Friday, March 9, 2012

မြန်မာပြည်ကောင်းဖို့ ဒါတွေလုပ်သင့်မယ်လို့ ကျနော်ထင်တယ် - ၁

by Thorn Nay Soe on Saturday, March 10, 2012 at 9:10am ·
 
ဒါဟာ ကျနော်တို့ မြန်မာနိုင်ငံတော်တိုးတက်ဖို့ ဒီလိုတွေလုပ်ရင်တော့ ကောင်းမယ်ထင်ရဲ့လို့ ကျနော်တွေးမိတာတွေကို ခင်းကျင်းပြသထားတာတွေ ဖြစ်ပါတယ်။

ကျနော်တွေးမိသလောက်လေးနဲ့ ပြောထားရတာပါ။
ဒီစာကိုရေးတဲ့အခါ အဓိက အခက်အခဲကတော့ အချက်အလက်တွေ စုံလင်အောင် မရတာပါပဲ။
ကျနော်တို့တိုင်းပြည် အနာဂတ်ကောင်းအောင် ဘာလုပ်သင့်လဲလို့ တွေးတဲ့အခါမယ် ကျနော်တို့တိုင်းပြည် လက်ရှိဘာဖြစ်နေသလဲလို့ အချက်အလက် တိတိကျကျသိရမှုအပေါ် အခြေခံပြီး သုံးသပ်ရရင် အတော်ကောင်းပါလိမ့်မယ်။


ဒါပေမဲ့ မပွင့်လင်း မမြင်သာသေးတဲ့အခြေအနေကြောင့်
သိရသလောက်အချက်အလက်ကလေးနဲ့ပဲ ကျနော့်သုံးသပ်မှုကို စတင်လိုက်ရပါတယ်။
ဒီလိုမှ မစလည်း အတော်အချိန်နောက်ကျနေပြီကိုး။
ဘာပဲဖြစ်ဖြစ် မြန်မာပြည်သားစစ်စစ်တစ်ယောက် မြန်မာပြည်မှာ အခြေချနေထိုင်သူတစ်ယောက်အနေနဲ့
ကျနော်တို့တိုင်းပြည်ကောင်းအောင် လုပ်သင့်တာတွေကို ကျနော်မြင်သလောက်လေးပြောကြည့်ရတာပေါ့။

တစ်ခုလေး ကြိုပြောထားချင်တာကတော့ ဒါဟာ ပညာရှင်စာတမ်းဆန်ဆန် ရေးခြင်းမဟုတ်ပါ။
ဒီတိုင်းပြည်မှာနေတဲ့ သူတစ်ယောက်က ဒီတိုင်းပြည်ကို သူဖြစ်စေချင်တာလေးတွေ ရေးပြခြင်းပါပဲ။
ပြီးတော့ ပြည့်စုံမယ်လို့လဲ မဆိုသာပါ။ ကျန်ခဲ့တဲ့ မျက်နှာစာတွေ နောက်ထပ်ဖြည့်သွင်းရမှာတွေ ရှိကောင်းရှိပါလိမ့်မယ်။
ဒါပေမဲ့ အထက်မှာပြောခဲ့သလို ခုမှမစရင် အတော်နောက်ကျနေပြီမို့ ရေးရပါတယ်။
ဒါကို မြန်မာပြည်သားတစ်ယောက်ရဲ့ လွတ်လပ်တဲ့ ဆန္ဒသဘောထားတစ်ရပ်အဖြစ် မှတ်ယူ သဘောထားပေးကြစေလိုပါတယ်။


၁။ စီးပွားရေးကဏ္ဍ

ကျနော်တို့တိုင်းပြည် တိုးတက်ဖို့အတွက် အဓိကလုပ်ရမယ့် မျက်နှာစာကို စီးပွားရေးကနေ စရလိမ့်မယ် ထင်ပါတယ်။
အုပ်ချုပ်ရေးကောင်း (အစိုးရကောင်း) ဆိုတာ စီးပွားရေးတိုးတက်မှုရဲ့ အကျိုးဆက်ဖြစ်တယ်။
လို့ Jeffrey Sach က The End of Poverty မှာ ဆိုခဲ့တယ် မဟုတ်လား။
သူ့စကားကို ဖြန့်စဉ်းစားရင် စီးပွားရေး မကောင်းပဲ မတိုးတက်ဘဲနဲ့ အစိုးရကောင်းမဖြစ်နိုင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်နေတယ်။

အစိုးရတစ်ရပ် ကောင်းကောင်းမွန်မွန် အလုပ်လုပ် အုပ်ချုပ်လို့ရအောင် အဓိကအားဖြင့် ငွေလိုတယ်။ ဒါပေမဲ့ ဆင်းရဲတဲ့ နိုင်ငံအစိုးရတွေမှာ ငွေမရှိ။ အစိုးရ၀န်ထမ်းတွေ စားဝတ်နေရေးလောက်ငှအောင် လုပ်ခလစာမပေးနိုင် ဒီတော့ ၀န်ထမ်းတွေဟာ အပြင်ကလာမယ့် လာဘ်လာဘကိုပဲ မျှော်ကိုးနေရတယ်။ ဒါဟာ အဂတိလိုက်စားမှုတွေဖြစ်ပေါ်စေတဲ့ အကြောင်းရင်းခံပါပဲ။ ပြီးတော့ ဆင်းရဲတဲ့နိုင်ငံအများစုမှာ ကြုံတွေ့နေရတဲ့ ပြဿနာလည်းဖြစ်တယ်။

ဒီလိုဝန်ထမ်းတွေ အဂတိလိုက်စားနေမှတော့ အစိုးရအုပ်ချုပ်ရေးယန္တယားကြီး ဘယ်လို ကောင်းကောင်းလည်ပတ်နိုင်ပါတော့မလဲ။
ဒီနေရာမှာ တစ်ခုလေးဖြတ်မေးချင်တယ်။
ကျနော်တို့ မြန်မာပြည်က အစိုးရ၀န်ထမ်းတွေ အဂတိ လိုက်စားမှု ကင်းပါပြီလား။
ကျနော်ကိုယ်တိုင် ၀န်ထမ်းမိဘနှစ်ပါးက ပေါက်ဖွားခဲ့တာပါ။
ဝန်ထမ်းလောကမှာ ပြောလေ့ရှိတာတစ်ခု ကြားဘူးလေရဲ့။ အောက်ဆိုက် ရသလားဆိုတဲ့ စကား။
အောက်ဆိုက်ရတဲ့ ဌာနဆို အလုအယက်လုပ်ချင်ကြတယ်။
အောက်ဆိုက်ဆိုတာ ဘာလဲ။ အားလုံးပဲ သိကြမှာပါ။
ကျနော်တို့ တိုင်းပြည် တိုးတက်ပြီလို့ ကြွေးကြော်ချင်ရင် အဲဒီကိစ္စက အရင်ဆုံး သက်သေပြနေလိမ့်မယ်လို့ ထင်ပါတယ်။

တိုင်းပြည်ဆင်းရဲရင် အစိုးရမှာ ပိုက်ဆံမရှိဘူး။
အစိုးရ ပိုက်ဆံမရှိရင် ၀န်ထမ်းတွေကို လခကောင်းကောင်းမပေးနိုင်ဘူး။
အစိုးရ ၀န်ထမ်းတွေ လခ လုံလုံလောက်လောက်မရရင် အစိုးရအလုပ်တွေကို ကောင်းကောင်းမလုပ်နိုင်ဘဲ အဂတိလိုက်စားတော့မယ်။
ဒီလိုနဲ့ ကောင်းမွန်သန့်ရှင်းတဲ့ အစိုးရ မဖြစ်နိုင်ဘူး။
ဒါကြောင့် စီးပွားရေးကနေ အရင်ဆုံး စရအောင်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

အိုကေ ... ဒါဆို ကျနော်တို့တိုင်းပြည် စီးပွားရေးတိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ?
လီကွမ်ယုက ပြောဘူးတယ်။
အိမ် ဘယ်လိုဆောက်မယ်၊ စက်ဘယ်လိုပြင်မယ်၊ စာအုပ် ဘယ်လိုရေးမယ်
ဆိုတာတွေ သင်ပေးတဲ့ စာအုပ်အများကြီးရှိတယ်
ဒါပေမဲ့ နိုင်ငံတစ်ခု ဘယ်လိုတည်ဆောက်မယ်
စီးပွားရေး ကစဥ့်ကလျားဖြစ်နေတဲ့ ဒေသတစ်ခုက ပြည်သူတွေအတွက် ဘယ်လို ရှင်သန်အောင် လုပ်ပေးမယ်ဆိုတဲ့ စာအုပ်မျိုး တစ်ကြိမ်မှ မမြင်ဖူးဘူး ... တဲ့။

အိုကေ ကျနော်လည်း အဲဒီလို တိုင်းပြည်စီးပွားရေးကောင်းအောင် ကုသမယ့် ဖော်နည်းကားမျိုးတော့ ပေးနိုင်စွမ်းရှိလိမ့်မယ် မထင်ပါ။
ပြီးတော့ ဒါမျိုးက ဆေးမြီးတိုတွေနဲ့ ကုလို့ ကောင်းတဲ့ ရောဂါမျိုးမဟုတ်။
ဥုံခံမန်းလို့ရတဲ့ အခြေအနေမျိုး မဟုတ်လို့ ယူဆမိပါတယ်။
အခု နောက်ပိုင်းမှာ ဆက်ပြီး တင်ပြထားတဲ့ အချက်တွေဟာ စီးပွားရေးကောင်းအောင် ဒါတွေတော့ လုပ်သင့်ရဲ့လို့ ကျနော်စဉ်းစားမိတာတွေပဲ ဖြစ်ပါတယ်။

အလုပ်သမား စီးဆင်းမှု ပြဿနာ

ကျနော်တို့တိုင်းပြည်မှာ လူ့စွမ်းအားအရင်းအမြစ်တွေကို ထိထိရောက်ရောက် ထုတ်မသုံးနိုင်ဘူးလို့ သုံးသပ်ပါတယ်။
အစိုးရ ကြွေးကျော်နေတဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ...
ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအပြင်
လုပ်သားစီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးကိုလည်း အဓိက ထားသင့်ပါတယ်။
ဒီအတွက် အဆိုးရွားဆုံး အနှောင့်အယှက် အတားအဆီးဖြစ်နေတာကတော့

ပညာရှင်ဆန်ဆန်ပြောရရင် ကျနော်တို့တိုင်းပြည် အုပ်ချုပ်ရေးရဲ့ လုံခြုံရေးကို ဦးစားပေးလွန်းတဲ့သဘောထားပါပဲ။
လူပိန်းပြောပြောရင်တော့ ဧည့်စာရင်းတိုင်ရတဲ့ ပြဿနာပေါ့။
ဒီနိုင်ငံသားတစ်ယောက်
ဒီနိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားသူ တစ်ယောက်ပေမဲ့
ဒီနိုင်ငံထဲမှာ လွတ်လပ်စွာသွားလာခွင့်မရှိဘူး။

ဒါ လွတ်လပ်နေတဲ့ တိုင်းပြည်တစ်ခုပဲ။
ဘာလို့များ ခြေချုပ်ထားနေမလဲ။
ကိုယ့်အိမ်ကနေ တခြားရပ်ကွက်လေးညအိပ်ညနေသွားရင်တောင် ဧည့်စာရင်းဆိုတာကြီးက ပါလာပြီ။
ပြီးတော့ ဧည့်စာရင်းကိုလည်း တစ်ပတ်ထက် ပိုမပေးဘူး။
ဒီတော့ ဒါဟာ လုပ်အားစီးဆင်းမှုကို ကြီးစွာသော အကန့်အသတ်ဖြစ်စေပါတယ်။

ပြည်တွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အားပေးမှု မရှိတဲ့အခါ
ပြည်ပထွက်ကုန်တာမျိုး ပြည်တွင်းကိုယ့်နေရပ်ကလေးမှာပဲ မတိုးမတက် မဖွံ့မဖြိုး လှိမ့်ပိန့်ခံ နေထိုင်နေရတာမျိုးဖြစ်ကုန်တယ်။
ဒီအကြောင်း သုံးသပ်ချက် စာတမ်းသက်သက် ရေးပါ့မယ်။
အခုက အလွတ်သဘော ပြောတာမို့ တို့ထိရုံလေး ထားခဲ့ပါရစေ။

အချုပ်ပြောလိုတာကတော့
ကျနော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်ပုံအစဉ်အဆက်ဟာ လုံခြုံရေး အဓိက ထားလွန်းခဲ့ပါတယ်။
ဦးနေ၀င်းခေတ်ကတည်းက တိုင်းပြည်ကောင်းအောင် တည်ဆောက်တာထက် သူ့အာဏာမြဲအောင် လုပ်သွားတဲ့စနစ်မျိုးနဲ့ တိုင်းပြည်ကို အုပ်ချုပ်သွားတယ်။
ဒါကြောင့် ကျနော်တို့ တိုင်းပြည် ခုလို အောက်ကျနောက်ကျဖြစ်သွားရတယ်လို့ သုံးသပ်မိပါတယ်။

ဥပမာပေးရရင် ဆိုရှယ်လစ်ခေတ်တလျောက် မြန်မာပြည်ဟာ လှောင်ချိုင့်ထဲ ထည့်ခံထားရတဲ့ ငှက်တစ်ကောင်လိုပါပဲ။
ပေးတာယူ၊ ကျွေးတာစား၊ ခေါင်းညိတ်ထောက်ခံ ပြန်မပြောတတ်တဲ့ ကျွန်ယုံလို
တိုင်းပြည်သားတွေကို ပုံစံသွင်းခြင်းခံခဲ့ရတယ်။
ဒါပေမဲ့ လှောင်ချိုင့်ထဲက ငှက်ဟာ ဘယ်ဘက်မှာမှ သန်စွမ်းသာလွန်မှုမရှိတာတော့ သေချာပါတယ်။

ပြည်တွင်းစီးပွားရေး ပိတ်ဆို့မှု ပြဿနာ

အခု ပြည်ပက စီးပွားရေးပိတ်ဆို့မှုတွေကို မကျေမနပ်ပြောသံတော်တော်ကြားပါတယ်။
မြန်မာပြည် မတိုးတက်တာ အဲဒါကြောင့်လို့ လက်ညှိုးထိုးကြတယ်။
ဟုတ်ပါတယ်။
ပြည်ပ စီးပွားရေးပိတ်ဆို့မှုဟာ တိုင်းပြည်စီးပွားရေးကို အတော် ထိခိုက်စေတဲ့ ပြဿနာ တစ်ရပ်ပါ။
ဒါပေမဲ့ အဲဒါကြောင့်ချည်းပဲတော့ မဟုတ်ပါဘူး။
ဆိုရှယ်လစ်ခေတ်တလျောက် (ခုလို) စီးပွားရေးပိတ်ဆို့မှု မရှိတုန်းကရော
ကျနော်တို့ တိုင်းပြည်တိုးတက်ခဲ့လို့လား။
စာရင်းပေါ်မှာက လွဲရင်ပေါ့။

ကျန်တော်တို့ဆီမှာ
ဘာလုပ်လုပ် လိုင်စင် ဆိုတာကြီးကို ယူရတယ်။
ဆိုက်ကားနင်းတာကအစ ပြည်ပပို့ကုန် အဆုံးပေါ့။
ဒီလို လိုင်စင်လျှောက်ရတဲ့ စနစ်ကြီးနဲ့ အဂတိမကင်းတဲ့ ၀န်ထမ်းတွေရယ်၊ ကြိုးနီစနစ်ကြီးရယ်၊ အရိုးစွဲနေတဲ့ ဗျူရိုကရက်ညာဉ်ရယ် သွားဆုံမှတော့ ဒီတိုင်းပြည် မမွဲ ဘယ်ပြည်မွဲမလဲလို့တောင် သြချရမလိုပါ။

ကျနော်လေ့လာမှတ်သားမိသလောက် ဒီမိုကရေစီနိုင်ငံစစ်စစ်တွေမှာ အမျိုးသားအကျိုးစီးပွား ထိခိုက်နိုင်တဲ့ကိစ္စကလွဲလို့ ပြည်တွင်းစီးပွားရေးကို နှောင်ကျိုးဖြေပေးထားတယ်လို့ မှတ်သားရဘူးပါတယ်။
ကျနော်တို့ အခုလို ဒီမိုကရေစီနိုင်ငံပါလို့ မကြွေးကြော်ခင် ဈေးကွက်ကတည်းက ဈေးကွက်စီးပွားရေးလို့ ကြွေးကြော်ခဲ့တယ်။
ဒါပေမဲ့ တကယ့်ဈေးကွက်စီးပွားရေး ဟုတ်ရဲ့လား။

ဈေးကွက်စီးပွားရေး Market Economy နဲ့ အမိန့်ပေးစီးပွားရေး Command Economy ဟာ သဘောသဘာဝခြင်း အလွန်ကို ခြားနားပါတယ်။
ဈေးကွက်စီးပွားရေးကို တကယ်ကျင့်သုံးပြီဆိုရင် Laissez-Faire ဆိုတဲ့ အစိုးရ၀င်မစွက်ဖက်ရေး ဆိုတာ ပါကို ပါရတော့မယ်။
ခရိုနီဦးစားပေးစီးပွားရေးပုံစံနဲ့တော့ ဘယ်လိုမှ တိုင်းပြည်တိုးတက်နိုင်လိမ့်မယ် မဟုတ်ပါ။
[ ဒီအကြောင်းအသေးစိတ်ကို ကျနော် ရပ်ကွက်အထာနဲ့ ပြောတဲ့ဒီမိုကရေစီကျမ်း ဆိုတဲ့စာအုပ်နဲ့ ရှင်းရှင်းလင်းလင်း ရေးသားထုတ်ဝေခဲ့ပြီးပြီမို့ အကြမ်းသဘောလောက်ပဲ ပြောပါရစေ]

အဓိကပြောချင်တာကတော့ တိုင်းပြည်တိုးတက်ချင်ရင်
နိုင်ငံတော်အစိုးရအနေနဲ့ အမျိုးသားအကျိုးစီးပွား ထိခိုက်နိုင်တဲ့ကိစ္စတွေလောက်သာ ဆုပ်ကိုင်ထားပြီး
ပြည်တွင်းစီးပွားရေးမှာ နေရာတကာ လိုင်စင်ခံနေရဲတဲ့ ပိတ်ဆို့ထားမှုတွေရပ်တန့်
ပေးပါလို့ တိုက်တွန်းချင်တာပါပဲ။

ဘဏ္ဍာရေးပိတ်ဆို့မှု ပြဿနာ

အဓိကတင်ပြချင်တာကတော့ ဘဏ်တွေကိစ္စပါပဲ။
တိုင်းပြည်စီးပွားရေး တဟုန်ထိုးတိုးတက်ဖို့အတွက် ဘဏ်တွေကို နှောင်ကြိုးဖြေပေးဖို့လိုပါလိမ့်မယ်။
အထူးသဖြင့် ဘဏ်တွေကို ခရက်ဒစ်ကဒ်တွေ ပြန်လုပ်ခွင့်ပေးသင့်တယ်လို့ ထင်တယ်။
လွတ်လပ်စွာ ငွေချေးခွင့်ပြုသင့်တယ်။
လောလောဆယ် ကျနော်တို့ စီးပွားရေးက တန့်နေတယ်။
ပြည်တွင်းမှာ ဈေးကွက်တွင်းလည်ပတ်ငွေ နည်းပါးနေတဲ့အခြေအနေကို မြင်ရတယ်။
လူပိန်းစကားပြောရရင် လူတွေမှာ ငွေရှားနေတယ်ပေါ့။
ဒါကို ကုစားပေးဖို့ ပြည်တွင်းငွေကြေးလည်ပတ်မှုကို ချောဆီထည့်ဖို့ဆိုရင် ဘဏ်တွေကို နှောင်ကြိုးဖြေပေးလိုက်ခြင်းသည်သာ အကောင်းဆုံးလို့ ယူဆမိပါတယ်။

ဒါပေမဲ့ အစိုးရပိုင်းအနေနဲ့
ငွေကြေးခ၀ါချမှုပြဿနာတွေကို ကိုင်တွယ်နေရတာကိုလည်း သတိပြုမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုကိစ္စမျိုးမှာတော့ နိုင်ငံခြားအစိုးရတွေကို အာခံသင့်အာခံရမှာပါပဲ။
အမေရိကန်နဲ့ ဥရောပအစိုးရတွေဖြစ်စေ တရုတ်ကြီးကဖြစ်စေ ငွေမည်းပြဿနာတွေနဲ့ ခြိမ်းခြောက်လာဦး ကျနော်တို့ အာခံရမှာပါပဲ။
ဒီအတွက် အစိုးရပိုင်းမှာ အခက်ခဲရှိလာရင် ပြည်သူကို အရင်းအတိုင်း ချပြသင့်တယ်လို့ ထင်တယ်။
ကိုယ့်တိုင်းပြည်တိုးတက်ဖို့အတွက် တကယ်လုပ်နေတာမှန်ရင် ပြည်သူက အစိုးရဘက်လိုက်ပါလိမ့်မယ်။
ဒါဆို ဘယ်နိုင်ငံခြားတိုင်းပြည်မှလဲ လာသြဇာပေးဝံ့လိမ့်မယ်လို့ မထင်ပါ။

[အစကတော့ ဒီစာကို တစ်ဆက်တည်း တစ်ပုဒ်တည်း ရေးသွားဖို့ပါပဲ နောက်တော့ ပြောရင်းပြောရင်း ပြောစရာက များလာတယ်။ အခု စီးပွားရေးကဏ္ဍတစ်ခုနဲ့တင် တစ်ပုဒ်စာဖြစ်သွားပါတယ်။ နောက်ထပ် ကဏ္ဍတွေအများကြီးပြောစရာရှိပါသေးတယ်။ ဒါကြောင့် အပိုင်းခွဲတင်ပြလိုက်ရပါတယ်။ နောက်နေ့တွေမှ ကျန်အပိုင်းတွေကို ဆက်ပါ့မယ်]

Thorn Nay Soe သွန်းနေစိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...