စိတ်ချရမယ့် အမတ်များ လိုတယ်တဲ့
by General Knowledge on Wednesday, November 30, 2011 at 12:49pm
By Myanmar News Weeks
၁၉၄၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့ မုံရွာမြို့တွင် ဟောပြောချက်
ကျွန်တော်လာခဲ့တဲ့ အကြောင်းကတော့ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်ပြီး လာရခြင်းပါပဲ။ လာမယ့် တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲဟာ အရင်က ရွေးကောက်ပွဲနှင့် မတူဘူးဆိုတာကို သတိပြုစေချင်ပါတယ်။ အရင်ကလို တရားဟော မဲဆွယ်ပြီး၊ လေပျော်နှင့် အော်နေလို့ ဖြစ်မှာ မဟုတ်ဘူး။ အရင်က ခင်ဗျားတို့ တင်မြှောက်လိုက်တဲ့ အမတ်မျိုးတွေကို မလိုချင်ဘူး။
အင်္ဂလိပ် မအုပ်ချုပ်နိုင်
ယခု လွှတ်တော်ဟာ ဗမာပြည်ရဲ့ လွတ်လပ်ရေးကို ဆုံးဖြတ်မယ့် လွှတ်တော်ဖြစ်ရမယ်။ စစ်ပြီးတဲ့နောက် အင်္ဂလိပ်အစိုးရဟာ ဗမာပြည်နဲ့ အိန္ဒိယပြည်ကို အုပ်ချုပ်နိုင်တဲ့အခြေ မရှိတော့ဘူး။ အရေးကြီးတဲ့ အချက်တစ်ခုကတော့ စစ်ပြီးတဲ့ ဘယ်အစိုးရမဆို ကမ္ဘာ့ မေတ္တာပျက်ကို မခံနိုင်ဘူး။ အင်္ဂလန်ဟာ အမေရိကန်ရဲ့ ငွေနှင့် လူလုပ်နေရတာ။ အဲဒါကြောင့် သူဟာ အမေရိကန်ကို မုန်းအောင် မလုပ်ဝံ့ဘူး။
အမေရိကန် ရှိတယ်
အမေရိကန်ဟာလည်း အရှေ့အာရှနှင့် ပစိဖိတ်မှာရှိတဲ့ ကိစ္စကို အများကြီး ဂရုစိုက်နေတယ်။ ကမ္ဘာမှာ တစ်ခုခုဖြစ်လျှင် အမေရိကန်က ကြည့်နေမှာ မဟုတ်ဘူး။ အမေရိကန်ဟာ တရုတ်ပြည်ကိုလည်း အေးအေး ဖြစ်စေချင်တယ်။ ဗမာပြည်ကိုလည်း အတူတူပဲ။ ဒီတော့ အမေရိကန်ဟာ အာရှပစိဖိတ်မှာဖြစ်တဲ့ ကိစ္စတွေကို ဂရုမပြုဘဲ မနေနိုင်ဘူး။
အတွင်းကြေ ကြေနေပြီ
အင်္ဂလိပ်ဟာ အတွင်းကြေ ကြေနေပြီ။ အဲဒါကြောင့်မို့ အခုသူဟာ လူလိမ်မာ စကားကို ပြောနေရတယ်။ ကျုပ်တို့ကို လွတ်လပ်ရေး လိုချင်သလား။ မင်းတို့ ကိုယ်တိုင် ကြေညာပါလို့ ပြောတယ်။ ဒါပေမယ့် သူတို့ ပေးတဲ့ လွတ်လပ်ရေးမျိုးကို မကြိုက်ဘူး။ အခု ကျုပ်တို့ဟာ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ထိထိရောက်ရောက် ဆောင်ရွက်မယ့် သူတွေကို လိုချင်တယ်။ အင်္ဂလိပ်နဲ့ စာချုပ်ချုပ်ဆိုတဲ့အခါ ကျေနပ်ရင် ကျေနပ်၊ မကျေနပ်ရင် ယခု အမတ်တွေဟာ သူပုန်အမတ်တွေ ဖြစ်ရမယ်။
သူပုန် လွတ်တော်ကြီး
လွှတ်တော်ဟာလည်း သပုန်လွှတ်တော်ကြီး ဖြစ်ရမှာပဲ။ ပြီးတောအခု လွတ်လပ်ရေး တိုက်ပွဲဟာ မပြီးသေးဘူးဆိုတာကို ခင်ဗျားတို့ စိတ်ထဲမှာ စွဲထားဖို့လိုပါတယ်။ ကျုပ်တို့မှာ လုပ်ဖို့ တာဝန်တွေ အများကြီး ရှိသေးတယ်၊ အင်္ဂလိပ်ဟာ ကျုပ်တို့ကို လွတ်လပ်ရေးပေးဖို့အတွက် ကျုပ်တို့မှာ စိတ်ချရမယ့် အမတ်များများ လိုတယ်။ အဲဒီတော့ကာ ကျုပ်တို့ ရွေးလိုက်တဲ့ လက်ရွေးစင် အမတ်တွေကို ခင်ဗျားတို့က မဲပေးဖို့ပဲ ရှိတယ်။ အဲဒီလို ခင်ဗျားတို့က ဝိုင်းပြီး ကူညီကြမှ ကျုပ်ပြောတဲ့ တနှစ်အတွင်းမှာ လွတ်လပ်ရေး ကြေညာနိုင်မှာ။ အဲဒါမှ မဟုတ်ရင် ဇာတ်မျောဦးမှာပဲ။ ဒီတော့ ခင်ဗျားတို့ သဘောပဲ။ ပေးချင်ပေး။ မပေးချင်နေ။
စာတတ်တဲ့ လူတွေ
ယခု လွှတ်တော်အမတ်တွေဟာ စာတတ်ဖို့ မလိုသေးပါဘူး။ တိုက်စရာရှိ တိုက်မယ်ဆိုတဲ့ လူကိုပဲ လိုတယ်။ နောင်အခါကျမှ ကြည့်ပြီး စာတတ်တွေနှင့် စီမံရမှာပဲ။ အခု စာတတ်တွေ ရွေးလိုက်ရင် စကားများနေကြမှာပဲ။ လွတ်လပ်ရေး စခန်းကို ရောက်နိုင်မှာ မဟုတ်ဘူး။
စာပေဗိမာန်ထုတ် ပြည်သူ့လက်စွဲ စာပေ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ၁၉၄၅-၁၉၄၇ စာအုပ်မှ ကောက်နှုတ်ချက် ဖြစ်ပါသည်။
0 comments:
Post a Comment