ကျွန်ုပ်နှင့် ရုရှား ၄ နှစ်တာ (၆)
“မိသားစု”
ဆိုတဲ့စကားလုံးလေးက ရှိတော့သာ သုံးလုံးထဲရယ်။ အနှစ်သာရကတော့
အတော့်ကိုပြည့်ဝတာပါ။ မိသားစုအသိုက်အမြုံနဲ့ ဝေးနေတဲ့ သင်းကွဲသူများဆို
ဒီစကားလုံးလေးကြားလိုက်ရင်ပဲ ရင်ထဲအေးသွားလောက်ရဲ့။ ဝေးကွာလှတဲ့
အတိတ်ရှည်ကြီး တစ်ခုကိုလည်း နင့်နင့်နဲနဲ ခေါ်ဆောင်သွားနိုင်ရဲ့။
ဒီကာလတွေမှာ ပျော်ရွှင်ဖွယ်အတိပြီးခဲ့ သူများလည်းရှိနိုင်သလို ပင့်သက်တွေ
တစ်ထွေးကြီးနဲ့ ရှိုက်သံတွေ ပိုင်ဆိုင်ခဲ့သူများလည်း ရှိနိုင်ပါရဲ့။
ကိုယ့်အသိုက်အမြုံလေးကို သံယောဇဉ်ကြီးမားကြတာကလည်း သဘာဝကျလွန်းလှသလို၊
လူသားဆန်လွန်းလှတယ်။ တစ်ချိန်တုန်းကတော့ စွန့်ခွာဖို့ ကြိုးပမ်းခဲ့ရတာ
ဒီမိသားစုကမ္ဘာလေးဖြစ်သလို၊ ဝေးကွာလာတဲ့အခါမှာ အခိုလှုံချင်ဆုံးဆိုလို့
ဒီနေရာကိုပဲ တောင့်တကြတာလေ။
နိုင်ငံကြီးတစ်နိုင်ငံ၊ လူ့အသိုက်အမြုံကြီး တစ်ခုလုံးရဲ့အခြေခံ ဖြစ်တည်မှု၊ အသွင်အပြင်၊ စည်းလုံးမှု ဆိုတာတွေတောင် ဒီမိသားစုစိတ်ဓာတ် ပေါ်မှာပဲ အခြေခံလာရတာမဟုတ်လား။ ကိုယ့်မိသားစုတွင်းမှမဟုတ်ပါဘူးလေ။ ကိုယ်ရှင်သန် ရပ်တည်ရတဲ့ နေရာတိုင်းမှာ မိသားစုဓလေ့စရိုက်လေးတွေ ထုံမွှမ်းနေရင် ဘယ်လောက်များ စိတ်ချမ်းသာစရာကောင်းမလဲနော်။ အဲ့လိုဖြစ်လာအောင်လည်း ကြိုးစားတည်ဆောက်ယူကြရတာပဲလို့ တွေးမိပါတယ်။
သတိထားမိတာလေးတစ်ခုကတော့ မြို့ပြဆန်ခြင်းနဲ့ မိသားစုဆန်ခြင်းဆိုတာ ရန်များဖြစ်ထားသလားမှတ်တယ်။ မြို့ပြဆန်လာလေလေ၊ လူတွေ စက်ရုပ်ဆန်လာလေလေ၊ မိသားစု စိတ်ဓာတ်တွေ ပျောက်ဆုံးလာလေလေပါပဲ။ တို့တောမှာဆို ရေတစ်ခွက်တော့ ဘယ်အိမ်တောင်းသောက်သောက်ပါ။ သဲအိုးလေးနဲ့ ရေချမ်းစင်အေးအေးလေးတွေ ကောက်ရိုးပုံထဲက အပ်ရှာသလိုတော့ ရှာစရာမလိုသေးပါဘူး။ မြို့ကြီးပြကြီးတွေမှာတော့ ဒီလိုမြင်ကွင်းမျိုးတွေက ပုံပြင်ထဲမှာလိုလို၊ ပြတိုက်ထဲက နှစ်ချို့ ပစ္စည်းတစ်ခုလိုလိုကို ဖြစ်နေပါပြီ။ ဘေးချင်းကပ်၊ အပေါ်ထပ်အောက်ထပ်တာင် တစ်လနေလို့ စကားတစ်လုံးဖက်လှဲတကင်း ဆိုမိကြရင်အတော် ချီးကျူးရမယ်။ ဘယ်နေရာပဲဖြစ်ဖြစ် သံသယမျက်လုံးရွှဲကြီးတွေနဲ့ပဲ မျက်စောင်းထိုးကြတာများတယ်လေ။ ကိုယ့်ဘဝ၊ ကိုယ့်အတ္တတွေနဲ့ပဲ သံပတ်မကုန်မချင်းတော့ လည်နေကြရတာမဟုတ်လား။ ဒီလိုဆိုလို့ တောထဲမှာပဲနေကြတော့လို့ စည်းရုံးရေးဆင်းနေတာမဟုတ်ရပါနော်။ အရှိကိုအရှိ အတိုင်းပဲ မြင်ကြည့်တာပါ။ ဒီလိုကြောင့်လည်း မြို့ပြဆန်နေကြပြီဖြစ်တဲ့ မြို့ကြီးသား နိုင်ငံတွေမှာ အချိန်လေးအားတာနဲ့ တောထဲပြေးတိုးကြတော့သလို၊ တို့ ရွာသူ၊ရွာသားများကလည်း မြို့တက်လည်ဖို့ တွေးကြတာပဲလေ။ ဒီကလူတွေ ဆိုလည်း အားတာနဲ့ တောထဲ တိုးဖို့ပဲ စဉ်းစားနေတာ။
ပတ်ဝန်းကျင်ဆိုတာကဘယ်လောက်များ လူတွေအပေါ် သက်ရောက်မှုရှိသလဲဆိုရင် ဒီရောက်လာတဲ့လူတွေကိုပဲကြည့်။ ဟိုးမော်စကိုမြို့ကြီးသားတွေနဲ့ ဒီကတောသားတွေနဲ့တောင် မတူဘူး။ မော်စကိုသားများကြည့်ရင် ဂေါ်လီလိုလို၊ တော်ဖီ လိုလို၊ ဆကာ လိုလို၊ သမ္ဘာ လိုလို။ ဟင်း…ဟင်း…စပြီ..စပြီ။ ဒီလောက်အင်ထရိုဝင်နေထဲက ဆော်တော့မလို့ ဂွင်ဆင်နေတယ်ဆိုတာသိသားပဲ။ မော်စကိုသားတွေ ပွစိပွစိဖြစ်ကုန်ပြီ။ စိတ်ချိုးနဲ့နော်..ကိုယ့်ချင်း ကိုယ့်ချင်းတွေ ချစ်လို့စတာ။ မြို့ပြစရိုက်နည်းနည်းလေး ကူးစက်ခြင်းခံရတယ်လို့ပြောချင်တာပါ။ မြို့သားပီသတယ်ပေါ့လေ။ သူတို့ဆီသွားလည်ရင် ကိုယ့်ဆီက လူတွေနေထိုင် ဆက်ဆံကြတာနဲ့နှိုင်းယှဉ်ကြည့်မိရင် တစ်ခုခု လိုနေသလိုအမြဲခံစားရတယ်။ ကိုယ့်ကိုဆက်ဆံတာကို ဆိုလိုတာမဟုတ်ပါဘူးနော်။ သူငယ်ချင်း၊ညီအစ်ကိုတွေ အားလုံးဧည့်ဝတ်ကျေကြပါတယ်။ သူတို့အချင်းချင်းဆက်ဆံပုံကို ပြောတာပါ။ ကိုယ့်အကန့်နဲ့ ကိုယ်နေကြတယ်လို့ ဆိုရမလား။ ဒါကလည်း ကိုယ်မြင်သလောက်နေရာလေးနဲ့ ၊အချိန်ပိုင်းလေးမို့လည်း ဖြစ်ရင်ဖြစ်မှာပါ။ သိသလောက်၊ မြင်သလောက် လက်တစ်ထောက်စာလေးလောက် ပြောတာပါ။ ပြောတုန်းကပြောပြီး..ဘာခုမှ ပြန်လျောချနေသလဲ။ နောက်တစ်ခါလာရင် အဆောင်ရိပ်တောင်မနင်းနဲ့။ သေပြှီဆာ။ ဒီအတိုင်းဆို Metro ထဲအိပ်ရဖို့များတယ်။
နင်တို့ဆီမယ်တော့ မိသားစုစရိုက်တွေပျောက်ဆုံးနေပြီလို့ ဆိုလိုတာမဟုတ်ရပါဘူး။ ဒီမှာက ပိုပေါ်လွင်သလိုရှိလို့ပါ။ ချက်ကြပြုတ်ကြတာ ကိုယ့်တူရာတူရာလေးတွေဖြစ်ကြပေမယ့် စားချိန်သောက်ချိန်များဆို တဝုန်းဝုန်း တအုန်းအုန်း နဲ့ ကိုယ့်ဟင်းသူနှိုက်၊ သူ့ဟင်းကိုယ်နှိုက်၊ စလိုက် နောက်လိုက်။ ကစားချိန်ဆိုလည်း တပျော်တပါး။ ခြင်းခတ်၊ ဘောကန်၊ တင်းနစ်ရိုက်၊ ဝိတ်ဆော့။ ဘောလုံးပွဲကြည့်ရင်လည်း ဟေးဟေး..ဝါးဝါး။ ဂိမ်းဆော့ရင်လည်း ဒီလူတွေဆော့ကြ၊ စကားနာထိုးကြ။ အခြားအဆောင်လည်း လည်စရာပတ်စရာမရှိတော့ ကိုယ့်အမျိုးတွေ နေတဲ့ အထပ်သုံးထပ်မှာပဲ တစ်ခန်းဝင်တစ်ခန်းထွက် ခြေချင်းလိမ်အောင် လည်နေကြရတာမဟုတ်လား။ ဒါကြောင့်လည်း ကျစ်ကျစ်လစ်လစ်လေး ပိုဖြစ်နေပုံရပါတယ်။ ရောက်စက တစ်ယောက်မွေးနေ့ဆိုရင် တစ်နှစ်ထဲလာတဲ့သူတွေ အကုန်စုကြ ကကြနဲ့။ နောက်ပိုင်းတော့ အခါကြီးရက်ကြီးတွေနဲ့ စနေနေ့ညတိုင်း ဘုရားခန်းစုဝင်ကြ၊ ဝတ်ပြုအပြီး တစ်ဆောင်လုံးကို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ထမင်း၊ အကြော်၊ အသုပ် စသဖြင့် တမျိုးမျိုးစီစဉ်ကြတယ်။ ချက်ပြုတ်ကြတော့ လုပ်တတ်ကိုင်တတ်တွေက ခေါင်းစဉ်တပ်ပေးစရာမလိုပဲ ကိုယ်တာဝန်ယူနိုင်တာလေး ဝင်ယူကြတာပဲ။ မွေးနေ့ပွဲအမည်ခံပြီး တစ်ယောက်တစ်လှည့် အလှူလုပ်နေကြတာပါပဲ။ အကျွေးအမွေးပြတ်တဲ့လဆိုတာ ခပ်ရှားရှားပဲ။ တခါတလေ တစ်လထဲတင် သုံးလေးပွဲ ဆက်နေတတ်တယ်။ တစ်ယောက်တည်းတတ်နိုင်သူကလည်း တတ်နိုင်သူအလျောက်၊ မတတ်နိုင်ရင်လည်း နှစ်ယောက် သုံးယောက်ပေါ့။ သင်္ကြန်ဆိုရင်တော့ ပြောမနေနဲ့။ ရုရှားတွေက ရေစလောင်းနေလို့ ပတ်ပြေးနေရတယ်။ တစ်ယောက်နဲ့တစ်ယောက် စနောက် ပျော်ရွှင်နေကြတာများပါတယ်။ လူတစ်ယောက်ချင်းရဲ့ စရိုက်တော့ အနည်းငယ်ကွာမှာပေါ့လေ။ အများစုကတော့ အဲ့လိုပါပဲ။ အထာကြီးနဲ့ဆိုတာ ခပ်ရှားရှား။ ဒီလိုနေရာလေးတွေမှာ မဆိုသလောက်လေး ကွာခြားမယ်လို့ ထင်တာပါ။ ရုရှားလူမျိုးတွေနဲ့ ဆက်ဆံရေးကိုက ဒီက မိသားစုပိုဆန်မလားပဲ။ မိသားစုစတိုင်လေးတွေဆိုတာ ဘယ်နေရာပဲကြည့်ကြည့် ကျေနပ်ဖို့ကောင်းလှပါတယ်။
ပို့မယ့်ပို့တော့လည်း ကူးတို့ထိရောက်အောင်ပို့တာ ကောင်းပါတယ်။ ကူးတို့ဆိပ်ကနေ မှို့အိပ်ဖွင့်ရသေးတာပေါ့လေ။ တစ်လ တစ်လ ကျွေးမွေးစားသောက် နေကြတယ်ဆိုတော့ ဒီအကောင်တွေ အတော်ချမ်းသာနေတာ ဖြစ်မယ်လို့ တွေးရင်တော့ ကြိတ်ကျေနပ်လိုက်မယ်။ အသားလွတ် အထင်ကြီးခံရတယ်ဆိုတာ နည်းတာမှတ်လို့နော်။ ထောက်ပံ့ကြေး ဒေါ်လာ၂၇၅ ဆိုတာ တတ်နိုင်သူတွေသောက်တဲ့ ဝီစခီ တစ်လုံးစာလောက်တော့ ရှိပါတယ်။ ဘော်ဘော်တွေဆုံသွားလို့ ညနေတစ်ဝိုင်းစာလည်း ဖြစ်ချင်ဖြစ်မှာပါ။ စားရုံ၊သောက်ရုံ ထိုင်ရာကမထ မလှုပ်မယှက် နေမယ်ဆိုရင်တော့ တစ်လနည်းနည်း ကျန်အောင်စုလို့ရမှာပါ။ ဟိုလှုပ်ဒီလှုပ်၊ ဟိုသွားဒီသွား ကင်မရာတစ်လုံးနဲ့ ဖလမ်းဖလမ်း ထချင်လို့ ရှိရင်တော့ “ အမေနေကောင်း သားဆုတောင်း ပို့ပါငွေ နှစ်သိန်း” ။ အမ်..နင့်ဟာကြီးက ကာရံလည်းမညီဘူး။ ဟုတ်ပါတယ်။ ကာရံက “အမေနေကောင်း သားဆုတောင်း ပို့ပါငွေ နှစ်သောင်း”။ ဒါက ဟိုးအရင်သင်တန်းတွေတုန်းက ကာရံ။ အဲ့လိုပဲ ကာရံဆိုတာ တစ်ခါတစ်လေ လွဲတတ်တာပဲ။ ရွာက ကျန်ခဲ့တဲ့ဝန်ထမ်းလခလေးပါ ပြန်မှာနေရပါတယ်။ ကျနော့်လို လူမိုက်တွေဆိုရင်ပြောတာပါ။ ဖင်ကမငြိမ်၊ ဟိုသွားဒီသွား၊ ဟိုစပ်စု ဒီစပ်စုက လုပ်ချင်သေး။ Electronic ပစ္စည်းလေးကလည်း ကလိချင်သေး။ ဘီယာလေး၊ ဗော့ဒ်ကာလေးက တွယ်ချင်သေး၊ ဒီက ရုရှား အပေါင်းအသင်းဘော်ဒါများ ရှိလို့ကတော့ ကာရံတွေ လွဲသထက်လွဲနေတော့တာပါပဲ။
အများစုက ၂၇၅ ထဲကပဲ ဒီကအလှူအတန်းကော၊ ကိုယ့်ရွာက လိုအပ်တဲ့နေရာလေးတွေ ရေဘေး၊ မီးဘေး ကိုလဲ ဝေါခနဲ ဝေါခနဲရောက်သွားတတ်သေးတာ။ စားဖို့အတွက် ၊စာရွက်စာတမ်းအသေးသုံးစရိတ်အတွက်၊ ဒီက သူတို့ရဲ့အထိမ်းအမှတ်ပွဲ၊ ကိုယ့်အထိမ်းအမှတ်ပွဲ အတွက် ၊ ရွာကစာဥ စိတ်ကောက်မယ်စိုးလို့ ဘာနေ့ ညာနေ့ဆိုရင် ဘာဘာညာညာလှမ်းဆက်သရတဲ့ ကိုကို၊ ညီညီ များအတွက်ကလည်း ဒီထဲက ထွက်သွားတာပဲ။ စာဥကိစ္စတော့ ကိုယ်မပါဘူးရယ်။ အင်ထရိုတောင်မခင်းပဲ ကြော်ငြာဝင်သေးတယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တာမှတ်လား။ နင့်အကြံမသိရင်ခက်မယ်။ ဘွဲ့လက်မှတ်ကိစ္စအတွက် စာရွက်စာတမ်းနဲ့၊ ဟိုတင်ဒီတင် ဆိုပြီး ကျောင်းက ဒေါ်လာ ၃၀၀ လောက်ဗျင်းသေးတာ။ တကယ်လိုအပ်တာလည်း ဖြစ်ပါလိမ့်မယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းတော့ တူချင်မှတူမယ်။ စာတမ်းဖတ်လို့ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်သေနတ်ပစ်နေတာကို စိတ်ရှည်စွာနားထောင်၊ ထင်ရင်ထင်သလို၊ မထင်ရင်မထင်သလို၊ သက်သက်သာသာ နဲ့ မသက်မညှာ မေးခွန်းပိုင်ရှင် ကျေးဇူးရှင်ဆြာ၊ ဆြာမများအတွက် နားချိန်လေး ဟိုတို့ ဒီတို့ လုပ်ဖို့လဲ ဒီ ၂၇၅ ထဲကပါပဲ။ ငါ့လက်ကလွတ် ဗြွတ် ဆိုပြီး ရေတိုက်..အသေရိုက်လွှတ်လိုက်လို့ ရတဲ့ကိစ္စ မှမဟုတ်တာနော့်။ ငါ့တူ၊ ငါ့သားလေး ဟိုးဝင်ရိုးစွန်းကနေ ပြန်လာတယ်တော့ ဆိုပြီးကြိုကြမယ့် ရွာကရွှေမျိုးများအတွက်၊ ဘော်ဘော်များအတွက် ဆိုပြီး ဘာညာ၊ သာရကာ၊နေကြာ၊ ကွာစေ့၊ တောင်ကြီး ပဲလှော် လေးကလဲ လိုလာပြန်ကော။ မပါရင် ချိတ်ချိုးနဲ့နော်။ အင်ထရိုကြိုဝင်ထားတာ။ ပြောသာပြောနေတယ်၊ ဒီစာဖတ်မိမယ့်အမျိုးလည်း ရှိမယ်မထင်ပါဘူး။ ဂလို့ ဂလိုတွေကြားထဲကပဲ ခြိုးခြိုးခြံခြံနဲ့ မိဘကို ကန်တော့နိုင်သူများကို တွေးမိတိုင်း သာဓုခေါ်ရသလို၊ လေးစားနေရတာပါပဲ။ မိဘဆုံးလို့တောင် အိမ်ပြန်ခွင့်မရှိလို့ လူမသိသူမသိကျလိုက်တဲ့ မျက်ရည်တွေလည်း ဒီမှာ အပြည့်ရှိတယ်။
ဒို့မြို့ကနေရေးထိုင်ရေးမှာတော့ ၃ယောက်ခန်းမှာ ၄ ယောက်ထိုးသိပ်ထားတာတွေ၊ လူနေခန်းမဟုတ်၊ Heater မလုံလောက်တဲ့ Hall တွေထဲ ၆ ယောက်လောက်ထည့်ထားတဲ့ ဝေဒနာတွေကိုတော့ မပြောတော့ဘူးနော်။ ခုတော့ အဆင်ပြေပါပြီ။ မပြောတော့ဘူးဆို ပြောပြီးနေပြီလေ။ နေရာတိုင်းမှာ သူ့ဝေဒနာနဲ့သူချည်းပါပဲ။ ကိုယ့်ခြံမဟုတ်ရင် ဘယ်နေရာရောက်ရောက် ကြက်မပဲ။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်တွေ မပြောချင်ပါဘူး။ မဆိုင်တဲ့ အပေါက်တွေ ဂလိုင်နဲ့ ခေါက်မိရင်ခက်မယ်။ ဒီကြားထဲ သူခိုးလုံးလုံး ဖြစ်နေရသေးတာ။ လုံးလုံး ကတော့ လာရိုက်တော့မယ်။ ဟင်..နင် ရုရှားသွားပြီး သူများပစ္စည်းခိုးနေတယ်ပေါ့..ဟုတ်စ။ ရုပ်ကလေးကြည့်တော့ သနားရုပ်ပ နဲ့ ထင်တော့ထင်သား။ ခုတော့ပေါ်ပြီ။ ဒီလိုပဲ မတတ်နိုင်တဲ့အဆုံးတော့လည်း ခိုးရတာပါပဲ။ Window လည်းခိုးတယ်။ နင် သူများပြတင်းပေါက်တွေ လိုက်ဖြုတ်ခိုးနေတယ်ပေါ့... ဟတ်လား။ Antivirus လည်းခိုးတယ်။ Photoshop လည်းခိုးတယ်။ Lightroom လည်းခိုးတယ်။ Mathlab လည်းခိုးတယ်။ Visual Basic လည်းခိုးတယ်။ Mathtype လည်းခိုးတယ်။ Delphi လည်းခိုးတယ်။ Pascal လည်းခိုးတယ်။ Maple လည်းခိုးတယ်။ Microsoft office လည်းခိုးတယ်။ ဟိုဟာ ဒီဟာ တိုတိုထွာထွာလည်းခိုးတယ်။ ဖရီးမဟုတ်တာသမျှ အကုန်ခိုးသုံးတယ်။ အေးရော။ ခိုးလို့ရတဲ့နေရာမှန်သမျှ ဝင်မွှေတယ်။ ကွန်ပျူတာနဲ့ ပတ်သက်ပြီး ကူလီကူမာသုံးရတာ အားမရလို့ ဖုန်း ကို Root/jailbreak ထောင်ဖောက်တယ်။ အလကားနေကို သူများပစ္စည်းခိုးသုံးနေရတာပဲ။ သူများခိုးထားတာလေးတွေ ကိုယ်ကပြန်သုံးလို့ ခိုးသုံးတယ်ပြောတာပါ။ တားကိုခင်ရင် လျောက်မဖွနဲ့နော်။ လာဖမ်းလိမ့်မယ်။ သူတို့တောင် virus ရေးပြီး Antivirus ပြန်ရောင်းစားသေးတာပဲ။ အမှန်တော့ အဲ့ virus ဆိုတာတွေက corporation တွေကပြန်ရေးတာ တစ်ဝက်လောက်ပါချင်ပါနေမှာ။ သူများရေးသမျှကျော်ဝင်နိုင်တဲ့ Hacker အစစ်ဆိုတာ သိပ်ကိုတိုးတက်လှတဲ့နိုင်ငံတစ်နိုင်ငံမှာတောင် ၁၀ ယောက်ရှိအလွန်ဆုံးလို့ သူတို့ စာတွေထဲ သုံးသပ်တာတွေ့ရတယ်။ အဲ့မှာမှ White/Black ဆိုပြီး ခွဲပြန်ကော။ ဒီလိုလူမျိုးတွေက ဘယ်တော့မှ လူသိမခံဘူး။ ခုကတော့ Porn site တို့ သူများ Email အကောင့် တို့ ကိုယ်နဲ့ မတည့်တဲ့ Website တို့ကို ကမြောက်ကချောက် ဖြစ်အောင်လုပ်ပြီး ဟက်ကာအမည်ခံသူများဆို ပုံလို့။ Porn site ဟက်တဲ့ ဟက်ကာဆိုတာ ကြား ကြားဖူးပေါင်။ အဲ့လိုတွေကျတော့ ကလေကချေ အဆင့်လောက်ရှိတာရယ်။ ဟိုသူခိုးတွေက ငတက်ပြားတို့လိုပဲ မောင်မောင်တုတ်တို့ မောင်မောင်ပွ တို့ဆီကခိုးခိုးလာပြီး အောက်ကဒို့လိုမရှိဆင်းရဲသားတွေကို ပြန်ပြန်မျှတာ။ ဘာပဲပြောပြာ ဒီလို သူခိုးတွေရှိလို့လည်း ဒို့လို မရှိဆင်းရဲသားတွေ အဆင်ပြေရတာ။ ရွာက ဈေးကြီးပေးကြီး ကော်ပီစီဒီခွေလေးတွေနဲ့ ရောင်းတဲ့ ဂိမ်းတို့၊ ဆော့ဖ် တို့ဆိုတာလည်း အဲ့ဒါခိုးထားတဲ့ဟာတွေနော်။ မသိသူကျော်သွား သိသူဖော်စားနေတာ။ သူများ စီးပွားရေး ဒုတ်နဲ့ထိုးနေပြန်ပြီ။ ဒီလိုကောင်မှ လူချစ်သူခင်သူမပေါ ဘယ်သူပေါမတုန်း။ ပြန်ရင်တော့ စောင့်ပြီးဝိုင်းရိုက်ဖို့ ပြင်နေကြတော့မယ်။
ရုပ်တွေကြည့်ထဲက သိလို့ထင်တယ်။ ဒီမှာ သိပ္ပံဆိုင်ရာ ဘာသာစကားသင်တော့ အဲ့သလိုဝယ်မသုံးရင် သူခိုးတွေဆိုပြီး စာထည့်သင်တယ်။ မိတ္တူပေးတာဖြစ်ပုံရတယ်။ မိတ္တူပေးရုံမကလို့ မူရင်းပေးလည်း မတတ်နိုင်ဘူး။ မှင်သုံးပြီး ရုပ်တည်ကြီးနဲ့ပဲ နေရတာ။ ၂၇၅ နဲ့ဒီဟာတွေအကုန်သာ ဝယ်သုံးရရင်တော့ လူလဲ လန်ကွတ်တီ ဝတ်ပြီး ရေမရှိတဲ့ချောင်းမှာ နှာခေါင်းပိတ်ပြီး သေရတော့မှာပဲ။ အိမ်ကအဖေတွေလည်း ပုဆိုးကထောင်းကျိုက်ပြီး အမေတွေလည်း ထဘီကို ကြိုးချည်ထားရမှာပဲ။ ဒို့ရွာမလဲ ရင်းနှီးမြှုပ်နှံမှု တွေနဲ့အတူ Copyright စည်းမျဉ်းတွေ ပေါ်ပြူလာဖြစ်လာတော့မယ်နော်။ ဟင်း…ဟင်း..ဟင်း။ အချိုအချောင် Source လေးတွေရှာထားလိုနှပ်ကြောင်းပေးတာ လုံးဝလုံးဝ မဟုတ်ဘူးနော်။ ဂိမ်းတွေ၊ ဇာတ်ကားတွေ၊ ဆော့ဖ်အကြီးအသေးတွေ၊ စာအုပ်တွေနဲ့ လိုအပ်တာအတော်များများအတွက် ဒီလို ဒီလို နေရာလေးတွေရှိပါတယ်။ Torrent လေးတော့တင်ထား။ ဝင်မရတဲ့နေရာတွေဆို ဒီလို ဖရီးဆော့ဖ် လေးတွေနဲ့ ကျော်ဝင်နော်။ ဒီလို Proxy port တွေလည်း တပုံကြီးရှိတယ်။ ဆြာ့ဆြာကြီးတွေအတွက် မဟုတ်ရပါနော်။ ဒါလေးများ Google မှာ free ဆိုပြီး ရိုက်ရှာလိုက်ရုံလေးကို။ free တွေကတော့ အတော်များတယ် virus တွေနဲ့လည်းတိုးနေမယ်နော်။ သူများဟာ ခိုးစားပါတယ်ဆိုမှ အရိုးတော့နည်းနည်း စူးမှာပေါ့။ အရိုးရှောင်ပြီး ဝါးပေါ့နော်။ ဝါးရင်းဝါးရင်းနဲ့ပဲ ရှောင်တတ်လာပါကော။ ဒီလိုပဲ မုဆိုး စိုင်သင်။ အတည်ထင်မနေနဲ့။ နောက်နေတာ။ သူများရောင်းတာကို အကုန်ဝယ်သုံးကြပါနော်။ အပေါ်ကရေးထားတာတွေကိုလဲ သူတို့ပစ္စည်းတွေကြော်ငြာသဘောနဲ့ လျောက်ရေးထားတာလို့ မှတ်နော်။ အမှန်ဆို Corporation ကြီးတွေဆီက ကြော်ငြာခတောင် ရသင့်သေးတာ။ Copy ရယ် Paste ရယ် ဒီလောက် လွယ်နေတဲ့ခေတ်ကြီးမှာ ဒီကိစ္စကြီးကို ဘယ်လိုများထိန်းရပါ့။ လျှမ်းလျှမ်းတောက် ကော်ပိုရေးရှင်းကြီးတွေဆိုတာ သူ့အတွက်တော့ ၁၀ ကွက်လောက်ချန်ပြီးသားပါ။
မကောင်းပြောစရာရှိ ကိုယ့်အကြောင်းပဲကိုယ် ပြောတာကောင်းတယ်။ ကိုယ်မလှ ကိုယ်မမြင်၊ သူမလှ ကိုယ်ရယ်ချင် ပဲမဟုတ်လား။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ နားအေးတယ်။ နင်က ကိုယ့်ပေါင်ကိုယ်လှန်မထောင်းပဲနဲ့… သူများပေါင် လိုက်လှန်ချင်နေတယ်ပေါ့လေ။ မလုပ်ရဲပေါင်။ ရှက်ရှာကြီး။ဖတ်ရင်းတောင် ကြက်သီးထနေပြီထင်တယ်။ ငါ့ပေါင်များ လာလှန်ရင်ဆိုပြီး။ မိသားစုစိတ်ဓာတ် ဆိုတာကနေ ရေမရှိတဲ့ချောင်းထဲဆင်းပြီး ပေါင်လှန်ထောင်းတဲ့ ကိစ္စရောက်သွားပြန်ပြီ။ ဒီကောင် တို့ကို မလိမ့်တပတ်လုပ်ပေါင်းများပြီ။ ဒီတစ်ခါတော့ အလှူ့ လ္ဘက်ဝိုင်းမှာ အီးအီးပေါက်မိတာ သားအပြစ်ပါ။ အဲ့လိုညစ်ညစ်ပတ်ပတ်တွေ ပြီးခါနီးတောင် ထည့်သွားသေးတယ်။ ဒါမျိုးမပြောရ စားမဝင်ဘူး။ ဒီအကောင် ဒို့ ဘုတ်ဘုတ်ပေါ်မှာ တရားမဝင်တာတွေ လာဖွနေတယ်ဆိုပြီး ကြည့်မရလို့ အချွန်နဲ့မချင်ရင်တော့ တဆင့်ပြန်ဖွကြပါ။ ဖွတာလို့ မမှတ်နဲ့နော်။ လူစုံတုန်းလေး ရှင်းပြတာရယ်ပါ။

0 comments:
Post a Comment