Wednesday, November 30, 2011

၅၂

by Sue Khat Min on Wednesday, November 30, 2011 at 11:10pm


ကောင်လေးတစ်ယောက်ရှိတယ် ။ သူ့မှာ ကောင်မလေးတစ်ယောက်ရှိတယ် ။
ကောင်လေးက သူ့ရဲ့ကောင်မလေးကို “ကောင်မလေး” လို့ ခေါ်ပြီး ၊
ကောင်မလေးက သူမရဲ့ကောင်လေးကို “ကောင်လေး” လို့ ခေါ်တယ် ။
ကောင်လေးနဲ့ ကောင်မလေးဟာ ချစ်သူတွေဖြစ်ကြတယ် ။ ကောင်မလေးရဲ့
အမေမှာ နှလုံးရောဂါမရှိသလို ၊ သူမဟာ ကောင်လေးအဖေရဲ့ ငယ်ချစ်ဦးလည်း
မဟုတ်ဘူး ။ သူမဟာ ကောင်မလေးရဲ့ချစ်သူကို မွေးဖွားပေးခဲ့သူသာ ဖြစ်တယ် ။
ကောင်လေးရဲ့လည်ဂုတ်မှာ မွေးရာပါ အမှတ်မရှိဘူး ။ ဒါ့အပြင် သူဟာ
တစ်ဦးတည်းသောသားလည်း ဖြစ်ရဲ့ ။ ပြောချင်တာက သူနဲ့ ငယ်ငယ်တုန်းကတည်းက
ကွဲသွားတဲ့ ရုပ်ချင်းပက်ပက်စက်စက်တူတဲ့လူ မရှိဘူး ဆိုတာပဲ ။ ကောင်လေးဟာ
မာစီဒီးကားကြီးစီးပြီး ၊ ကောင်မလေးနေတဲ့ ၀င်ဒါမီယာက တိုက်ကြီး ရှေ့မှာ
ဂစ်တာသွားတီးတာမျိုး ဒီဇာတ်လမ်းမှာမပါဘူး ။ ကောင်လေးဟာ အင်တာနက်ဆိုင်မှာ
အလုပ်လုပ်သူဖြစ်ပြီး ၊ ကောင်မလေးက မြောက်ဒဂုံမှာနေတဲ့ ကျောင်းဆရာမတစ်ဦး
ဖြစ်တာကြောင့်ပဲ ။ ကောင်လေးဟာ မြောက်ဒဂုံက ကောင်မလေးရဲ့အိမ်ရှေ့မှာလည်း
ဂစ်တာတီးမယ့်ပုံမပေါ်ဘူး ။ ဘာကြောင့်လဲဆိုတော့ ဂစ်တာတစ်လက်တည်းနဲ့
ဆင်ဖိုနီတီးဝိုင်းတစ်ခုစာ အသံစုံမြည်အောင် မတီးတတ်ရှာလို့ပဲ ။


ကောင်လေးဟာ သူ့သူငယ်ချင်းတွေနဲ့ “ငါ ဒီကောင်မလေးကို ရအောင်လိုက်ပြမယ်”
ဆိုပြီး ငှက်ပျောသီးတစ်လုံးကြေး အလောင်းအစားမလုပ်ခဲ့ဘူး ။ ကောင်မလေးကလည်း
ကောင်လေးရဲ့သူငယ်ချင်းကို အသည်းမခွဲခဲ့ဖူးဘူး ။ ကောင်မလေးက ကောင်လေးအကြောင်း
တွေးပြီး ၊ အခန်းထဲမှာ တစ်ယောက်တည်း စကားတွေပြောပြီး ရှက်ကိုးရှက်ကန်းဖြစ်မနေဘူး ။
ကောင်လေးနဲ့ ကောင်မလေးဟာ MICT Canteen ထဲမှာ ထိုင်ပြီး အအေးမသောက်ဘူး ။
ကောင်မလေးရဲ့အဖေဟာ ညတိုင်းအရက်မူးမလာဘူး ။ စကားတွေ လျှာလေးအာလေးနဲ့
မပြောဘူး ။ ကောင်လေးရဲ့အိမ်မှာ အိမ်ဖော်ကောင်မလေးမရှိဘူး ။ ဒါကြောင့် ကောင်လေးဟာ
သူမကို မတရားမကျင့်ဘူး ။ ဒါ့အပြင် ကောင်လေးဟာ တရားလည်း မကျင့်ဘူး ။
ညအိပ်ယာဝင်ရင်တောင် ဘုရားမရှိခိုးဘူး ။ ရွှေတိဂုံဘုရားမှာ ကောင်မလေးထက်အရင်
ခပ်မြန်မြန်ရှိခိုးပစ်လိုက်ပြီး ၊ ကောင်မလေးကို ကြည့်နေတာမျိုး လုပ်လေ့မရှိဘူး ။

ကောင်လေးဟာ တစ်ရပ်ကွက်လုံးက ကြောက်ရတဲ့ လူမိုက်မဟုတ်ဘူး ။
ကောင်မလေးကိုကြိုက်နေတဲ့ ပြီတီတီ (ဒါမှမဟုတ်လည်း ပေါတောတော)
သူဌေးသားတစ်ယောက် မရှိဘူး ။ ကောင်မလေးရဲ့အမေဟာ ရပ်ကွက်ထဲ
အကြော်စုံလှည့်မရောင်းဘူး ။ သူများအိမ်တွေမှာ အ၀တ်လိုက်မလျှော်ဘူး ။
ကောင်လေးဟာ ကောင်မလေးကို နိုင်းလောက်ရှိတဲ့ စကားလုံးအကြီးကြီးတွေ
မပြောဘူး ။ ကောင်မလေးဟာ ယောင်္ကျားတိုင်းကြိုက်ရလောက်အောင် မလှဘူး ။
သူမကလည်း ယောင်္ကျားတိုင်းကို မကြိုက်ဘူး ။ သူမ ကြိုက်တာက မုန့်လက်ညှိုး နဲ့ ၊
ကောင်လေး ။ တစ်ရက်ကျတော့ ကောင်မလေးနဲ့ သူမရဲ့အမေဟာ ၀တ်ကောင်းစားလှတွေ
မ၀တ် ၊ ဆိုဖာကြီးပေါ်မှာ ခန့်ခန့်ကြီး မထိုင်ဘဲ ၊ ကြမ်းပေါ် ခြေပစ်လက်ပစ်ထိုင်ပြီး
စကားပြောဖြစ်ကြတယ် ။

ကောင်မလေးရဲ့ အမေ - “ဟဲ့ .. နင်နဲ့ အဲ့အကောင်ကြိုက်နေတာ ဘယ်လောက်ကြာပြီလဲ”

ကောင်မလေး - “ ငါး နှစ် ”


ဆူး ခ က် မ င်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...