Thursday, March 15, 2012

တပ်မတော်သား ကိုယ်စားလှယ်များကို စည်းရုံးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

by General Knowledge on Friday, March 16, 2012 at 2:24am ·

By The Voice Weekly


ပြည်သူများအတွက် အကျိုးမရှိသော ဥပဒေများ ပယ်ဖျက်ခြင်းနှင့် ပြဋ္ဌာန်းခြင်းများ လွှတ်တော်အတွင်း ဆောင်ရွက်ရာတွင် ၇၅ ရာခိုင်နှုန်း ကျော်မှသာ ဆောင်ရွက်နိုင်မည် ဖြစ် သဖြင့်  ပြည်သူ့အကျိုးကို လိုလားသော တပ်မတော် ကိုယ်စားလှယ်များကိုပါ စည်းရုံးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းမြို့ လူထုဟောပြောပွဲတွင် ပြောကြားသည်။


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက လွှတ်တော်အတွင်း လူနည်းစုသာ ဖြစ်မည်ဖြစ်သဖြင့် ထိုသို့စည်းရုံးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့အတွက် ရွေးကောက်ပွဲဝင်မည် ဖြစ်ကြောင်း ရှင်းလင်း ပြောဆိုထားပြီး ဖြစ်သည်။

တပ်မတော်အစိုးရက ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းနှင့်အထက် သဘောတူညီမှု ရရှိရန် လိုအပ်သည်ဟု အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  အတိအလင်း ဖော်ပြထားသည်။ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ရန် ခွင့်ပြုထားသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် မလွယ်ကူနိုင်ကြောင်း ပြည်တွင်းပြည်ပမှ နိုင်ငံရေးလှုပ်ရှားသူ အချို့က ထုတ်ဖော် ပြောဆိုကြသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အရွေးချယ်ခံမည့် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်းဦးစွာ ယုံကြည်မှု တည်ဆောက်ရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောဆိုသည်။ “ရောက်ရောက်ချင်းတော့ လုပ်ဖို့ မလွယ်သေးဘူး။ အပြန်အလှန် ယုံကြည်မှုတွေ ရှိလာအောင် ဥပမာ- အများပြည်သူနဲ့ဆိုင်တဲ့ ဥပဒေပြုရေး ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ရင်းနဲ့ ယုံကြည်မှု တည်ဆောက်ရမယ်။ အချိန်တစ်ခုတော့ ပေးရမယ်။ ပြင်ချင်တဲ့ ဥပဒေတွေက တကယ်ပြင်သင့် ပြင်ထိုက်တဲ့ ဥပဒေဖြစ်ဖို့ လိုတယ်။ တစ်ဦးချင်းစီရဲ့ ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရရှိဖို့က ပိုအရေးကြီးတယ်” ဟု သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

တိုင်းရင်းသားများအနေနှင့် ပြည်ထောင်စုမှ မခွဲထွက်ဘဲ စီးပွားရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးများတွင် ပူးပေါင်းဆောင်ရွက်၍ နိုင်ငံရေးပါတီများ ထူထောင်ကာ လွှတ်တော်အတွင်း ရောက်ရှိပါက အခြေခံဥပဒေ ပြင်ဆင်ရန် သမ္မတကြီး ဦးသိန်းစိန်က မတ်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ တည်ရှိရာ အောင်ပန်းနှင့် ကလောမြို့တို့သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော်သားများ အကူအညီပေးရန် ပြောဆိုခဲ့သည်။

ယခုအချိန်တွင် လုပ်ဆောင်ရမည့် အလုပ်တစ်ခု မလုပ်ခဲ့လျှင် နောင်တွင် အခက်အခဲများနှင့် ကြုံတွေ့နိုင်ကြောင်း၊ ထို့ကြောင့် အတိတ်က မလုပ်သင့်သည်များ မလုပ်ခဲ့သဖြင့် ဖြစ်ပေါ်လာသည့် ကိစ္စရပ်အပေါ် ချက်ချင်းပြုပြင်ရမည်ဟု ၎င်းက ဆိုသည်။ လုပ်သင့်သည့် အချိန်တွင် မလုပ်ဆောင်ခဲ့၍ ယခု ဒီမိုကရေစီလမ်းကြောင်း ပေါ်လာချိန်တွင် အားလုံး အင်တိုက်အားတိုက် ဆောင်ရွက် ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

စစ်ကိုင်းမြို့သို့ ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန်ဝန်းသို၊ ကောလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ကသာ စသောဒေသများမှ ဒေသခံများက တစ်ရက်ကြိုတင် ရောက်ရှိနေခဲ့သည်။

မန္တလေး မဲဆွယ်ခရီးစဉ်အတွင်း ဒေသခံ တေးသံရှင်လင်းလင်း လိုက်ပါကူညီဆောင်ရွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နံနက်ပိုင်းတွင် မစိုးရိမ်တိုက်သစ်၌ ဝါဆိုဆရာတော်ကို သင်္ကန်းများနှင့် ဆွမ်းချိုင့်ကပ်လှူပြီးနောက် အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော်ထံ သွားရောက်ဖူးမြော်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် စနေနေ့က ကျန်းမာရေး အခြေအနေကြောင့် ခေတ္တအနားယူခဲ့သော်လည်း ယနေ့တွင် စစ်ကိုင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ မန္တလေးမြို့တော် Mandalay Hill Resort ဟိုတယ်သို့ နေ့လယ်ပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ပြီး မတ်လ ၅ ရက်နေ့တွင် တံတားဦး၊ မိတ္ထီလာ၊ တောင်တွင်းကြီး၊ မြင်းခြံမြို့တို့သို့ သွားရောက်ခဲ့သည်။  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...