by နေသွင်(DVB)
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ အဖွဲ့ဝင်တယောက်ဖြစ်ပြီး လူငယ်နိုင်ငံရေးသင်တန်းကျောင်း
(ဗေဒါ) အင်စတီကျုကို တည်ထောင်သူ၊ လောလောဆယ် ဒီမိုကရေစီကွန်ရက်မှာ
ဦးဆောင်လှုပ်ရှားနေသူ ကိုမျိုးရန်နောင်သိန်းက သူ့အနေနဲ့ လာမယ့်
ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်ရှိ တယ်လို့
ပြောပါတယ်။
ရွေးကောက်ပွဲဝင်လမ်းကြောင်းဟာ စွန့်စားရတဲ့ကိစ္စဖြစ်ပြီး အကယ်၍ ထောင်ချောက်တခု ဖြစ်ခဲ့ရင်လည်း ရုန်းထွက်နိုင်ဖို့ ဝိုင်းဝန်းစဉ်းစားပေးချင်တယ်လို့ ပြောပါတယ်။
ကိုမျိုးရန်နောင်သိန်းနှင့် မေးမြန်းချက်
ကိုမျိုးရန်နောင်သိန်း ကိုယ်တိုင်က ရွေးကောက်ပွဲဝင်မယ်လို့ ကြားတယ်။ ဟုတ်လားခင်ဗျ။
“ဒါက နောက်ဆုံးပိတ် ဆုံးဖြတ်ပေးမှာက ဒေါ်အောင်ဆန်းစုကြည်ပဲ။ ကျနော့်အနေနဲ့က ပြောရရင်တော့ ရွေးကောက်ပွဲက ဝင်သင့်တယ်လို့ ယူဆတယ်။”
တသီးပုဂ္ဂလ အနေနဲ့ပေါ့နော်။
“ဝင်မယ်ဆိုရင်တော့ တသီးပုဂ္ဂလအနေနဲ့ မဟုတ်ပါဘူး။ အဖွဲ့ချုပ်အနေနဲ့ လက်ခံတယ်ဆိုရင် အဖွဲ့ချုပ်အနေနဲ့ ဝင်ဖြစ်မှာပါ။”
ပါတီဝင်ဖြစ်သွားမှာပေါ့။
“ပါတီဝင်ဖြစ်သွားမှာပေါ့။ တသီးပုဂ္ဂလအနေနဲ့ ဝင်ဖို့မရှိပါဘူး။
ကျနော့်အနေနဲ့ အစုအဖွဲ့နဲ့ လုပ်မှသာလျှင် အောင်မြင်မယ်လို့ ယုံကြည်တယ်။
ဒေါ်အောင်ဆန်းစုကြည် မဦးဆောင်ဘဲနဲ့ မလုပ်ရဲပါဘူး။ ရေစီးမျောလိုက်တာမျိုးလို့
မထင်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က
ကူညီတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆုံးဖြတ်ချက်တွေကိုပဲ
လိုက်ပြီးလုပ်နေတာမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ ဝန်းရံပေးနေတာကို တွေ့ရမှာပဲလေ။ ကျနော်တို့
ဝင်ချင်တယ်ဆိုတာလည်း ဝန်းရံပေးနေတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
လွှတ်တော်ထဲမှာပါ ဝန်းရံပေးချင်တာ။ သူတို့ဝင်သွားတာ ထောင်ချောက်တခု
ဆိုရင်လည်း ဘယ်လိုရုန်းထွက်မလဲဆိုတာကို ဝိုင်းစဉ်းစားပေးစေချင်တယ်။
အဲဒါကြောင့် ကျနော်တို့က နိုင်ငံရေးကိုလည်း စိတ်ဝင်စားတယ်။
မျှော်မှန်းထားတာလည်း ရှိတယ်။ သိတဲ့အသိတွေကိုလည်း အသုံးချချင်တယ်။
အသုံးချတဲ့နေရာမှာလည်း အကျိုးရှိစွာ အသုံးချချင်တယ်။ ကိုယ်က
နေရာကောင်းရလေလေ။ ကိုယ့်ရဲ့အစွမ်းအစကို ထင်ရှားခွင့်ရလေလေပေါ့။ ဆိုတော့
ရွေးကောက်ပွဲဝင်ပြိုင်မယ်။ လွှတ်တော်မှာ ဝင်ထိုင်ပြီးတော့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို လုပ်ချင်တဲ့ ဆန္ဒရှိပါတယ်။။”
အကုန်လုံးနိုင်တယ်ပဲထားဦး၊ လွှတ်တော်ထဲမှာ ဘယ်လောက်ထိ လုပ်နိုင်မယ် ထင်ပါသလဲ။
“၄၆ နေရာဆိုတော့ နည်းတယ်။ ဒါပေမယ့် အရေအတွက်နဲ့ အရည်အချင်း၊ ကျနော်တို့
မြန်မာနိုင်ငံမှာက နောင်ရိုးတိုက်ပွဲ ဆိုတာရှိတယ်။ နောင်ရိုးတိုက်ပွဲမှာ
ဘုရင့်နောင်က သူ့ထက်အင်အား အများကြီးများတဲ့ ရန်သူကို တိုက်ခဲ့ဖူးတဲ့
သာဓကတွေရှိတယ်။ နောက်တခုက ဥပမာအနေနဲ့ ပြောရရင် မြန်မာပြည်က
ဘောလုံးကစားချင်တဲ့ လူအယောက် ၁၁၀ ပါတဲ့အသင်း တသင်းနဲ့ မန်ချက်စတာ
ယူနိုက်တက် အသင်းက ၁၁ယောက်နဲ့ကစားမယ်။ အဲဒီမှာ ဘယ်လိုနိုင်မလဲဆိုတဲ့
မေးခွန်းပြန်မေးမယ်။ ဒါက ပိုတော်တယ် ပိုစွမ်းဆောင်နိုင်တယ်။ စစ်တို့မည်သည်
အင်အားနည်းသည် များသည်မဟုတ်ဆိုတဲ့ စကားလည်းရှိတယ်။ ကျနော်တို့ဘက်ကနေ
လွှတ်တော်ထဲဝင်ပြီးတော့ ဆန့်ကျင်တယ်ဆိုတဲ့ စကားကိုတော့ သိပ်မပြောချင်ဘူး။
လွှတ်တော်ထဲဝင်ပြီး စည်းရုံးမယ်။ ကျနော်တို့က နိုင်ငံရေးသမား။
နိုင်ငံရေးသမားဆိုတာက စည်းရုံးရေး အမြင်ရှိရတယ်။ အထက်လွှတ်တော်
ကိုယ်စားလှယ်ဖြစ်စေ၊ သူတို့တွေက နိုင်ငံရေးသမား စစ်စစ်မဟုတ်ဘူး။
ကျနော်တို့က နိုင်ငံရေးသမားတွေပေါ့။ ပိုပြီးတော့ အမြင်ရှိတယ်။
စွန့်လွှတ်နိုင်တယ်။ ပိုသိတယ်။ အဲဒီအပေါ်မှာ အားသာချက်များတယ်။ ၄၆
နေရာဖြစ်ပေမယ့် ကျနော်တို့ဟာ ၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်ချက်ဖြစ်တယ်။”
တချို့ကပြောတယ်။ ရမယ့်ဟာနဲ့ ပေးရတာ။ ပေးရတာက ပိုများတယ်။ ရစရာလည်း
ဘာမှမရှိဘူးဆိုတာမျိုး ပြောတာရှိတယ်။ အခုလည်း နိုင်ငံရေးအကျဉ်းသား
တချို့မလွတ်သေးဘူးဆိုတာမျိုးပေါ့။
“ကျနော်က အရင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့
ဖွဲ့ကတည်းကပါခဲ့တယ်။ ကိုမင်းကိုနိုင်တို့ ကိုကိုကြီးတို့က
ကျနော့်အစ်ကိုအကြီးလိုပဲ။ ဆိုချင်တာက နိုင်ငံရေးအကျဉ်းသားတွေကို
တန်ဆာခံလိုမျိုး ခေါ်ထားတာ ပြဿနာပေါ့။ ဒါကို လုံးဝကျေနပ်မှု မရှိပါဘူး။
ဒါကမဖြစ်သင့်တဲ့ ကိစ္စပါ။ ဒါကမကောင်းပါဘူး။ ဒါကတချက်။ ဥပမာ သမ္မတ
ဦးသိန်းစိန်က ပြောတယ်။ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့စကား။ ဒါဆိုရင်
သူက အစိုးရအဖွဲ့ကို ကိုယ်စားပြုပြီးပြောပါလား။ သမ္မတ ဦးသိန်းစိန်
ပုဂ္ဂိုလ်ရေးအနေနဲ့ဆိုရင်တော့
ပြောမှာမဟုတ်ဘူး။ သမ္မတက အဲလိုပြောတဲ့အချိန်မှာ သူ့အစိုးရအဖွဲ့ထဲမှာ
သဘောထား တင်းမာသူတွေ ရှိနေသေးတယ်ဆိုတာ ထင်ရှားတယ်။ သူက အစိုးရအဖွဲ့ကို
ကိုယ်စားပြုပြီး ပြောသွားတာကို။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က
လွှတ်တော်ထဲကို ဝင်သွားရင် အစိုးရက ဘယ်လောက်အကျိုးအမြတ် ရသွားမလဲဆိုတဲ့
မေးခွန်းကို မေးတဲ့အခါမှာ ကျနော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဒီဘောင်ထဲကို မဝင်ရင် ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းကို ပြန်မေးချင်တယ်။
နောက်တခုကတော့ အစိုးရအဖွဲ့ထဲမှာ သဘောထားတင်းမာသူရှိသလို
သဘောထားပျော့ပြောင်းသူတွေ ရှိတယ်။ ဒီအချက်တွေကို ပေါင်းပြီးတော့မှ
မြန်မာနိုင်ငံမှာ စစ်အစိုးရက ဘယ်လိုဖြစ်မလဲ။ ကျနော်တို့ဘက်က ဘယ်လိုဖြစ်မလဲ
ဆိုတဲ့အမြင်အစား သူ့ဘက်ကို မစဉ်းစားဘဲနဲ့ ကိုယ့်ဘက်ကို စဉ်းစားမှာပါ။
ကိုယ့်ဘက်ကနေ အကောင်းဆုံးလုပ်မှာပါ။ ကိုယ့်ဘက်က ပြည်သူ့အကျိုးကို
ရှေ့ရှုပြီးတော့ အကောင်းဆုံး လုပ်မှာပါ။ သူ့ဘက်ကလုပ်မှာကိုတော့
သတိကြီးစွာထားပြီးတော့ ကြည့်တော့ ရှောင်ရမှာပေါ့။ ဘာမှမလုပ်တာနဲ့စာရင်
လုပ်လိုက်၊ ရှောင်ရှားလိုက် လုပ်ရင်တော့ ဖြစ်စဉ်ထဲမှာ
ပူးပေါင်းပါဝင်ပြီးတော့ ဒီမိုကရေစီအတွက် ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်လဲ
အောင်မြင်မှုတခုပါပဲ။ နောက်တခု ဒေါ်အောင်ဆန်းစုကြည်လည်း ပြောနေတာပဲ။
စွန့်စားမှုတခု လုပ်နေတာပဲ၊ လုပ်သင့်လို့ လုပ်နေတာပဲလို့ ပြောနေတာပဲ။
ကျနော်တို့လည်း လုပ်သင့်လို့ လုပ်နေတာပါ။”
မြန်မာပြည်နိုင်ငံရေးက သိပ်သေချာတာမဟုတ်ဘူးပေါ့။ ဥပမာ ဗေဒါလုပ်ငန်းတွေကို ထိခိုက်မလား။ နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် ဖြစ်လာရင်။
“နိုင်ငံရေးသမားတယောက် ဖြစ်လာလို့ရှိရင် ဗေဒါ အင်စတီကျူ့ကို ဦးဆောင်တဲ့
အခန်းကဏ္ဍကနေ ဖယ်ရမယ်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတယ်။ ဘာကြောင့်လဲဆိုတော့
ဒေါ်အောင်ဆန်းစုကြည်က ဗေဒါအင်စတီကျူ့ကို ဦးဆောင်မှုနေရာမှာရှိတယ်ဆိုတာ
သူက လူထုခေါင်းဆောင် ဒီမိုကရေစီ ခေါင်းဆောင်နေရာမှာ ရှိနေတာကို။
ကျနော်တို့ကျတော့ သမားရိုးကျ နိုင်ငံရေးသမား တယောက်အနေနဲ့ အဖွဲ့အစည်း
တခုခုကို ဝင်သွားပြီဆိုရင် ဒါက စဉ်းစားရမယ့် ကိစ္စပါ။ နိုင်ငံရေး ပါတီတခုရဲ့
လက်ကိုင်တုတ် ဆိုတဲ့ အဖွဲ့အစည်းတခုအဖြစ်တော့ မဟုတ်ဘူးဆိုတာပဲ။”
0 comments:
Post a Comment