ ဘုရား ရိပ်အောက်မှာ၊ ဆည်းလည်းသံ အောက်မှာ၊ ဓမ္မတေးသံတွေ အကြားမှာ အေးချမ်းမှု ရရှိနေ နိုင်တယ်။ အဲ့ဒီ အေးချမ်းမှုဟာ ကိုယ့်ရဲ့ စင်စစ် အေးချမ်းမှု မဟုတ်ဘူး။ အဲ့ဒီ ဘုရားရိပ်၊ ဆည်းလည်းသံ၊ ဓမ္မတေးသံတွေ ကြောင့်သာ ဖြစ်ပါတယ်။
တကယ်တမ်း လိုအပ် နေတာက - မိမိ တစ်ဦးတည်း သန္တာန်ရဲ့ သိမြင်မှု၊ အထီးတည်း တိတ်ဆိတ် ငြိမ်သက် နေမှုသာ ဖြစ် ပါတယ်။ ရှောင်ပြေးဖို့ မဟုတ်ဘူး။ ဟိမဝန္တာနဲ့ တောမြောင် လျှိုမြောင်ကြား ပြေးသွား ဖို့ မဟုတ်ဘူး။ စေ့စေ့ကြည့်ရင် - ကနေ့ ရင်ဆိုင်နေတဲ့ လူမှု ပြဿနာ အကြားမှာ ခင်ဗျား တစ်ဦးတည်းသာ အထီးတည်း တည်ရှိနေတယ်။ ဒါကို ရှောင်လွှဲလို့ မရပါဘူး။ ပတ်ဝန်းကျင် တစ်ခွင်လုံး ပျားပန်းခတ် လှုပ်ရှား နေတယ်။ ခင်ဗျား သီးခြား ဖြစ်ကောင်း ဖြစ်နေနိုင်တယ်။
ဒါပေတဲ့ ဘာဝနာ ပြည့်ဝလာတဲ့ အခါ ခင်ဗျား ရဲ့ အတွင်း သန္တာန် အနှစ်သား က အကြည်လင်ဆုံး ရှိနေတယ်။ ကျနော် ညွှန်းဆိုလိုတဲ့ - စစ်မှန်တဲ့ တိတ်ဆိတ် အေးချမ်းမှု ဟာ အဲ့ဒီ ကြည်လင်မှု ဖြစ်ပါတယ်။ ဘာဝနာ နဲ့ နေထိုင်တဲ့ ပုဂ္ဂိုလ် သန္တာန်မှာ အထင်အရှား ရှိတယ်။ ထပ်ပြောပါမယ် - တိတ်ဆိတ်ခြင်း ( Silence ) လို့ပဲ ခေါ်ခေါ်၊ ငြိမ်းချမ်းခြင်း ( Peacefulness ) လို့ပဲ ခေါ်ခေါ်၊ ငြိမ်ဝပ်ခြင်း ( Stillness ) လို့ပဲ ခေါ်ခေါ် အဲ့ အရာတွေ အားလုံးဟာ ပတ်ဝန်းကျင်နဲ့ မဆိုင်၊ ခင်ဗျား တစ်ကိုယ်တည်းနဲ့သာ ဆိုင်တယ်။
ဒါကို နားမလည်ရင် - အေးချမ်းရာ ရှာမယ်ကွာ ဆိုတဲ့ ခဏ - ခင်ဗျား ထွက်ပြေးနေဦးမှာပဲ။ ပတ်ဝန်းကျင် ဆူညံလို့ လိုက်ဆူညံနေတဲ့ စိတ်ဟာ - အေးချမ်းရာ ရောက်သွားလို့ အေးချမ်း လာသယောင် ခံစားရတာ မဆန်းဘူးရယ် မဟုတ်လား။ ဘုရား ၊ ဂူကျောင်း သွားမှ အေးချမ်း မှာပါ ဆိုတဲ့ အခါ - အေးချမ်းရာ လိုလားသူ တိုင်း ဘုရား ကျောင်းကန်မှာ ပြည့်နှက်နေရတော့မယ် မဟုတ်လား ။ စင်စစ် မိမိသန္တာန်ကို မိမိ ပြန်မကုစားနိုင်ရင် - အဲ့အရာတွေဟာ ခင်ဗျားကို အမြည်းလောက်ပဲ ပေးနိုင်တာ တွေ့ရပါလိမ့်မယ်။ တိတ်ဆိတ်မှု ဟာ ခင်ဗျား တစ်ကိုယ်တည်း အထီးတည်း ဖြစ်နေချိန်မှာမှ ပေါ်ပေါက်ပါတယ်။ ကိုယ် လုပ်ယူဖို့ မဟုတ်ဘူး ။ သူ့အလိုလိုသာ ဖြစ်တည်တယ် ။ မိမိ အတွင်းသန္တာန် အနှစ်သား အချည်းနှီး အကျိုးမဲ့ ဖြစ်နေ ကြောင်း မိမိ ဘာသာ သိမြင်ချိန်- အဲ့ဒီ အချိန်ဟာ ဘာဝနာ လည်း ဖြစ်တည် ပါတယ်။ အဲ့ဒီ အချိန်အခါ အတွက်- ခင်ဗျား လိုလားတဲ့ ချမ်းမြေ့မှု လည်း ဖိတ်ခေါ်စရာ ကမ်းလင့်စရာ မလိုဘူးရယ်။ သူ့သဘောနဲ့ သူ ကိန်းဝပ်နေတယ်။
လူခန္ဓာအားဖြင့် တစ်ဦးတည်း ရှိနေချိန် ဆိုပါတော့ - အဲ့ဒီ အချိန်မှာ မိမိကိုယ်၌က တိတ်ဆိတ်နေဖို့ ဆိုတာ လွယ်ကူ နိုင်သေးတယ်။ ဟုတ်တယ်ဟုတ် ?။ ဒါပေတဲ့ အခြားသူ အများအပြား ၊ လုပ်ငန်းဆောင်တာ အများအပြား နဲ့ ဆက်နွယ် လုပ်ကိုင်နေချိန်မှာ ဆိတ်ငြိမ် နေရဖို့ ရာတော့ ခက်ခဲ နေတတ်တယ်။ ဘာဝနာ ၊ အပ္ပမာဒ သတိ ရှိသူ တစ်ဦး ဟာ ဒီ အခက်အခဲကို မျက်နှာချင်း ဆိုင်နိုင်ရပါလိမ့်မယ်။ (ဝါ) ကြံ့ကြံ့ခံ ရင်ဆိုင်နိုင် ရပါလိမ့်မယ်။
လူမှု လူ့ဘောင် ဟာ ရှောင်လွှဲစရာ မလိုဘူးရယ်။ ကိုယ့် တာဝန်၊ ကိုယ့်ဝတ္တရားနဲ့ ကိုယ် ကျင်လည် လှုပ်ရှား နေမှာပဲ - လူ့မှု လူ့ဘောင် ပတ်ဝန်းကျင်က သူ့သဘာဝနဲ့ သူသာ ဖြစ်တည် ပြောင်းလဲ နေမှာ ပါပဲ ။ အဲ့ဒီ အရှုပ်အယှက်တွေကြား ခင်ဗျား ဘာသာ တည်ငြိမ် တိတ်ဆိတ် နေနိုင်ဖို့ပဲ လိုအပ်တယ်။ တစ်နည်း - အပ္ပမာဒ ( ဝါ ) ဘာဝနာ ပဲ လိုအပ် ပါ တယ်။
အဲ့ဒီ အသိနဲ့ မိမိ တစ်ခဏတိုင်း နေထိုင် လာနိုင်ပြီ ဆိုတဲ့အခါ - ရှင်သန် နေထိုင် နေရင်း မိမိဘဝဟာ - တရားတိုက် ၊ တရားစခန်း ပြေးရှောင်စရာ မလိုကြောင်း၊ မိမိဘာသာ ချမ်းမြေ့နေနိုင်ကြောင်း တွေ့ရပါလိမ့်မယ်။ အဲ့ဒီ ချမ်းမြေ့မှု ဟာ စင်စစ် တန်ဖိုး ရှိပါတယ်။ ဘာလို့ဆို - ဒီ တန်ဖိုး ဟာ ခင်ဗျား ကိုယ်တွင်းမှာပဲ အထီးတည်း ရှိနေပြီး - အခြား ဘယ် အရာနဲ့မှ မဖျက်ဆီး နိုင်တော့လို့ပဲ။
.................
March 2nd 2012 at 5:30 PM
.................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
.................
0 comments:
Post a Comment