Tuesday, March 20, 2012

ဆံထုံးထဲကအပ်တစ်ချောင်း....။

Dec 20,   2008  11:54 PM for everyone
ကေသာမြစိမ်း

အစ်ကိုကြီးက ပညာတတ် အရာရှိဖြစ်တယ်။ သြဇာကြီးမားပြီးကြွယ်ဝတဲ့ မိသားစုရဲ့
သားကြီးသြရသလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ငယ်ငယ်က တည်းက အေးဆေးငြိမ်သက်တဲ့သူ
သဘောမနောကောင်းတဲ့သူ ဖြစ်ပါတယ်။ သူ့စာအုပ်တွေက အများကြီးပဲ။
သူစာအုပ်တွေကို ငယ်စဉ်ကတည်းက ဖတ်ခွင့်ရလို့ စာအုပ်မျိုးစုံ
ဖတ်နိုင်ခဲ့ပြီ။ တက္ကသိုလ်ကို ရောက်တော့လည်း မအားတဲ့ကြားထဲက
ထီးတစ်ချောင်းကို လက်မှာချိတ်ပြီး တက္ကသိုလ်ထဲမှာ သွားစရာရှိတဲ့ မဟာဌာန
တွေကိုလိုက်ပို့ သူပိုင်စာအုပ်တွေပေးနဲ့ အတော်ကို ကူညီခဲ့ပါတယ်။

အစ်ကိုကြီး အိမ်ထောက်မျတော့လည်း အစ်ကိုကြီးရဲ့ဇနီးက အစောကြီးကတည်းက
သိကျွန်းခင်မင်ခဲ့သူ သဘောမနောကောင်းတဲ့သူ ဖြစ်နေပြန်တော့
အားလုံးပြေပြစ်နေတော့တာပေါ့။
အဆောင်ကနေ ကြို့ကုန်းရိပ်သာ ကိုစနေနေ့တိုင်း
ပြန်သွား တနင်္ဂနွေနေ့ကျမှ အဆောင်ကိုပြန်လာနဲ့ နေခဲ့တဲ့
တစ်နှစ်ကိုသတိရနေပါသေးတယ်။ မမက အဲဒီအချိန်မှာ သားကြီကျော်ကျော်ကို
ကိုယ်ဝန်ဆောင်ထားရတဲ့အချိန် အကိုကြီးက မမကို သိပ်ပြီးဂရုစိုက်ကာ
သတိတွေးပေးနေတတ်တာကို တွေ့ရပါတယ်။ လဖက်ရည်ကြမ်း ခါးခါးတွေ
မသောက်ဖို့လည်း တားပါတယ်။ အစပ်မစားဖို့ စသည်စသည်ဖြင့် အစ်ကိုကြီးက
အဘိုးကြီးတစ်ယောက်လို အားလုံးတတ်သိပြီး သတိကြီးပေးနေတော့တာပါပဲ။

ကျောင်းပိတ်ရက် အိမ်မှာလာပြီးစုတတ်ကြတဲ့ အစ်ကိုလေးနဲ့
သူငယ်ချင်းတစ်သိုက်ကလည်း အစ်ကိုကြီးကိုခပ်ရိရိစတတ်ပါတယ်။ ဒို့ကောင်ကြီးက
ချက်ခြင်းအဘိုးကြီး ဖြစ်သွားတာပါလားတဲ့။ အကိုကြီးကတော့ ကြားပါလျှက်နဲ့
မကြားသလို လုပ်နေပါတယ်။ တစ်နေ့ညနေ မိုးချုပ်ချုပ်မှာ အစ်ကိုကြီးနဲ့
မမတို့လမ်းလျှောက်ထွက်ဖို့ ပြင်ကြပါတယ်။ အစ်ကိုကြီးက လှေကားက
ဆင်းခါနီးမှာ ဆံထုံးထဲကို အပ်ကလေးစိုက်ပြီးပလားလို့ မေးပါတယ်။
မမကမေ့သွားတယ်ဆိုတော့ ပြန်ပြီးစိုက်လိုက်ဦး
ဒီကစောင့်နေမယ်လို့ပြောပါတယ်။ နောက်တော့နှစ်ယောက်သား အေးအေးဆေးဆေး
လမ်းလျှောက်ထွက်သွား ကြပါတယ်။

ကိုယ်ကတော့သိပ်ပြီး ဘ၀မကျပါဘူး။ ဘာဖြစ်လို့ ဆံထုံးထဲကို အပ်စိုက်ရတာလဲ၊
ပြန်လာရင် မေးမယ်လို့ဆိုပြီး စောင့်နေဲပါတယ်။
ပြန်လာတော့ချက်ချင်းကိုမေးတာပါပဲ။ ညနေ နေ၀င် ရီတာရောမှာ လမ်းထွက်ရင်
မကောင်းဆိုးဝါးလို့ခေါ်တဲ့ မြေဘုတ်ဘီလူး ပြိတ္တာများ မြူးတတ်ကြပါတယ်။
အဲဒီတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးများက သံနဲ့လုပ်တဲ့ အပ်ကလေးကို
ခေါင်းပေါ်မှာ စိုက်သွားရင် ကလေးကိုရန်ရှာချင် ရင်တောင်မှ
မကောင်းဆိုးဝါးများက ရန်မရှာဝံပါဘူးတဲ့။ အစ်ကိုကြီးက ဖြေတာ။

အစ်ကိုကြီးကလည်း စာတွေအများကြီးဖတ်ပြီး အဲသည်လို သိပ္ပံနည်းကျမဟုတ်တဲ့
အယူအဆတွေကို လက်ခံရသလားလို့ မေးတော့ အစ်ကိုကြီးပြန်ဖြေတာသိပ်ကောင်း
တာပဲ။

သိပ္ပံနည်းကျ ဖြစ်ဖို့ဆိုတာ ဆင်ခြင်တုံတရားရှိနိုင်မှ ဖြစ်တာ။ ကိုယ်သား
ကိုယ်သမီးကို မမွေးခင် ကတည်းက ချစ်တဲ့အချစ် ကိုယ်သားကိုယ်သမီးကို
ထိခိုက်မှာစိုးရိမ်တဲ့သောက တွေဟာ ဆင်ခြင်တုံတစ်ရားကို
ဖုံးလွှမ်းလိုက်နိုင်တယ်။ 

သားသမီးကို ထိခိုက်မှာ သိပ်ကြောက်တယ်။   ကြောက်တာက
လွန်လွန်းတော့ မဆငိခြင်နိုင်ဘူး။ ကာကွယ်နိုင်တယ် ဘေးကင်းနိုင်တယ်ဆိုတဲ့
နည်းဟူသမျှကို သုံးမှာပဲ။

တကယ်တော့ လမ်းလျှောက်တဲ့အခါ အပ်မစိုက်မိတာက လွှဲလို့ ဘာတစ်ခုမှ
ထိခိုက်စရာအကြောင်းမရှိပဲနဲ့ ကလေးမှာတစ်ခုခုဖြစ်ပြီဆိုပါတော့။
ငါတို့အပ်တစ်ချောင်းကို ဆောင်ရမှာ မဆောင်ဘဲ ပေါ့ဆမိလို့
ငါတို့သားလေးထိခိုက် သွားရတယ်၊ သမီးလေးထိခိုက်သွားရတယ်ဆိုတဲ့
နောင်တကြီးကို ရင်ဝယ်ပိုက်မသွားချင်ဘူး။

အဲဒီတော့ ခေတ်ပညာတတ်ပေမယ့် အဆောင်ဟူသမျှကို ဆောင်မိတာပဲ။ အဲဒါ မိဘမေတ္တာရဲ
ပြယုဂ်ဖြစ်တယ်တဲ့။ အစ်ကိုကြီး ပြောတာဟာ နားထောင်လို့အတော် ကောင်းပါတယ်။
တကယ်တော့ အစ်ကိုကြီး ကိုယ်တိုင်စာရေးရင်ကောင်းမှာ။

အစ်ကိုကြီရာ အခုတော့ အစ်ကိုကြီးလည်းဆုံးပြီ။ ဒါပေမဲ့ သားသမီးဆိုရင်
သန္ဓေသား ဘ၀ကတည်းက အထိအခိုက် အနာအဆာ မရှိအောင် အကာအကွယ် ပေးချင်တယ်။
အကာအကွယ်ပေးနိုင်တဲ့ နည်းကို သဘာဝ ကျတာ မကျတာကို နောက်ထားပြီး
လိုလေးသေးမရှိအောင် လုပ်ပေးချင်တယ်ဆိုတဲ့ သားသမီးပေါ်မှာ ထားရှိတဲ့
မိဘတို့ရဲ့ တိုင်းတာတွက်ဆလို့ မရတဲ့ ချစ်ခြင်းမေတ္တာကို ဘယ်သူပြောပြမလဲနော်...။

by ရွှေအာလူး(ရွှေအိမ်စည်၏ပျံသန်းခြင်းအနူပညာ) on Sunday, March 11, 2012 at 1:28am ·

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...