Thursday, March 15, 2012

စင်မြင့်ထက်မှ တစ်ပင်တိုင် ခြင်းသမား

by General Knowledge on Friday, March 16, 2012 at 2:18am ·
By The Voice Weekly Originally posted 13/03/2012 11:46AM

 


စင်မြင့်ထက်သို့ ခြင်းလုံးလေးကိုင်ကာ တက်လာသော မိန်းမပျိုတစ်ဦး။  အဆိုပါ မိန်းမပျိုက တီးလုံးသံ စသည်နှင့် ခြင်းလုံးကို ကျွမ်းကျင်လှပစွာ ခတ်လိုက်ရာ လူအများအာရုံသည် စင်မြင့်ထက်သို့ တစ်ပြိုင်တည်း ကျရောက်လာကြသည်။

၎င်းမှာ ခြင်းလုံးကို ပြင်ညီတွင် ခတ်နေရာမှ အုတ်ခဲများ၊ ပုလင်းများ ဆင့်ထားသည့်အပေါ် တက်၍ ခန္ဓာကိုယ်ကို လှည့်ကာ ကျွမ်းကျင်စွာ လှုပ်ရှားခတ်ပြရာ ၎င်းအဆင့်တစ်ဆင့်သို့ တက်လိုက်တိုင်း လူအများက စိတ်လှုပ်ရှားကာ လက်ခုပ်လက်ဝါးတီး အားပေးပြီး ဆုငွေများ ချီးမြှင့်ကြသည်။
နာရီဝက်ခန့် အကြာတွင်မူ အဆိုပါ အမျိုးသမီးငယ်သည် ပုလင်းပေါင်း ၁၆ လုံးဆင့်ထားသော အမြင့်ပေါ်သို့ တက်၍ ခြင်းခတ်ပြရာ မြင်ရသူအပေါင်း တအံ့တသြဖြစ်ကာ လက်ခုပ်သြဘာ ပေးနေကြသည်။ ဟိုတယ်များနှင့် ငှားရမ်းသော နေရာအချို့တွင် ထိုသို့ခြင်းလုံး အလှခတ်ပြခြင်းဖြင့် ပရိသတ်ကို ဖျော်ဖြေနေသူမှာ အသက် ၂၅ နှစ်အရွယ် မသီတာဦးဖြစ်သည်။ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ လက်ရွေးစင် အားကစားသမားတစ်ဦး ဖြစ်သူ မသီတာဦး၏ ခြင်းလုံးခတ်ခြင်းနှင့် ပတ်သက်၍ ဝါသနာ၊ ကြိုးစားမှု၊ လေ့ကျင့်မှုနှင့် အနာဂတ် ရည်မှန်းချက်များကို မေးမြန်း ဖော်ပြလိုက်ပါသည်။

ပွဲအတွေ့အကြုံ


ပထမဆုံး အတွေ့အကြုံက ကရဝိက်မှာ ခတ်ဖြစ်တာ။ အဲတုန်းကအစ်မရဲ့ အန်တီက ခတ်သေးတယ်၊ အန်တီနဲ့အတူ လိုက်ခတ်ခဲ့တာ။ ကိုးတန်းလောက်တုန်းက။ ပထမဆုံး အတွေ့အကြုံဆိုတော့ စိတ်လှုပ်ရှားရတယ်။ အခုတော့ ညတိုင်းကန်တော်ကြီး ဟိုတယ်မှာ ကစားဖြစ်တယ်။ ပြီးတော့ တခြားလာငှားတဲ့ ဟိုတယ်တွေနဲ့ နယ်ပွဲတွေဆိုရင် လူကြီးပွဲတွေ၊ ပြိုင်ပွဲတွေဆိုရင်တော့ သွားတယ်။ အစ်မကဝိုင်းတော့ မခတ်ဘူး။ တစ်ပင်တိုင်ပဲ ခတ်ဖြစ်တယ်။

လေ့လာမှု


ဒီခြင်းလုံးကစားတာကို သင်ပေးတာက အစ်မရဲ့အန်တီ ဒေါ်သိန်းသိန်းဝင်းပါ။ အန်တီက မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်ရဲ့ လက်ရွေးစင်ပါပဲ။ အန်တီရော၊ အန်တီ့အမျိုးသားရောက လက်ရွေးစင်တွေပါ။ အသက် ၁၀ နှစ်ကျော် လောက်ကတည်းက စသင်ခဲ့တာပါ။ ဒီခြင်းလုံး ကစားတာမှာ အားကျခဲ့တာကတော့ အန်တီပါပဲ။ တခြားမြင်ဆရာတွေလည်း ရှိတာပေါ့နော်။ ပြီးတော့ အခုထိ မနက်တိုင်းလေ့ကျင့်ပြီး ခတ်ဖြစ်တယ်။ ဒါကလေ့ကျင့်မှု အားကောင်းမှလည်း ခတ်နိုင်တာပါ။

အခက်အခဲ


အခက်အခဲတွေကတော့ အများကြီးရှိခဲ့တာပေါ့။ အမြင့်ကိုတက်ပြီး ကစားခဲ့တဲ့အခါမှာ ပုလင်းတွေကွဲတာတို့၊ ပြုတ်ကျတာတို့ ရှိခဲ့တယ်။ ဒါပေမဲ့ စိတ်ပျက်တာမျိုးတော့ မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်ဘီးစီးသင်ရင်တောင် အနာခံပြီးမှ စီးတတ်တာကိုး။ ပြီးတော့ ဒီဟာက လွယ်တဲ့ပညာမဟုတ်တော့ စိတ်ပျက်တာမျိုး မရှိခဲ့ဘူး။ မီးကွင်းခတ် လေ့ကျင့်တုန်းကဆိုရင် တကယ်လောင်တာတွေ ရှိခဲ့တယ်။ ဆံပင်ကို မီးလောင်တာတို့၊ လက်မောင်းကို သံချောင်းတွေနဲ့ လာရိုက်တာတွေ ရှိခဲ့တယ်။ ပွဲမှာလည်း ဖြစ်ဖူးတယ်။ တစ်ခါတလေ အခန့်မသင့်ရင် မီးတွေဘာတွေ လောင်တာတွေ ဖြစ်ဖူးတယ်။ ပြီးတော့ ကိုယ်ကခတ်တဲ့အချိန်မှာ မောတယ်။ စတိတ်အနေအထားနဲ့ နောက်ပြီး ပွဲတွေမှာဆိုရင် မီးတွေဘာတွေက ကိုယ့်ကိုထိုးနေတော့ အရမ်းမောတယ်။ စတိတ်ညီရင် သိပ်မဖြစ်ဘူး။ တချို့ကျတော့ စတိတ်က အရမ်းဆိုးတယ်။ စတိတ်က အဖြစ်ဆောက်ထားတယ် ဆိုရင်တော့ အရမ်းထိန်းပြီး ကစားရတယ်။

ဝါသနာအပြင် ပါရမီပါလိုတယ်


ဒီခြင်းလုံး ကစားနည်းက ဝါသနာအပြင် ပါရမီပါလိုတဲ့ ကစားနည်းလို့ ထင်ပါတယ်။ တချို့လာသင်တဲ့ သူတွေရှိပေမယ့် သေချာမတတ်တာတွေ ရှိပါတယ်။ ဒါကြောင့် ဝါသနာအပြင် ပါရမီပါလိုတဲ့ ကစားနည်းလို့ ထင်ပါတယ်။ ပြီးတော့ ကစားမယ်ဆိုရင် ဒဏ်ခံနိုင်ရတယ်။ တချို့တစ်နှစ်၊ ၂ နှစ်နဲ့ ဒဏ်မခံနိုင်လို့ ဆက်မကစားတဲ့သူတွေ ရှိတယ်။ ခြင်းလုံး အားကစားက တခြားဟာတွေနဲ့ မတူတာက ကျွမ်းကျွမ်းကျင်ကျင် ဖြစ်ဖို့ အနည်းဆုံး ၁၀ စုနှစ်တစ်ခုစာလောက် ကျင့်ရတယ်။

နိုင်ငံခြားသားတွေလည်း အရမ်းစိတ်ဝင်စားကြတယ်


အစ်မအတွက် ဒီခြင်းလုံးခတ်တာက ခက်ခဲတဲ့ပညာရပ် ဖြစ်သလို ကိုယ်ခတ်ပြရင်လည်း လူတိုင်းက စိတ်ဝင်စားမှု အရမ်းရှိကြတယ်။ အရမ်းလည်း အားပေးကြတယ်။ နိုင်ငံခြားသားတွေလည်း အရမ်း စိတ်ဝင်စားကြတယ်။ တချို့ နိုင်ငံခြားသားတွေဆိုရင် စိတ်ဝင်စားလို့ လာသင်ကြတာတောင် ရှိတယ်။ သူတို့တွေ လာသင်တာလည်း ၁၀ နှစ်ကျော်လောက်တောင် ရှိပြီ။

ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အားကစားနည်း တစ်ရပ်ပါ


ဒီခြင်းခတ်တာက ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ အားကစားနည်း တစ်ရပ်ပါ။ တစ်ကိုယ်လုံးလှုပ်ပြီး ကစားရတာဆိုတော့။ ငွေကြေးအကုန်အကျလည်း သက်သာတဲ့ မြန်မာ့ရိုးရာ ကစားနည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီခြင်းကစားနည်းက ဘယ်အသက်အရွယ်အထိ ကစားနိုင်တယ် ဆိုတာမျိုး မရှိဘူး။ ကိုယ့်ရဲ့ ကိုယ်ခံအားပေါ်မှာပဲ မူတည်တယ်။ အစ်မရဲ့ အန်တီဆိုရင် ၄၈ ရှိပြီ။ အခုထိ ခြင်းခတ်ပြီး ပြိုင်ပွဲတွေလည်း ဝင်ပြိုင်တုန်းပဲ။ ခြင်းလုံးကစားတာ သမာဓိအားကောင်းဖို့လည်း လိုတယ်။ စိတ်ငြိမ်နေရတယ်။ စိတ်ပျံ့လွင့်တာနဲ့ သူကမရတော့ဘူး၊ အမြင့်ကို တက်ရတာဆိုတော့။ တရားတွေဘာတွေလည်း ထိုင်ရတယ်။

မြန်မာ့ရိုးရာ အားကစားနည်း စစ်စစ်ပါ


ရှေ့ဆက်ပြီး ဒီခြင်းပညာပဲ ဆက်လုပ်မှာပါ။ အခုလောလောဆယ်လည်း ဒီခြင်းပညာနဲ့ပဲ အသက်မွေးနေတာ ဆိုတော့လေ။ နယ်ပယ်အသီးသီးက လူငယ်တွေကို ပြောချင်တာဆိုရင်တော့ ဘယ်ကိစ္စမဖြစ်ဘူး ဆိုတာတော့ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ ကြိုးစားရင် တကယ်ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ပြီးတော့ ဒီခြင်းလုံးဆိုတာ မြန်မာ့ရိုးရာ အားကစားနည်း စစ်စစ်ပါ။

ခြင်းလုံး ကစားနည်းကို တိုးတက်စေချင်တယ်


အစ်မကတော့ ဒီခြင်းလုံး ကစားနည်းကို တိုးတက်စေချင်တယ်။ ၂၀၁၃ ဆီးဂိမ်းမှာ မြန်မာရိုးရာ ခြင်းလုံးကစားနည်းလည်း ပါမယ်လို့ ပြောတယ်။ အစ်မကတော့ ၂၀၁၃ ဆီးဂိမ်းမှာ ပြိုင်ပွဲဝင်ပြိုင်မှာထက် နည်းပြ လုပ်ဖြစ်လိမ့်မယ်။ ပြီးတော့ ဒီခြင်းလုံး ကစားနည်းကို မြန်မာ့ရိုးရာ ကစားနည်းဖြစ်တဲ့အတွက် နိုင်ငံတော်က သေချာ ပံ့ပိုးပေးစေချင်တယ်။

ချမ်းငြိမ်းဖြူ၊ ဆွေငြိမ်းအေး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...