အသေးစိတ် အရည်အချင်း မသတ်မှတ်ရသေးသော်လည်း အရည်အချင်းတူလျင် အမျိုးသမီးဦးစားပေးမည်ဟု NLD ဆို
by Yangon PressInternational on Monday, November 28, 2011 at 10:48pm
နိုဝင်ဘာ ၂၈၊ ၂၀၁၁ (YPI)
လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမတ်လောင်းရွေးချယ်ရမည့် စံသတ်မှတ်ချက် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက YPI သို့ပြောသည်။
သို့ရာတွင် ဦးစားပေးမည့် အချက်အလက်များတွင် ပညာအရည်အချင်း၊ အတွေ့အကြုံ၊ တိုင်းရင်းသား ဖြစ်ခြင်း၊ အမျိုးသမီးနှင့် လူငယ်စသည့် အချက်အလက်များပါဝင်သည်ဟုလည်း ဦးဉာဏ်ဝင်းကဆိုသည်။ “ အရည်အချင်းချင်း တူရင် အမျိုးသမီးကိုပဲ ဦးစားပေးမယ်” ဟုလည်း ၎င်းက ရှင်းလင်းပြောဆိုသည်။
လောလောဆယ်အနေအထားတွင် အန်အယ်ဒီအနေဖြင့် ပါတီတည်ထောင်ခွင့် ပြန်လည် လျှောက်ထားဆဲဖြစ်သကဲ့သို့ အစိုးရဘက်မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို မကြေညာသေးသည့်အတွက် အန်အယ်ဒီအနေဖြင့် မဆုံးဖြတ်ရသေးခြင်း ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အန်အယ်ဒီမှ တည်ထောင်ဖွဲ့စည်းမည့် ပါတီသစ်တွင် ၀င်ရောက်လိုသူများအား အရေအတွက် ကန့်သတ်ချက် မထားရှိပဲ အဖွဲဝင်ဖြစ်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသူအားလုံးကို လက်ခံမည်ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုလိုက်သည်။ မကြာခင်ရက်ပိုင်းက သတင်းဖေါ်ပြချက်အချို့တွင် ပါရှိသကဲ့သို့ အဖွဲ့ဝင်အရေအတွက် ကန့်သတ်ထားခြင်း မရှိကြောင်းကိုလည်း ၎င်းကအတည်ပြုပြောဆိုသည်။
အဖွဲ့ဝင် တယောက်ဖြစ်ရန် အရည်အချင်းနှင့် ပြည့်စုံပါက လက်ခံသွားမည်ဟု လည်းဖြည့်စွက်ပြောသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ယခင်သီတင်းပတ် နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် လာမည့်ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် အချိန်နှင့် ပတ်သက်ပြီး မသိရှိသေးကြောင်း မကျင်းပမီ ၃ လအလိုတွင်ကြေညာရမည် စည်းမျဉ်းကို ပြန်လည်ကိုးကား ပြောဆိုသွားခဲ့သည်။
ယခုလက်ရှိသိရှိရသမျှ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးချယ်ရန် လစ်လပ်နေရာ ၄၈ နေရာ ရှိသည်ဟု သိရသည်။
အန်အယ်ဒီပါတီ အနေဖြင့် ပါတီအသစ်တည်ထောင်ရန် ပြီးခဲ့သည့် သောကြာနေ့က နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ အဖွဲ့ဝင် ၂၁ ဦးဖြင့် သွားရောက်လျှောက်ထားခဲ့ရာ မကြာမီရက်ပိုင်းအတွင်း ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုပါက ပါတီနှင့် ပတ်သက်သည့် အလံ ၊ လိုဂို အစရှိသည်တို့ကို တင်ပြ၍ ပါတီမှတ်ပုံတင်သည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်မည်ဖြစ်သည်။ ။
0 comments:
Post a Comment