Saturday, November 5, 2011

မွဲတေမှု ပပျောက်ရေး

by Zay Ya on Friday, November 4, 2011 at 9:24pm


ဆင်းရဲမွဲတေမှု ပပျောက်ရေးတဲ့။ ဆင်းရဲမွဲတေမှုကို ဘယ်လို ပပျောက်အောင် လုပ်မှာလဲ။ ငွေတွေ ပုံပေး လိုက်မှာလား။  စီးပွားရေး လုပ်ပိုင်ခွင့် တွေ ပေးလိုက်မှာလား။ လူ့အခွင့်အရေးက ဒါတွေကွ ဆိုပြီး ချပြပေးမှာလား။ ဒါမှမဟုတ်လဲ ၊ ဆင်းရဲသားတွေ မရှိရင် ဆင်းရဲမွဲတေမှု ပျောက်သွားတာပဲ ဆိုပြီး ဟိုတစ်ခါ တွေ့ရသလို ဆင်းရဲသားတွေ မြို့ထဲမနေနဲ့ မလာနဲ့လို့ အမိန့်စာထုတ် ၊ တောပို့ ပစ်မှာလား။ ဘေးဖယ် ပစ်မလား။ တစ်ချို့ဒေသ တွေမှာ ချေးငွေတွေ ထုတ်ပေးတာ ကောင်းတယ်လို့ ငြင်းခုန်ကြတယ်။ အချို့ကတော့ လစာတွေ တိုးပေးတာ ကောင်းတယ်လို့ ငြင်းခုန်ကြတယ်။ အဲ့သလို နည်းပေါင်းတွေနဲ့ လုပ်ရင်း ဆင်းရဲမွဲတေမှုကို ဖျောက်ကြမယ်။ တကယ် ပပျောက်သွားမယ်တဲ့လား။ တကယ်တော့ ဒါတွေဟာ သစ်ပင်တစ်ပင်ကို ကိုင်းဖြား ကိုင်းနားတွေ ချည်း ရေလိုက်လောင်းပေးနေတာနဲ့ တူနေပါတယ်။
မှန်တာတွေလည်း ရှိ၊ မှားတာတွေလည်း ရှိ၊ ဆင်ကန်းတောတိုး။ ပြဿနာကို အရင်းထိ မရောက်နိုင်ဘူး။

စင်စစ်- ဒီပြဿနာကို ဖြေရှင်းမယ် ဆိုရင် ပြဿနာရဲ့ အရင်းမြစ် ပင်မ အကြောင်းတရားကို ခုတ်လှဲနိုင်မှ ဖြစ်ပါလိမ့်မယ်။
ကမ္ဘာမှာ ဆင်းရဲမွဲတေမှုဖြစ်စဉ် အားလုံးရဲ့ အကြောင်းဟာ  မေတ္တာတရား ခေါင်းပါး ခြင်းပဲ ဖြစ်ပါတယ်။  မေတ္တာတရား ဆိုတဲ့ စကားက ကြီးကျယ်နေပါသလား။ လူတွေရဲ့ စွမ်းရည် အတွက် မမှီမကန်း ဖြစ်နေသလား။ ဒါဆို တစ်ဆင့် အောက်ဆင်းကြည့်ပါမယ်။

လူတစ်ဦး မေတ္တာတရားကို လက်ခံကျင့်သုံးဖို့ ဟာ အဲ့လူအတွက် အရည်အချင်းတွေ လိုအပ်ပါတယ်။ သူပြော ငါပြော မေတ္တာ ဟာ မေတ္တာမဟုတ်ဘူး။ အဲ့ဒီ မေတ္တာကိုတင် မေတ္တာစင်စစ် လို့ ထင်ကြရင်း ကျင့်သုံးခဲ့ကြလို့ ကမ္ဘာမှာ စစ်တွေ ဖြစ်တုန်း၊ မွဲတဲ့သူတွေ မွဲနေတုန်း၊ ငတ်တဲ့သူတွေ ငတ်လို့ ၊ သေတဲ့သူတွေလည်း သေနေတုန်းပါပဲ ။


မေတ္တာတရား အတွက် လိုအပ်တဲ့ အရည်အချင်းတွေထဲက အချို့ကတော့ ပျော့ပျောင်းတဲ့ စိတ်ထား၊ ရဲရင့်တဲ့စိတ်နဲ့ ရောင့်ရဲတဲ့ သဘောထား တို့ပဲ ဖြစ်ပါတယ်။ စိတ်ဓာတ် မပျော့ပျောင်းရင် မေတ္တာပွားလို့ မရဘူး။ မရဲရင့်ဘူး ဆိုရင်လည်း မေတ္တာထားလို့ မရဘူး။ တကယ့်တကယ် မေတ္တာတရား ရှိတဲ့သူဟာ ဘာကိုမှ မကြောက်ဘူး။ သူ့မှာ ငြိမ်းအေးခြင်းပဲ ရှိတယ်။ ချမ်းသာခြင်းပဲ ရှိတယ်။ အကြောက်တရား မရှိဘူး။ဒါကြောင့် စင်စစ် မေတ္တာ ရှိသူဟာ စစ်မှန်တဲ့ ရဲရင့်စိတ် ရှိသူတစ်ယောက်ဖြစ်ပါတယ်။


ဗုဒ္ဓ ဟောကြားခဲ့တဲ့ မေတ္တာသုတ်မှာ လူတွေ မေတ္တာစစ်စစ် ထားနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေကို အသေးစိတ် ညွှန်ကြားထားခဲ့တယ်။ ခင်ဗျားတို့ ကျနော်တို့ဟာ တကယ့်ကို ဆင်းရဲမွဲတေမှု ပပျောက်စေချင်တယ် ဆိုရင် အဲ့ဒီ အရည်အချင်းတွေ ကိုယ်စီ သွေးပေးကြဖို့ လိုပါတယ်။

အဲ့လို မေတ္တာတရား ထားဖို့ မဆိုထားနဲ့ ၊ မေတ္တာတရား ထားဖို့တောင် အရည်အသွေး မရှိရင် - အဲ့ဒီ မရှိတဲ့သူဟာ မိမိ ကိုယ်ကိုယ် မှာရော၊ မိမိ ပတ်ဝန်းကျင်မှာပါ ငရဲကို ဖန်တီးတော့တယ်။ မေတ္တာတရား ကင်းမဲ့မှုကြောင့် လူတွေ အကြောင်းမဲ့သေတယ်။ ခေါင်းပုံဖြတ်ခံရတယ်။ လာဘ်စားမှုတွေ ပေါ်ပေါက်တယ်။ ယှဉ်ပြိုင် ပြိုင်ဆိုင်မှုတွေနဲ့ ပင်ပန်းတကြီး မောဟိုက်နေရတယ်။ တစ်ဖက်မှာ မေတ္တာတရားကို ပိုင်ဆိုင်သူဟာ သူကိုယ်တိုင်လည်း ကောင်းကင်ဘုံ ဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း အေးမြသလို သူ့ပတ်ဝန်းကျင်လည်း အေးမြနေရတယ်။ သူကိုယ်တိုင်လည်း ချမ်းသာသလို သူ့ပတ်ဝန်းကျင်လည်း ချမ်းသာရတယ်။

ဒါကြောင့် ဆင်းရဲမွဲတေမှု တကယ် ပပျောက်ဖို့ အတွက် ဆိုတာ သူ့အကြောင်းရင်း ဖြစ်တဲ့ မေတ္တာတရား ခေါင်းပါးမှုကို ချေဖျက်နိုင်ဖို့ ကျနော်တို့ တွေ ကြိုးစားနိုင်ရပါမယ်။ အဲ့ဒီ မေတ္တာတရား ခေါင်းပါးမှုကို  မေတ္တာတရား ထားရှိခြင်းကသာ ချေဖျက်နိုင်တယ်။ ဒိ အတွက် အဲ့လို မေတ္တာတရား ထားနိုင်ဖို့ “လုံးစုံများစွာ…”စသည် နှုတ်တက် ရွတ်နေရုံနဲ့  မရနိုင်သေးဘူး မဟုတ်လား။ “ယဿာ နုဘာဝတော…..” ကို နှလုံးသွင်းမပါဘဲ၊ အနက်အဓိပ္ပာယ်နဲ့ ကျင့်ကြံမှု မရှိဘဲ၊ ရွတ်ဖတ် နေလို့လဲ မဖြစ်သေးဘူး မဟုတ်လား။ စင်စစ် မေတ္တာကို ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်နိုင်ကြဖို့ လိုပါတယ်။

မေတ္တာတရား ဆိုတာ ဖြူစင်တယ် ၊ မြင့်မြတ်တယ်။
အဲ့ဒီ ဆိုစကားကို လူတိုင်းနီးနီး သိတယ်။ ဒါပေမယ့် မေတ္တာတရား ထားနိုင်တဲ့သူ ဘာကြောင့် ရှားပါးရတာလဲ။

အကြောင်းကတော့ မေတ္တာတရား ထားဖို့ အရည်အချင်း မရှိကြလို့ ပဲ ဖြစ်ပါတယ် ။ အဲ့ဒီ အရည်အချင်းတွေက ဘာတွေလဲ မသိကြလို့။- ဘာတွေကို ကျင့်ကြံရမှာလဲ - မသိကြတော့လို့။ အဲ့အရည်အချင်းတွေကို မိမိစိတ်မှာ မိမိကိုယ်မှာ ထားရကောင်းမှန်း မကျင့်ကြံ ကြတော့လို့ပါ။ ဒီအရည်အချင်းတွေကို ဂေါတမ ဗုဒ္ဓဟာ မေတ္တာသုတ် ရဲ့ အဦးအစမှာ အချက်တွေ စီပြီး အပြည့်အဝ ရှင်းပြ ပေးသွားခဲ့တယ် မဟုတ်လား ။ ဒါပေမယ့် လူတွေဟာ အဲ့ပါဠိကို ရွတ်ဖတ် ရုံမှာတင် လမ်းဆုံးနေကြတယ်။ နှမြောစရာ ဘယ်လောက်ကောင်းလိုက်သလဲ။ မေတ္တာ ဆိုတဲ့ စကားလုံးကို အများသုံးသလို လိုက်သုံးပြီး ဒါဟာ မေတ္တာတရားပါလို့ အပေါ်ယံကြောနဲ့ လမ်းဆုံးနေကြတယ်။ ဘယ်လောက် ကြောက်စရာကောင်းပါသလဲ။

တကယ်တမ်း မေတ္တာတရားသာ ကိုယ်စီ ရှိနိုင်ခဲ့ရင် မေတ္တာသုတ် မရွတ်လဲ လူ၊နတ် ချစ်ခင် ပါလိမ့်မယ်။ ပါဠိ စကားလုံး တစ်လုံးမှ မသုံးဘဲ ဘေးရော ရန်ပါ ကင်းရှင်း နေပါလိမ့်မယ်။ မိမိကိုယ်တိုင်လည်း ချမ်းသာ ပါမယ်။ မိမိ ပတ်ဝန်းကျင်လည်း ချမ်းသာရပါလိမ့်မယ်။ ကျနော်တို့ ပြောပြောနေတဲ့ ဆင်းရဲမွဲတေမှုကြီးလည်း ပပျောက်သွားပါလိမ့်မယ်။

…………………………..
အထက်ပါစာ အတွင်းမှ Bold တင်ထာသော စာသည် အိုရှိုး၏ ဆိုစကား ဖြစ်ပါသည်။
........................

Further Reading:

1/        မေတ္တာသုတ်၊ ပါဠိတော် - မြန်မာပြန် - http://tipitakamyanmar.blogspot.com/
( ပိဋကတ်သုံးပုံလုံး၏ ပါဠိ၊ မြန်မာပြန်၊ အင်္ဂလိပ်ဘာသာပြန် များကိုပါ ဤလင့်ခ်တွင် တစ်နေရာတည်း ဖတ်ရှုနိုင်ပါသည်။ )

2/        ဦးသုခ - မေတ္တာသုတ် အဖွင့် - Link - http://ashinsirinda.com/index.php/2009-07-20-11-02-45/2010-08-21-22-56-43/562-2010-09-16-06-34-08
…………………………..

http://zayyablogger.blogspot.com/
http://zayya.wordpress.com/
http://zayya.blog.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...