Wednesday, November 30, 2011

ကျေးလက်ပညာရေးအတွက် ဘာတွေလုပ်ကြမလဲ

{ အရှင်ဉာဏိက - ခေတ္တ - အရည၀ါသီ}

by Htet Aung on Thursday, December 1, 2011 at 2:44pm
ဦးဇဉ်းလည်း Face Book နိုင်ငံရေးလောကကို စွန့်ခွာပြီး လက်တွေ့ဘ၀မှာ လူမှုရေးလုပ်ငန်းတွေကို ဇောက်ချလုပ်ကိုင်သွားမယ်လို့ ဆုံးဖြတ်ထားခဲ့ပါတယ်…။ မလုပ်ခင်မှာ သာသနာ့ဘောင်ကို ၀င်ချင်တဲ့ ပြင်းထန်တဲ့ ဆန္ဒကြောင့် ခုဆိုရင် သာသနာ့ဘောင်ထဲမှာ ရဟန်းတစ်ပါးရဲ့ အကျင့်၊ သိက္ခာပုဒ်တွေကို ထိန်းနိုင်သလောက်ထိန်းရင်းရဟန်းတစ်ပါးနဲ့  တူအောင် တတ်နိုင်သလောက် ကျင့်ကြံအားထုတ်နေထိုင်ပါတယ်။ ဆိုခဲ့ပြီးသလို မြို့ကျောင်းမှာက ဗာဟီရတွေ၊ လုပ်စရာတွေက များပြားလွန်းတာကြောင့် ဦးဇဉ်းလည်း တောကျောင်းလေး တစ်ခုမှာ တရားအားထုတ်ဖို့အတွက် မနေ့ကပဲ ထွက်လာခဲ့တယ်…။


ဒီဆောင်းပါးလေး ရေးချင်လာတာကလည်း ဒီလိုပါ….။ ရဟန်းဘ၀ကို ရောက်နေတဲ့ အချိန်မှာ လောကီအာရုံတွေကို တတ်နိုင်သမျှ ဝေးအောင် စွန့်ခွာထားပါတယ်..။ စွန့်ခွာထားရတာတွေထဲကဆိုရင် အဆိုးဆုံးက Face Book ပါပဲ..။ နေ့စဉ်နေ့တိုင်းလိုလို သတင်းတွေ တင်ပေးနေကြ၊ ဆောင်းပါးကောင်းလေးတွေ တွေ့ရင် တင်ပေးနေကြ၊ တခြားဗဟုသုတ ရစရာရှိတယ်ဆိုရင်လည်း မအားတဲ့ ကြားထဲကပဲ တင်ပေးနေကြ၊ အမြင်မတော်တာတွေ့ရင်လည်း အဆဲခံပြီးကို ကိုယ့်အမြင်ကို ပြတ်ပြတ်သားသား ပြောဆိုနေကြဆိုတော့ လက်ရှိ အဲဒီအရာတွေကို တောင့်တမိတဲ့စိတ်က တခါတလေတော့ ၀င်မိပါတယ်..။ စိတ်မရောက်ဘူးဆိုရင်လိမ်တာပါပဲ… ။ ရဟန်းက လိမ်ရင် တော်တော်အပြစ်ကြီးပါတယ်…။ ဒါကြောင့် မလိမ်ရဲဘူး…။  မြို့မှာဆို အင်တာနက်ဆိုင်ရှိတော့ စိတ်ပါတာနဲ့ ချက်ချင်းသွားလို့ရတယ်လေ..။ တောမှာတော့ အင်တာနက်မပြောနဲ့၊ မီးတောင်မရှိဘူး..။ အင်တာနက်က ဝေးပါသေးတယ်..။ ကွန်ပျူတာသင်တန်းကို တက်ဖူးတာဆိုလို့ စုစုပေါင်း {1} ယောက်ပဲ ရှိတယ်…။ ညဘက်ဆိုရင်လည်း ကိုယ်က အအိပ်အနေနည်းတော့ ဗိုက်ကဆာ၊ စားမိရင်လည်း အာပတ်သင့်မှာစိုးလို့ စားစရာတွေဆိုရင် ကိုရင်လေးတွေနဲ့ ကျောင်းသားလေးတွေကို အကုန်လှူထားလိုက်တယ်….။ အေးရော…။ ရှိရင် ကိုယ်က စားချင်နေဦးမယ်..။

ဦးဇဉ်းရဲ့ ရဟန်းဘောင်ဝင်ရတဲ့  ရည်ရွယ်ချက်ကိုက တစ်သံသရာလုံးလုံး ဦးဇဉ်း လုပ်ခဲ့၊ ပြောခဲ့၊ တွေး၊ ကြံခဲ့တဲ့ မကောင်းမှုတွေကို ဆေးကြောဖို့၊ တရားအားထုတ်ဖို့၊ မြတ်စွာဘုရားရှင် ပညတ်တော်မူထားခဲ့တဲ့ ရဟန်းတစ်ပါးရဲ့ သီလ၊ သမာဓိ၊ သိက္ခာပုဒ်တွေကို နိုင်သလောက်ထိန်းဖို့၊ ကျင့်ကြံအားထုတ်ဖို့ပါပဲ…။

လက်ရှိရောက်နေတဲ့ တောရွာလေးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအခြေအနေ အဘက်ဘက်က လိုအပ်နေတာတွေ၊ နိမ့်ကျနေတာတွေ၊ တောရွာလေးရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု တော်တော်လေးကို နောက်ကျနေတာတွေကို အလိုမကျဖြစ်လာလို့သာ ရေးဖြစ်တာပါ….။ လျှပ်စစ်မီးမရှိလို့ ကွန်ပျူတာကို သုံးမရပါဘူး….။ စာရေးချင်လွန်းအားကြီးတော့ ကိုရင်လေးတစ်ပါးကို ဗလာစာအုပ်သွားဝယ်ခိုင်းရတယ်..။ ဒီစာကိုတော့ သူများကို ရိုက်ခိုင်းရမှာပဲလေ.. ။မတတ်နိုင်ဘူး..။ ရဟန်းတစ်ပါးဖြစ်နေတော့ လောဘ၊ ဒေါသ၊ မောဟတွေ မဖြစ်အောင် တတ်နိုင်သလောက် ထိန်းဖြစ်ရင်း ပြောချင်တာလေးတွေ ရှိလာလို့ ရေးဖြစ်တာပါ…။
ဦးဇဉ်း ရောက်နေတဲ့ နေရာလေးကို မျက်စိထဲမြင်အောင် ပြောရရင် ပြည်မြို့နဲ့ မိုင်လေးဆယ်လောက် ဝေးကွာတဲ့ တောရွာလေးတစ်ခုပါ…။ ရွာနာမည်တော့ ထည့်မရေးတော့ပါဘူး…။

ပညာရေး
ရွာမှာ မူလတန်းကျောင်းလေးတစ်ကျောင်းရှိတယ်…။ ကျောင်းသား ဦးရေကတော့ ၃၀ လောက်ပါပဲ..။ အသေးစိတ်ဆိုရင် သူငယ်တန်း-၁၀၊ ပထမတန်း-၄၊ ဒုတိယတန်း-၅၊ တတိယတန်း-၆၊ စတုတ္ထတန်း-၅ ပေါ့၊ ခုထိ ဦးဇင်းစုံစမ်းထားသလောက် ရွာမှာ အိမ်ခြေ ၁၀၀ ကျော်လောက်တော့ ရှိပါတယ်..။ ရွာဦးဘုန်းကြီးကျောင်းက ဆရာတော်မိန့်တာကတော့ အဲဒီ ကျောင်းသား ၃၀ တောင် ကျောင်းကို လာတက်လိုက်၊ မတက်လိုက်ဆိုပဲ…။  ၄- တန်းအောင်ပြီဆိုတာနဲ့ ၄ မိုင်လောက်ဝေးတဲ့ မြို့နယ်တစ်ခုမှာ အလယ်တန်းကျောင်းဆက်တက်ရပါတယ်..။ မြို့ကိုသွားတဲ့လမ်းမှာဆိုရင် ၅- တန်းတက်မည့် ကျောင်းသား ကျောင်းသူတွေအတွက်တော့ တက်ချင်တဲ့ စိတ်ကုန်သလောက်ပါပဲ..။ မြို့ကိုသွားတဲ့လမ်းမှာသချုင်္ိင်းကုန်းတစ်ခုရယ်၊ ထန်းရည်ဆိုင်တစ်ဆိုင်ရယ်ရှိတယ်။ မြို့ကျောင်းတက်မည့် သူအတွက် အနည်းဆုံး စက်ဘီးတစ်စီးရှိရမယ်.. ။ မိဘတွေကလည်း ၄ တန်းလောက်အောင်ရင် သားသမီးတွေကို မြို့ကျောင်းတက်ဖို့ သိပ်ပြီး အားမပေးချင်ဘူး..။ တချို့တလေတော့ အားပေးပါတယ်..။ အတန်းပညာကို ဆက်လက်သင်ကြားလိုတဲ့ အနာဂတ်လူငယ်မျိုးဆက်သစ်၊ ကျောင်းသားကျောင်းသူတွေအတွက်တော့ အသွား ၄ မိုင်၊ အပြန် ၄- မိုင်ဆိုတဲ့ ခရီးပဲ။ မြို့မှာကလည်း ကျောင်းစရိတ်တွေ ကြီးလွန်းလို့ မပေးနိုင်ပြီး ကျောင်းထွက်ခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေကလည်း ဒုနဲ့ဒေးပဲ၊ မိဘတွေလည်း လယ်ထဲဆင်းတော့ သားသမီးကို ကျောင်းကြို၊ ကျောင်းပို့ လုပ်ဖို့ အချိန်မရှိဘူး..။
၁၉၆၂ ကနေ ၂၀၁၁ အထိ နှစ်ပေါင်း ၆၀ နီးပါးတွက်ကြည့်ရင် ဒီလိုပညာတပိုင်းတစနဲ့ အနာဂတ်မဲ့လမ်းပျောက်ခဲ့ရတဲ့ လူငယ်မျိုးဆက်သစ်တွေ ဦးဇဉ်းတို့ တိုင်းပြည်မှာ ဘယ်လောက်များများရှိနေပြီ လည်းဆိုတာ တွေးတောင်မတွေးရဲပါဘူး..။ သူတို့လေးတွေနဲ့ မြို့ကြီးပြကြီးရဲ့ ကျောင်းကြီးကျောင်းကောင်းတွေ မှာတက်နေကြတဲ့ ခြေထောက်မြေမထိကလေးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကြီးကို ကွာဟနေတာ အမှန်ပဲ…။ ဒီလိုဖြစ်နေရတာတွေက ဘယ်သူတွေမှာတာဝန်ရှိသလည်းလို့ အရင်းစစ်လိုက်ရင် ဦးဇင်းအတွက် ဖြစ်လာတာက ဒေါသပဲ…။ ဦးဇင်းတွေးမိသလောက်ပြောရရင် …။

၁။ ပညာရေးဝန်ကြီးဌာနက ကျေးလက်တောရွာတွေအထိ ကွင်းမဆင်းတာလား…။ မသိတာလား..။ မသိချင်ယောင်ဆောင်နေခဲ့ကြတာလား[1962-2011]

၂။ တစ်ရွာ၊ တစ်ကျောင်းစီမံကိန်းတွေချဖို့ လွှတ်တော်ကိုတင်ပြီး မဲခွဲဆုံးဖြတ်ရမှာလား။ ပညာရေးဝန်ကြီးဌာနကို လွှတ်တော်ကိုယ်စားလှယ်တွေက အဆိုတင်သွင်းဖို့ အစီအစဉ်တွေ မရှိဘူးလား..။ လွှတ်တော် ကိုယ်စားလှယ်တွေကိုယ်တိုင်ကကော မိမိဒေသမှာ ဖြစ်ပျက်နေတဲ့အခြေအနေအမှန်တွေကို မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား…။

၃။ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသေးတဲ့ ကျေးလက်ဒေသတွေမှာ ပညာရေးဆိုတာ အရေးကြီးကြောင်း အသိပညာပေး ဟောပြောပွဲတွေ လုပ်ဖို့ လိုအပ်တယ်လို့ မထင်မိဘူးလား..။

၎။ လက်ရှိတိုင်းပြည်ရဲ့ ပညာရေးစနစ်ကိုက အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူရင်၊ ဆရာမကို ပါတိတ်ပေးရင် စာတတ်စရာမလိုတဲ့ စာမေးပွဲအောင်နေတဲ့ စနစ်လား..။

၅။ မြို့နေလူတန်းစားတွေရဲ့ ပညာရေးကိုပဲ ဦးစားပေးပြီး ကျေးလက်လူတန်းစားတွေ ပညာမတတ်ရင် ကောင်းတယ်ဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ မူဝါဒကြောင့်လား….။

၆။ တိုင်းပြည်မှာ ပညာတတ်လူတန်းစားတွေများလာရင် တိုင်းပြည်ကြီး ဖွံ့ဖြိုးတိုးတက်သွားမှာစိုးလို့လား…။

၇။ လက်ရှိ ခေတ်အခြေအနေတခုမှာ ၁၀-တန်းအောင်ပြီး ဘွဲ့ရတော့ကော ဘာထူးမှာလည်းကွာဆိုတဲ့ ပညာရေးနဲ့ ပက်သက်တဲ့ လွဲမှားတဲ့ အတွေးအခေါ်မျိုးတွေ ရှိနေဖို့ ပညာရေးဝန်ကြီးဌာနက ကိုလိုနီခေတ်တုန်းကလို ကျွန်ပညာရေးစနစ်ကိုပဲ ကျင့်သုံးချင်နေတာလား….။

ဦးဇဉ်းလည်း နိုင်ငံရေးနဲ့ ကင်းနိုင်သမျှကင်းအောင်နေဖို့ ဆုံးဖြတ်ထားပါတယ်..။ အခုလည်း ဒီရွာလေးမှာ ရဟန်းအလုပ်တွေ၊ တရားအလုပ်တွေ လုပ်နေရင်းနဲ့ ကလေးတွေကို စာသင်ပေးဖြစ်ပါတယ်..။ တစ်ချို့ကလေးတွေက ဉာဏ်တော်တော်ကောင်းကြတယ်..။ ဒီလိုတောရွာလေးကနေ အလားအလာရှိတဲ့ ကျောင်းသားလူငယ်လေးတွေကို မြေတောင်မြှောက်ပေးလိုက်ရင် သူတို့လေးတွေက တချိန်ကျရင် သူတို့ဒေသကို အကျိုးပြုမည့် ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်လာနိုင်ပါတယ်…။

လက်ရှိမြန်မာနိုင်ငံတော်ကြီးမှာ နိုင်ငံရေးသမားတစ်ချို့က ရှုပ်ရှက်ခက်နေကြတာတွေ၊ အာဏာနောက် လိုက်နေကြတဲ့ အချိန်တွေ၊ Face Book  လို လူမှုကွန်ယက်နေရာမျိုးတွေမှာ နာမည်ကြီးချင်တဲ့ အွန်လိုင်းနိုင်ငံရေးသမားတွေ၊ လူထုအုံကြွမှုဖြစ်ဖို့ ဖင်ကုန်းပြီးအော်နေတဲ့ သူတွေ၊ ဟိုလူ့မကောင်းပြော၊ ဒီလူ့မကောင်းပြော၊ ကိုယ်တိုင်လည်းဘာမှမလုပ် ဂဏန်းသွား သွားနေတဲ့ သူမျိုးတွေကတော့ ဒီကလေးတွေကို ကိုယ်ချင်းစာနိုင်ဖို့ အချိန်တွေရှိကြမယ်လို့ မထင်မိဘူး..။

အကယ်၍များ မာန်မာနတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ သံသယတွေ ဖယ်ရှားပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ငါတို့တစ်တွေ ကျရာနေရာက အုတ်တစ်ချပ်၊  သဲတစ်ပွင့်အဖြစ် လုပ်ကြကိုင်ကြမယ်ဆိုခဲ့လျှင်  တိုင်းပြည်ရဲ့ အနာဂတ်သားကောင်းများဖြစ်လာမည့် ယနေ့ ကလေးတွေအတွက်တော့ ရေနစ်နေတဲ့သူ ကောက်ရိုးလေးတစ်မျှင်ရလည်း မနည်းပါဘူးလေ…။
အနာဂတ်ပညာရေးဖွံ့ဖြိုးတိုးတက်စေလိုတဲ့ ဆန္ဒဖြင့် ရေးဖွဲ့ပါသည်……………..။

လေးစားစွာဖြင့်

ထက်အောင် { အရှင်ဉာဏိက - ခေတ္တ - အရည၀ါသီ} ၂၆.၁၁.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...