Tuesday, November 29, 2011

အနုပညာနှင့် အများအကျိုးဆောင်ခြင်း

by Nyein Soe Oo on Wednesday, November 30, 2011 at 12:37pm


http://www.nyeinsoeoo.com/2011/11/blog-post_29.html


online ပေါ်မှ NETIZEN အပေါင်းတို့ ခင်ဗျား ... ဒီကနေ့ ကျွှန်တော် ပြောပြမယ့် ခေါင်းစဉ်ကတော့ `` အနုပညာ နှင့် အများအကျိုးဆောင်ခြင်း ´´ ဆိုတဲ့ အကြောင်းပါပဲ ခင်ဗျား ... ( ကျွန်တော် ဒီလို ရောဂါ ရလာတာ ပြီးခဲ့တဲ့ နှစ်ကစတင်ခဲ့ပါတယ် ။ လပွတ္တာမြို့မှာ လွန်ခဲ့သော ( ၁၈ ) နှစ်ကစတင်လို့ ပျောက်ကွယ်နေတဲ့`` စာပေဟောပြောပွဲ ´´  ပြန်လည်ပေါ်ပေါက်လာအပြီးမှာ ဆရာကြီးတွေကို အားကျပြီး ပြောချင်စိတ်တွေ ပေါ်လာခဲ့ရတာလည်း ဖြစ်ပါတယ် ။ )                                                              ငယ်ရွယ်စဉ်မှာ မိဘတို့ သီဆို ချော့သိပ်ခဲ့တဲ့ တေးကဗျာတွေ ၊ ပြောပြတဲ့ ပုံပြင်တွေနဲ့ ရင်းနှီးရတဲ့အခါ ပတ်ဝန်းကျင်အကြောင်းအရာတွေကို သိရှိခွင့်ရလာခဲ့ပါတယ် ။ ကျွန်တော်တို့ စတင်ပြီး ပညာသင်ယူတဲ့ မူလတန်းအရွယ်ကတည်းက စာပေကို ထိတွေ့ခွင့်ရခဲ့ပါတယ် ။ ဒီမှာတော့ မှတ်မှတ်ရရပါပဲ ။

ကျွန်တော်သင်ရတဲ့ သင်ပုန်းကြီးဖတ်စာက ဆရာကြီး မင်းသုဝဏ် ပြုစုခဲ့တာမို့ ...
( က ၊ ကန်စွန်းပင် ၊ ရေမှာရွှင် ။ ခ ၊ ခရမ်းသီး ၊ ဓားနဲ့လှီး ။ ဂ ၊ ဂဏန်းကောင် ၊ လက်မထောင် ။ ) စတာတွေကို အော်ဟစ်သီဆိုခဲ့ရတာပါ ။ ကန်စွမ်းပင် ၊ ခရမ်းသီး ၊ ဂဏန်းကောင်တွေကို ကျွန်တော်တို့ အမြင်မစိမ်းတဲ့ ပတ်ဝန်းကျင်မှာ တွေ့နေတာမို့  ကျွန်တော်တို့ဟာ ကလေးငယ်ဘ၀ကတည်းက ပတ်ဝန်းကျင်နဲ့  မကင်းကွာအောင် ပံ့ပိုးပေးနေသလို ဖြစ်ရပါတယ် ။ ပတ်ဝန်းကျင် ဆိုတာ မိမိ မဟုတ်သော အများကိစ္စဖြစ်တာကြောင့် မိမိနဲ့ အများကို ကောင်းမွန်စွာ ဆက်စပ်ပေးခဲ့တာကို ခံယူခဲ့ရပါတယ် ။
အများထဲမှာ ပါဝင်လာပြီး ကင်းထောက်လုပ်ငန်း စတာတွေကို သင်ယူရတဲ့ အခါ စုပေါင်း လုပ်ဆောင်တတ်မှုတွေကို ကြုံရပြန်ပါတယ် ။ စုပေါင်းခြင်းက အများကိုဖြစ်စေပြီး အဲဒီအထဲမှာ မိမိလည်း ပါဝင်နေတယ်ဆိုတာကို မသိမသာနဲ့ သင်ယူခဲ့ရတာပါ ။ ကိုယ့်အကျိုးကို လုပ်ဆောင်ခြင်းက အများအကျိုးထဲကို စီးဝင်သွားစေပါတယ် ။ ဒီလိုနဲ့ ကိုယ့်အကျိုး သူ့ အကျိုးဆောင်ရွက်ခြင်းဟာ ကလေးဘ၀ကတည်းက မသိမသာ သိမှတ်နိုင်စေခဲ့တဲ့ အခြေအနေကို ရောက်အောင် မိဘများ ၊ ပညာသင်ကျောင်းများနဲ့ ပတ်ဝန်းကျင်တို့က လူသားတွေကို သင်ပြပေးနိုင်ပုံကို သိရှိလာခဲ့ရပါတယ် ။ အနုပညာလို့ ခေါ်ရတဲ့ တေးကဗျာတွေ ၊ သင်ခန်းစာတွေ ၊ လက်တွေ့မြင်ကွင်းတွေက တဖြည်းဖြည်း စွမ်းဆောင်ပေးခဲ့တာပါ ။
ကျွန်တော်တို့ကလည်း ရှင်သန်ကြီးထွားကြတဲ့အခါ ခန္ဓာကိုယ်ဖွံ့ဖြိုးလာကြသလို စိတ်တွေက ကျယ်ပြန့်လာပါတော့တယ် ။ ပတ်ဝန်းကျင်ကို ပိုပြီးတော့လည်း သတိပြုစိတ်တွေ ၀င်လာကြ ပါတယ် ။
ဟုတ်ကဲ့ ၊ ကျွန်တော်ပြောမှာကို အားလုံးလည်း ရိပ်မိကြမှာပါ ။ အချစ် ... ဆိုတာကို ခံစားခြင်းပါပဲ ။ ငယ်ရွယ်စဉ်က မိဘမေတ္တာကို ခံစားပုံနဲ့ မတူတဲ့ ခံစားချက်ပါပဲ ။ ( ဒို့ကတော့ ဒါမျိုးတွေကို မသိပါ { ဘူးကွယ် } ) ဆိုရင်လည်း အများစိတ် ၊ ပတ်ဝန်းကျင်စိတ်နဲ့ ဆိုင်တဲ့ မိတ်ဆွေ ၊ သူငယ်ချင်းများအပေါ် ချစ်ခင်ခြင်း ၊ တွယ်တာခြင်းတွေကိုလည်း အချစ် ဆိုတာထဲမှာ ထည့်တွက်ထား ပါတယ် ။ အချစ်ဆိုတာကို ခံစားခြင်းဟာ အနုပညာကို ပိုမို ရှင်သန် အသက် ၀င်စေနိုင်တယ် လို့ ယူဆမိပါတယ် ။ ဘာပဲ ပြောပြော `` ကိုယ်တစ်ယောက်ထဲ ၊ လွမ်းဆွေးဝဲမှာ အမြဲ နေနေရမှာလား ။´´ဆိုတဲ့ ကဗျာလေးမျိုးကို ပိုပြီးစိတ်ဝင်စားလာတတ်ကြတာကို သတိပြုမိကြမယ် ထင်ပါတယ် ။ ကိုယ်တိုင်မကြုံရပေမယ့် ရုပ်ရှင်တွေ ၊ ဇာတ်ပွဲတွေ ၊ တေးသီချင်းတွေ အစရှိသဖြင့် ပတ်ဝန်းကျင်မှ အနုပညာများကို ခံစားမိလာလို့ ကိုယ်ချင်း စာနာတတ်လာကြတဲ့ သဘောပါပဲ ။
ကျွန်တော်တို့ မြန်မာစာပေနယ်မှာ အချစ်ကို မိန်းမပျိုလေးဘက်ကနေ ခံစားရေးဖွဲ့တဲ့ `` စာဆိုအမျိုးသမီး တောင်တွင်း ရှင်ငြိမ်းမယ် ´´ ရဲ့ အိုင်ချင်းတွေကို ကျွန်တော် နှစ်သက်မိပါတယ် ။ သူ့စာတွေအများအပြားထဲက တစ်ခုကိုပဲ ပြောပြချင်ပါတယ် ။ အများလည်းသိတဲ့ စာသားပါ ။ ``သောက်တော် ရေအိုး ၊ ဂျွမ်းထိုးကောင်နှယ် ၊ အပျိုဖြူ ငယ်နှမမှာ ကြုံရတယ် ရှင့် ´´ ဆိုတဲ့ စာသားပါ ။
အများအကျိုးဆောင်ခြင်းဆိုပြီး အချစ်အကြောင်းတွေ ကို ဘာလို့ ပြောနေရသလဲလို့ စိတ်မခုစေချင်ပါ ။ အချစ်စိတ်ဆိုတာ မိမိမှ မဟုတ်သော အများသို့ မျှဝေနိုင်ခြင်းမှာ တော်တော်လေးပြင်းထန်တာကို တွေ့ရလို့ပါ ။ အခု ဒီစာထဲက မိန်းမပျိုလေးဟာ အချစ်စိတ်ကြောင့် မလွမ်းမဆွေးရအောင် သောက်တော်ရေချမ်း ၊ ပန်းများကို ကပ်လှူဆုတောင်းမှာ ဖြစ်ပေမယ့် ရင်ထဲမှာတော့ ဂျွမ်းထိုးကောင် ( လောက်လန်း ) လေးတွေလို မရပ်မနားပဲ ဒန့် ... ဒန့် ... ဒန့် ... နဲ့ တွန့်လှုပ်နေရသော အခြေအနေကို ဖြစ်ပေါ်စေနေတယ် ဆိုတာ ထင်ရှားလို့ပါ ။
ဒီလိုပါပဲ ။ ကျွန်တော်တို့လည်း ဒန့်... ဒန့် ... ဒန့် ... ဖြစ်လာအောင် လှုပ်ရှားမှုပုံစံမျိုးစုံနဲ့ ပတ်သက်လာရပါတော့တယ် ။ ကျောင်းကိစ္စ ၊ သင်တန်းကိစ္စ ၊ အလုပ်ကိစ္စ ၊ ၀ါသနာကိစ္စ ... စသည်ဖြင့် အများနှင့် ပူးပေါင်းဆောင်ရွက်နေရတာတွေ များပြားလာတဲ့ အခါ မိမိ ကိစ္စသာမက အများကိစ္စတွေကိုပါ ဆောင်ရွက်တတ်လာတဲ့ အလေ့အကျင့်တွေကို ထိတွေ့ခွင့်ရလာကြမယ် ထင်ပါတယ် ။ မိမိ ကိုယ်တိုင်က အတ္တစိတ် များများနဲ့ ရှောင်ဖယ်ခဲ့ရင်တော့ မပြောတတ်ပါ ။ သာမန်ဆိုရင်တောင် ရှောင်မလွတ်တဲ့ ကိစ္စများ ဖြစ်ပါတယ် ။ အဲဒီလို ဆောင်ရွက်ကြရင်း အကျိုးကျေဇူး တကယ်ဖြစ်စေနိုင်တာတွေကို  မိမိ၏ ညာဏ်ပညာအခြေခံဖြင့် တွက်ဆလုပ်ကိုင်ခြင်း ၊ စုပေါင်း အဖြေရှာခြင်း တို့ကို ပြုကျင့်မှုများရလာစေနိုင်ပါတယ် ။ ဖတ်မှတ်လေ့လာခဲ့သော စာပေ ၊ လှုံ့ဆော်မှုပြုသော အနုပညာရဲ့ အင်အားများကို ခံစားလာရစေပါတယ် ။ ဇာတ်သဘင်ပညာရှင်ကြီး ရွှေမန်းတင်မောင်ရဲ့ တခါးမှူး ဒတ္ထ လို ၊ ရွဲကုန်သည် လို ဇာတ်များဟာ ထင်ရှားစေပါတယ် ။ အခြားသော အနုပညာပုံသဏ္ဍာန် များစွာ ရှိနေတာကို NETIZEN အပေါင်းတို့ သတိပြုမိကြမယ် ထင်ပါတယ် ။
အဲဒါကြောင့် အနုပညာဆိုတာ အများအကျိုးကို ဖြည့်ဆည်းပေးနိုင်တဲ့ လူလုပ် ကိရိယာတစ်မျိုးဖြစ်တာကြောင့် အနုပညာများကို ကိုယ်စွမ်း ညာဏ်စွမ်းရှိသမျှ ဖန်တီးကြရင်း အများအကျိုးကိုဆောင်နိုင်ခြင်းမှတစ်ဆင့် ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းအောင် ကြိုးစားနေကြရမယ် လို့  ထင်မြင်မိပါကြောင်း တွေးမိ ရေးမိရပါတော့တယ် NETIZEN အပေါင်းတို့ ခင်ဗျား ။


သိတတ်လို့ တတ်သိပြီး သတ္တိတွေ တိုးကာ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ကြပါစေ ...
ငြိမ်းစိုးဦး
( Nov ; 29 ; 2011 )
http://nyeinsoeoo.multiply.com/journal/item/410

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...