ဦးသိန်းစိန်သည် ဂိုဘာချော့မဟုတ်ပါ
by Sit Aung on Monday, November 28, 2011 at 1:29pm
စနေနေ့က
အဖေတို့နဲ့ သူတို့ဆရာသမားကို ကန်တော့တဲ့ဆီလိုက်သွားရမယ်။ ဆယ်တန်းအောင်ပြီး
အလုပ်ရှာတုံးက လည်း သူက ကူညီခဲ့ဖူးတော့ ကိုယ့်အပေါ်လည်းကျေးဇူးရှိသပေါ့။
အဖိုးကြီးပါ တစ်ပါတီခေတ်လည်းမှီ၊ န၀တခေတ်ဦးလည်းမှီတဲ့ ခပ်ကြီးကြီး ပင်စင်
စားပေါ့။ ကန်တော့ပြီးတော့ နိုင်ငံရေးအကြောင်းရောက်သွားတော့ အဖိုးကြီးက
အခုအစိုးရသစ်ကို အမြင်မကြည်ဘူး။ ဒေါ်အောင်ဆန်း စုကြည်နဲ့ပေါင်း၊
အမေရိကန်နဲ့ပေါင်း၊ ဒီမိုကရေစီဆိုပြီး လျှော့ပေါ့ပေးနေရတာကို မကြိုက်ဘူး။
မြစ်ဆုံစီမံကိန်းဖျက်တာလည်း မကြိုက်ဘူး။ နောက်ဆုံး သူကတော့ ဦးသိန်းစိန်ကို
မြင်လိုက်တိုင်း ဂိုဘာချော့ဖ်ကို သွားမြင်တယ်လို့ပြောပြီး
နိဂုံးချုပ်တယ်။ ဘ၀င်မကျလို့ ငြင်းမယ်လို့ ဟန်ပြင်တော့ အမေက မျက်စောင်း
ထိုးသဗျ။ ဒါနဲ့ အခုမှဘဲ FB ပေါ်မှာ ဒီအကြောင်းပြောရဦးမယ်။
အဖိုးကြီးက ဂိုဘာချော့ဖ်လက်ထက်မှာ ဂလတ်စနော့လိုခေါ်တဲ့ ပွင့်လင်းတဲ့မူဝါဒကို ကျင့်သုံးတဲ့အတွက် ဆိုဗီယက် နိုင်ငံပြိုကွဲသလို ဖြစ်သွားမယ်လို့ ပြောချင်တာပါ။
ကျွန်တော်တော့ အဲဒီလိုမထင်ဘူး။ ဂိုဘာချော့ဖ်က ပွင့်လင်းတဲ့မူဝါဒကို ကျင့်သုံးပေမယ့် သူ့နိုင်ငံရေးစနစ်က ပွင့်လင်းမှုကို တားဆီးထား တဲ့ ကွန်မြူနစ်တစ်ပါတီအာဏာရှင်စနစ်၊ ကွန်မြူနစ်တွေအပြောအရဆိုရင် အလုပ်သမားလူတန်းစားများရဲ့ ပစ္စည်းမဲ့အာဏာရှင်စနစ်။ အဲဒီ နိုင်ငံရေးစနစ်၊ အဲဒီနိုင်ငံရဲ့ အခြေခံဥပဒေမှာ ဂိုဘာချော့ဖ်သွားချင်တဲ့ ပွင့်လင်းတဲ့မူဝါဒခေါ်တဲ့ ဒီမိုကရေစီကျင့်စဉ်တွေအတွက် နေရာမရှိ ဘူး။ ဒီတော့ ခေါင်းနဲ့ ကိုယ်နဲ့ ဘယ်လိုမှ မဆက်မိဘူး။ ဒီမှာတင် ပွင့်လင်းမှုကို လက်မခံချင်တဲ့ ကေဂျီဘီခေါင်းဆောင်တဲ့အုပ်စုတွေက အာဏာသိမ်းဖို့ကြိုးစားတယ်။ လူထုကလက်မခံတော့ အာဏာသိမ်းမှုပြိုကွဲသွားတယ်။ ဒီမှာတင်လူတွေက ဒီအခြေခံဥပဒေနဲ့တော့ ဒီကွန်မြူနစ်စနစ်နဲ့တော့ အလုပ်မဖြစ်တော့ဘူးဆိုပြီးဖျက်သိမ်းလိုက်တယ်။ ချုပ်လိုက်ရင်ဒါပါပဲ။
မြန်မာနိုင်ငံမှာ အခုသွားနေတာက အခြေခံဥပဒေတစ်ခုကို အရင်လုပ်တယ်။ ဒီအခြေခံဥပဒေမှာ ဒီမိုကရေစီမဆန်တာတွေပါနေပေမယ့် အခြေခံအခွင့်အရေးတွေပေးထားတယ်။ ရွေးကောက်တဲ့လွှတ်တော်တွေရှိတယ်။ ဒီအခြေခံတွေကို အသက်သွင်းပြီးမှာ ပြုပြင် ပြောင်းလဲ ရေးလမ်းကြောင်းကိုသွားတာဖြစ်တယ်။ ဒါ့ကြောင့် ခေါင်းနဲ့ ကိုယ်နဲ့ဆက်မိတယ်။ ထပ်ပြောင်းချင်တယ်ဆိုရင်လည်း အခုရှိနေတဲ့ စနစ် ထဲကနေပြောင်းလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်မှတ်ပုံတင်တယ်ဆိုတာလည်း ဒီသဘောတရားကြောင့်ပဲ။
ဒါ့ကြောင့်အခုသမ္မတဦးသိန်းစိန်လုပ်နေတဲ့ ပြောင်းလဲရေးကို ကြိုက်သူရော၊ မကြိုက်သူရော မိမိအမြင်ကို ပြောလို့ရတဲ့ နေရာတွေ၊ ပြောပိုင်ခွင့်တွေရှိတယ်။ ဒါပေမယ့် ဆိုဗီယက်မှာလို့ အခြေခံဥပဒေပြင်ပနည်းလမ်းနဲ့ ဖြေရှင်းဖို့မလိုတော့ဘူး။
ဒါ့ကြောင့် ဦးသိန်းစိန်ဟာ ဂိုဘာချော့ဖ်မဟုတ်ဘူး။ သူတို့နှစ်ယောက်ကြားမှာ တူတာဆိုလို့ ထိပ်ပြောင်တာပဲရှိတယ်။
ဒါပေမယ့် ဟိုအဖိုးကြီးလိုအယူအဆရှိသူတွေကတော့ မြန်မာပြည်က ဂိုဘာချော့ဖ်ဆိုတဲ့ အယူအဆကို ဆက်ဖြန့်နေဦးမှာပဲ။ အစိုးရ အဖွဲ့ထဲက တင်းမာသူတွေကလည်း ဒီစကားမျိုးကို သည်းခြေကြိုက်ဖြစ်မှာပဲ။ သူတို့တွေက ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့ စကားနဲ့ တပ်ကို သူတို့အငြင်းပွားမှုထဲဆွဲသွင်းဖို့ ကြိုးစားလာနိုင်တယ်။ ဒါကိုတော့ သတိပြုရမယ်။ ဒီလိုလုပ်ရင် နိုင်ငံဟာ ဒုံရင်းဒုံရင်း ပြန်ရောက် ပြီး အပယ်ခံဘ၀နဲ့ ဇာတ်သိမ်းရလိမ့်မယ်ဆိုတာကို တပ်ကခေါင်းဆောင်တွေသိအောင်ပြောရမယ်။ တစ်ဖက်ကလည်း အခုသွားနေတဲ့ သင့်မြတ်ရေးလမ်းကြောင်း ပိုကောင်းအောင် နှစ်ဘက်လုံးက ကြိုးစားရမယ်လို့ မြင်မိပါတယ်။

0 comments:
Post a Comment