Monday, March 19, 2012

နှလုံးသားမဲ့ သူငယ်ချင်း ကျောင်းဆရာ

Published on Tuesday, 20 March 2012 06:23
တခုသောနှစ် ဖေဖေါ်ဝါရီလ၊ မူလတန်း အတန်းတင်စာမေးပွဲ ဖြေမယ့်နေ့။ ကျနော့်သူငယ်ချင်း ကျောင်းဆရာဟာ နံနက် ၉ နာရီ ကျောင်းတက်ခေါင်းလောင်း ထိုးလိုက်တော့ ရွာသားတွေ တုတ်၊ ဓါး၊ လှံ တွေဆွဲပြီး တကယ့် စစ်ပွဲလို အုန်းမောင်းခေါက်ပြီး ကျောင်းရှိရာကို ချီတက်လာကြတယ်။ ရွာသားတွေက အသံ အော်ကြီးဟစ်ကျယ်ပြုပြီး ကျောင်းခေါင်းလောင်း ခေါက်တဲ့ “အကောင်” ဘယ်မလဲတဲ့။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျောင်းဆရာဆိုတာ မိုးကျရွှေကိုယ်။ လူငယ်ထုတွေရဲ့ လေးစားအားကျစရာ။ အခုတော့ ရွာသားတွေက မောင်းထုတ်ချင်လောက်အောင် ဖြစ်နေတဲ့အကြောင်းကြားရတော့ ကျနော့်သူငယ်ချင်း ကျောင်းဆရာကိုယ်စား ရှက်မိခဲ့တယ်။
ကျနော် ၁၉၈၈ လူထုအုံကြွမှု ဖြစ်တုန်းက ဆယ်တန်း တက်နေတုန်းပါ။ ကျနော်တို့ရွာမှာ တွဲဘက် အလယ်တန်းကျောင်း ရှိတယ်။ ရှစ်တန်းအောင်ပြီးရင် ရွာနဲ့အနီးဆုံး သုံးနာရီခရီး စနဲ ဆိုတဲ့ရွာမှာ အထက်တန်းကို တက်ရင်တက် ဒါမှမဟုတ်ရင် ကျောက်ဖြူမြို့ပေါ်ကို သွားတက်ရပါတယ်။
နည်းနည်း ချောင်လည်တဲ့ မိသားစုတွေက သားသမီးတွေကို ရှစ်တန်းအောင်ပြီးရင် စနဲ အထက်တန်းကျောင်းကို ပို့တတ်ကြပါတယ်။ ကျနော်တို့ ဒေသ အတွက်တော့ စနဲ အထက်တန်းကျောင်းဆိုတာ အင်္ဂလန်က အောက်စ်ဖို့ဒ် တက္ကသိုလ်လောက်ကို နာမည်ကြီးတာ။
၁၉၈၈ ခုနှစ်မှာ အရေးတော်ပုံ ဖြစ်လို့ ကျောင်းတွေ ပိတ်တော့ ၁၉၉၀ ခုနှစ်ရောက်မှ ဆယ်တန်း ဖြေရတယ်။ ကံကောင်း ထောက်မစွာနဲ့ ကျနော်အပါအ၀င် သူငယ်ချင်း ငါးယောက်လောက်က ဆယ်တန်း အောင်တဲ့ စာရင်းထဲ ပါလာတယ်။ ကျနော်တို့ရွာ ဒေသမှာ ၁၉၉၀ ခုနှစ်လောက်တုန်းက ကျောင်းဆရာ တယောက် ဖြစ်ရင် တောရွာက သူဌေးသမီး (သို့) ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင် အပျိုတွေကို ရတတ်ကြပါတယ်။ မိသားစုတစုမှာ ဆယ်တန်း အောင်တဲ့သူရှိရင် မိဘတွေလည်း မျက်နှာပွင့်တယ်။
ဆယ်တန်းအောင်တော့ သူငယ်ချင်းတွေ အားလုံးက မူလတန်းဆရာ လျှောက်ကြတယ်။ ကျနော်ကတော့ စိတ်ကူးယဉ်သမားပီပီ စစ်တွေဒီဂရီ ကောလိပ် (ယခုတော့ စစ်တွေတက္ကသိုလ်) ကိုတက်ဖို့ စစ်တွေမြို့ကို ပြောင်းရွှေ့အခြေချခဲ့တယ်။ ကျနော့်သူငယ်ချင်းတွေ တော်တော်များများဟာ မူလတန်းဆရာ ဖြစ်လာပေမယ့် ကျနော့်ကတော့ ကောလိပ်ကျောင်းသား ဘ၀ကိုမျှော်ရင်းနဲ့ ပန်းရံဆရာ ဖြစ်လာတယ်။ ပိုက်ဆံ အတော်အသင့် စုဆောင်း မိတဲ့အချိန်မှာ ကိုယ်ပိုင်ဆိုက်ကားနဲ့ ဆိုက်ကားသမား ဖြစ်လာပြန်တယ်။
စစ်တွေမြို့ဆိုတာ မြန်မာနိုင်ငံမှာ လူဦးရေး သုံးသန်းကျော် လေးသန်းရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ မြို့တော်။ ခေတ်ဟောင်း သမိုင်းမှာတော့ မြောက်ဦးမြို့ဆိုတာ အာရှရဲ့ အမ်စတာဒမ်လို့ ဥရောပသားတွေ တင်စားခေါ်ဝေါ်ခဲ့ကြတယ်။ အခုအချိန်မှာတော့ လူဦးရေ သုံးသန်းကျော် လေးသန်းရှိတဲ့ လူမျိုးရဲ့ မြို့တော်မှာ အရွယ်ရောက်လာတဲ့ လူငယ်တွေကို အလုပ်အကိုင်ပေးထားနိုင်တဲ့ စက်ရုံ၊ အလုပ်ရုံဆိုတာ ဗလာနတ္ထိ။
ကောလိပ်တက်မယ့် လူငယ်တယောက်အတွက် ဆိုက်ကားသမား၊ ပန်းရံအလုပ်သမား ဖြစ်တာ သိပ်မဆန်းလို့ ပြောလို့ရတယ်။ ဆိုက်ကားသမား ဖြစ်ဖို့လည်း သိပ်တော့မလွယ်။
စစ်အစိုးရ ဖမ်းဆီးထောင်ချလိုက်ပြီး မကြာခင်ကမှ ထောင်ကလွတ်လာတဲ့ ဆရာတော် ပညာစာရ ဆိုတာ ကျနော်ရဲ့ လက်ဦးဆရာတော် ဖြစ်ပါတယ်။ ဆရာတော်က စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေကို အားပေးတဲ့အရာမှာ ဆရာတဆူလို့ ပြောလို့ရတယ်။ ဆရာတော်နဲ့ တွေ့ရင်တော့ မြေအောက် ရောက်နေတဲ့ စိတ်ဓာတ်တွေ မိုးပေါ်ကိုပြန်ရောက်လာလိမ့်မယ်။
ဆရာတော်က သမိုင်းဆရာ ပီပီ စကားပြော သိပ်ကောင်းတယ်။ ဒေး ကောလိပ်တက်နိုင်ဖို့ တခုတည်းသော အလုပ်က ဆိုက်ကားနင်းတာ အကောင်းဆုံးတဲ့။ ဆရာတော်က ပေးတဲ့အကြံ။ ဆိုက်ကားဝယ်နိုင်အောင် ပိုက်ဆံရှာဖို့ ပန်းရံဆရာ တယောက်ဆီမှာ အလုပ်အပ်ပေးတယ်။ နောက်တော့ ကျနော်က စစ်တွေဒီဂရီ ကောလိပ်မှာ ရွာသူကြီးလို့ နာမည်ကြီးလာတယ်။
ကျနော် ဆိုက်ကားနင်းရင်း ပညာရှာနေတဲ့အချိန်မှာ ကျောင်းနေဖက် သူငယ်ချင်းတွေက မူလတန်းဆရာ ဖြစ်လာကြတယ်။ ကျောင်းဆရာ အလုပ်တခု ရဖို့ဆိုတာလည်း သိပ်တော့လွယ်တဲ့ အလုပ်မဟုတ်ဘူး။ ၁၉၉၀ ကျော်လောက်က မူလတန်း ဆရာတယောက်ဖြစ်ဖို့ ထောင်ဂဏန်း ငါးခုလောက် လာဘ်ထိုးရတယ်။ နောက်တဆင့် မိမိရပ်ရွာနဲ့ အနီးဆုံးနေရာကို ပြန်ရောက်ဖို့ကိုလည်း လာဘ်ထိုးရသေးတယ်။ သိပ်တော့ လွယ်တဲ့ အလုပ်မဟုတ်ဘူး။ ဒီလောက်ကြိုးစားပြီးမှ ရလာတဲ့ အလုပ်အကိုင်ကို မိန်းမချော လေးတွေကလည်း သဘော ကျချင်စရာ။
ကျနော်တို့ ဒေသတွေမှာ ရပ်ရွာက လူပျို အပျို အသင်းဆိုတာ ရပ်ရွာကောင်းကျိုးအတွက် စပါးစိုက် ကောက်ရိတ်ပြီး ရန်ပုံငွေရှာ။ ရေတွင်း၊ ရေကန်တွေလှူ၊ ဇရပ်တွေဆောက်၊ စာကြည့်တိုက်တွေ တည်ကြတယ်။ တည်ဆောက်ပြီးရင် ရေစက်ချတဲ့ အလှူကြီးတွေကို ရေတွင်း၊ ရေကန်၊ စာကြည့်တိုက်တွေ ဆောက်တာထက် ပိုက်ဆံအကုန်အကျ ခံပြီး လုပ်တတ်ကြတယ်။ ဒါ ကျနော်တို့ရဲ့ ဓလေ့။ ရေစက်ချပွဲကို အနီးနားရပ်ရွာပေါင်း တဆယ်၊ နှစ်ဆယ်က လူပျို၊ အပျိုတွေကို ဖိတ်ပြီး အပြန်အလှန် အလှူငွေတွေထည့် ဇာတ်ပွဲတွေကျင်းပကြတယ်။
ဒီလိုပွဲမျိုးမှာ ကျောင်းဆရာ၊ ဆရာမ တွေက လူပျို၊ အပျိုချောတွေ မျက်စိကျလောက်အောင် အလုပ်ရှုပ်တဲ့ အမူအယာတွေနဲ့ပေါ့။ အော်လံကြီးကနေ “လူပျိုကြီး ကျောင်းဆရာ ------ မဏ္ဍပ်ရှိရာကို ခဏလာပါ ” ဆိုတဲ့ ခေါ်သံကလည်း ခဏခဏ ကြားရတတ်တယ်။ ဒါကျနော်တို့ ဒေသရဲ့ ဓလေ့။
ကျောင်းဆရာ ဆိုရင် ရွာကလူတွေကလည်း လေးစားလိုက်ကြတာလဲ မပြောနဲ့။ ရပ်ရွာပွဲလမ်း သဘင်တွေမှာ ကျောင်းဆရာ၊ ဆရာမ ဖြစ်ရတာ လူငယ်လေး လူပျို၊ အပျိုပေါက်တွေ အတွက်တော့ သူရဲကောင်းပမာ။
ရပ်ရွာတွေမှာ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင် အပျိုတွေက တနယ်သား ကျောင်းဆရာတွေအတွက် အိမ်သူ သက်ထားတွေ ဖြစ်လာတတ်ပါတယ်။ ကျောင်းဆရာဆိုတာ မိုးကျရွှေကို ပမာ။ ဟုတ်လည်း ဟုတ်တယ်။ ဒီလိုအခြအနေမျိုးက ၁၉၉၀ ခုနှစ်လောက်က ဖြစ်ခဲ့တာ။
ကျနော်လည်း ဆိုက်ကားနင်းလိုက်တာ အင်းယားဘေးက ကံ့ကော်တောထိ ရောက်သွားတယ်။ ၁၉၉၆ ခုနှစ်မှာ ကံ့ကော်မြေကို ကျော်ပြီး နရသိန်ကို ရောက်လုနီးပါး ဖြစ်ခဲ့တယ်။ ရွာကို ပြန်ပို့ခံရတယ်။ အဲဒီအချိန်တုန်းက ရန်ကုန်ကနေ ရွာကိုပြန်ရင် အနည်းဆုံး သုံးရက်ကြာတယ်။ ဘယ်ပြောကောင်းမလဲ ၁၉၉၆ ခုနှစ် ဒီဇင်္ဘာလ ရွာအပြန်က တရက်ထဲပဲကြာတယ်။
ဟုတ်တယ်လေ နံနက် ၇ နာရီကို လေယဉ်လက်မှတ် မပါဘဲ စီးလိုက်တာ ၈ နာရီ ၁၅ မိနစ်ကို ကျောက်ဖြူကို ရောက်တယ်။ လမ်းပန်း ဆက်သွယ်ရေးကောင်း လုံခြုံတဲ့ နိုင်ငံဆိုတာ ဒီလိုပေါ့။ ဘယ်လောက်ဂရုစိုက်လဲ ကျောင်းသားတယောက် အိမ်ပြန်တာကို စစ်ကားကြီးနဲ့ စစ်သား ငါးယောက်က လိုက်ပို့ပေးတယ်။ ရယ်စရာ ကောင်းတဲ့တိုင်းပြည်။
ရွာကို ပြန်ရောက်တော့ အခြေအနေက ပြောင်းပြန် ဖြစ်နေပြီ။ ၁၉၉၀ လောက်က ရွာကျက်သရေဆောင် ကျောင်းဆရာတွေက ၁၉၉၆ ခုနှစ်လောက်မှာ လူမိုက်နီးနီး။ လူတွေ အော့ကြောလန် ဖြစ်နေပြီ။ အခြေအနေက ဒီလိုပါ။
ပထမတော့ ရပ်ရွာခြံထွက် ကျောင်းဆရာတွေ လာတာကို ရွာသူရွာသားတွေက သိပ်ကို သဘောကျတယ်။ မိမိစီးပွားရေး လုပ်လိုက် ကလေးတွေကို စာသင်လိုက်ပေါ့။ အစတော့ ခြံပေါက်ဆရာတွေက တပတ်မှာ ကျောင်းတရက် ပျက်တယ်။ တစတစ ဖြစ်လာလိုက်တာ တလမှာတပတ် နောက်တော့ တနှစ်လုံးမှာ တပတ်တောင် စာမသင်တော့ဘဲ စာမေးပွဲ စစ်မယ့်အချိန်မှာ ကျောင်းကိုလာတယ်။ လေးတန်း အောင်လာတဲ့ ကလေး အေ၊ ဘီ၊ စီ ကို မရေးတတ်တော့ ကလေးက သူ့အလိုလို ကျောင်းထွက်သွားတယ်။ ဒီလိုနဲ့ ဆရာနဲ့ ရွာသားကြားမှာ အဖုအထစ်လေးတွေ ဖြစ်လာတယ်။
ပထမတော့ ရပ်ရွာလူကြီးတွေနဲ့ ညှိပေမယ့် ကျနော့်သူငယ်ချင်း အကြောင်းပြချက်က အစိုးရပေးတဲ့ လစာ မလောက်လို့ ကိုယ့်စီးပွားရေးကို လုပ်တယ်တဲ့။ ရွာသားတွေပြောတဲ့ စကားကလည်း ကိုယ့်အလုပ်ကိုလည်းလုပ် စာလည်းသင်ပေါ့။
ဒါပေမယ့် ကျနော့်သူငယ်ချင်းက အပိုးမကျိုး။ ရွာကလည်း ပညာရေးမှူးဆီကို တိုင်စာပို့။ ကျောင်းဆရာနဲ့ ပညာရေးမှူးက ပုလင်းတူ ဘူးဆို့ ဆိုတော့ အကြောင်းက သိပ်မထူး။ ကျနော့်သူငယ်ချင်း ကျောင်းဆရာ ဗိုလ်နေမြဲ ကျားနေမြဲ။ အရင်တုန်းက တလကို တပတ်သင်တာ နောက်တော့ တနှစ်မှာ ကျောင်းဖွင့်တဲ့ ရက်နဲ့ စာမေးပွဲစစ်တဲ့ နှစ်ရက်လာတယ်။
ကျောင်းစဖွင့်တဲ့ရက် လာရတဲ့အကြောင်းက ကျောင်းသားဦးရေ စာရင်းနဲ့ ဗလာစာအုပ်၊ ခဲတံ ကျောက်သင်ပုန်းတွေထုတ်၊ ထုတ်လို့ရတာကို ရောင်းစားဖို့။ စာမေးပွဲစစ်မယ့် ရက်လာရတာကလည်း ကလေးတယောက်မှ ငါးတန်း မတက်နိုင်ရင် လူအမြင်မကောင်းမှာ စိုးလို့ အတန်းတင်ပေးဖို့လာတာ။
ကျနော့်သူငယ်ချင်း ကျောင်းဆရာ အဲဒီရွာမှာလုပ်တဲ့ ငါးနှစ် ခြောက်နှစ်အတွင်း အလယ်တန်းရောက်တဲ့ ကလေး ပျောက်သွားတယ်။ နောက်ဆုံးတော့ ကျနော့်သူငယ်ချင်း ကျောင်းဆရာ ရွာသားတွေရဲ့ တုတ်၊ ဓါး၊ လှံ လက်ချက်ကို ကြောက်လို့ ထွက်ပြေးရတဲ့ အဆင့်အထိ ရောက်သွားတယ်။
ကျနော့်သူငယ်ချင်း ကျောင်းဆရာလိုမျိုး စံပြဆရာ၊ အနန္တဂိုဏ်းဝင်၊ စေတနာ၊ ၀ါသနာ၊ အနစ်နာ ကိုသိရက်နဲ့ ကိုယ်ကျိုးတခုသာကြည့်တဲ့ ဆရာမျိုးနဲ့ မြန်မာပြည် တလွှားက လူငယ်တွေ လွဲနိုင်ပါစေလို့ ဆုတောင်းမိတယ်။
မောင်ရမ္မာ

(ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အဖြစ်အပျက်ကို အခြေခံရေးသားထားခြင်း ဖြစ်သည်။)
http://www.maukkha.org/index.php/feature-article/1964-maukkha-arankan-teacher-without-heart

  1 comment:

  1. ဘောရဘာရွာကလား.... ကျောင်းဆရာ...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...