ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ အခန်း (၁၁)
ဒီမိုကရေစီအစိုးရများ၏ သဘောသဘာဝ၊ လုပ်ငန်းဆောင်ရွက်ပုံ၊ ကိုယ်စားပြုပါဝင်ခြင်းနှင့် အာဏာခွဲဝေခြင်း။
ဒီမိုကရေစီအစိုးရများအား (၁) ဥပဒေပြုရာ၌
နိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရှိသော “တိုက်ရိုက်ဒီမိုကရေစီ” နှင့်
(၂) ဥပဒေပြုရာ၌ နိုင်ငံသားများ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်မရှိသော်လည်း လူထုကိုယ်စားလှယ်များကို
အချိန်အပိုင်းအခြားအလိုက် ရွေးကောက်တင်မြှောက်၍ နိုင်ငံအုပ်ချုပ်ရေး တာဝန် ပေးအပ်လေ့ရှိသော
“ကိုယ်စားပြုဒီမိုကရေစီ” ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ တိုက်ရိုက် ဒီမိုကရေစီစနစ်
ကို ကျင့်သုံးရာတွင် အရွယ်ပမာဏ သေးငယ်သော လူ့အဖွဲ့အစည်းများအတွင်း အရေ အတွက်အားဖြင့်
ရာဂဏန်း သို့မဟုတ် အများဆုံး ထောင်ဂဏန်းမျှသာရှိသည့် နိုင်ငံသားများစုဝေးကြ၍ ပြဿနာများကို
ဆွေးနွေးကြပြီးလျှင် မဲဆန္ဒပေး ဆုံးဖြတ်ကြလေ့ရှိကြသည်။ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းရှိ
နယူးအင်္ဂလန်မြို့ လူထုအစည်းအဝေးနှင့် ဆွတ်ဇာလန် အစိုးရ၏ ဒေသဆိုင်ရာ အဖွဲ့ခွဲများကျင့်သုံးသော
စနစ်သည် တိုက်ရိုက်ဒီမိုကရေစီစနစ်၏ ဥပမာများဖြစ်ကြသည်။ သို့ရာတွင် လူဦးရေသန်းပေါင်းများစွာ
ရှိသော နိုင်ငံကြီးများ၌ ဤစနစ်ကို ကျင့်သုံးရန်မှာ လက်တွေ့အားဖြင့် မဖြစ်နိုင်ပါ။ အထူးသဖြင့်
အမျိုးသားရေးဆိုင်ရာ ကိစ္စရပ်များတွင် တိုက်ရိုက်ဒီမိုကရေစီစနစ် ကျင့်သုံးရန်မှာ မလွယ်ကူပါ။
ထိုမျှများပြားသော လူတို့အတွက် အစည်းအဝေးကျင်းပရန် နေရာထိုင်ခင်းမလုံလောက်သည့် ပြဿနာရှိနိုင်သည့်
အပြင် အစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်တာများ နှေးကွေးလွန်းမည် ဖြစ်သောကြောင့် လိုရာရောက်တော့မည်
မဟုတ်ပါ။
ယခုအခါ အီလက်ထရောနစ် ပညာရပ်များတိုးတက်လာပြီဖြစ်ရာ
မကြာမီကာလအတွင်း နိုင်ငံသား တိုင်းသည် ရုပ်မြင်သံကြားမှ နိုင်ငံရေးဆွေးနွေးပွဲများကို
စောင့်ကြည့်နားထောင်ရင်းဖြင့် ၄င်းတို့တင်သွင်း လာသော ဥပဒေကြမ်းများကို ခလုပ်နှိပ်၍
အဆုံးအဖြတ်ပေးနိုင်ကြလိမ့်မည်ဟု အချို့ကယူဆကြသည်။ ထိုနည်းဖြင့် နိုင်ငံတစ်နိုင်ငံလုံးရှိ
သန်းပေါင်းများစွာသော ပြည်သူတို့သည် တစ်ပြိုင်နက်တည်း မဲပေးကြခြင်း အားဖြင့် လူများစု၏
ဆန္ဒသဘောထားကို တခဏချင်း ရယူနိုင်ကြလိမ့်မည် ဟု ဆိုကြသည်။ သို့ရာတွင် ဤသို့ သော အဆင့်မြင့်
တိုက်ရိုက်ဒီမိုကရေစီကို အကောင်အထည်ဖော်ရန် မည်သူကမျှ ခိုင်ခိုင်မာမာ တိုက်တွန်း တောင်းဆိုလာခြင်း
မရှိသေးပေ။
ယနေ့ခေတ် ဒီမိုကရေစီနိုင်ငံတိုင်းလိုလို၌
အနည်းဆုံးအားဖြင့် အမျိုးသားရေးဆိုင်ရာနှင့် ဒေသဆိုင်ရာ (ပြည်နယ်) အဆင့်များတွင် ကိုယ်စားပြုဒီမိုကရေစီကို
ကျင့်သုံးကြသည်။ နိုင်ငံသားတို့သည် ပုံမှန်ကာလအပိုင်း အခြားအလိုက် ကျင်းပသော ရွေးကောက်ပွဲများမှတစ်ဆင့်
မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ဖြစ်စေ၊ နှစ်သက်ရာနိုင်ငံရေးပါတီများကိုဖြစ်စေ
မဲပေးရွေးချယ်ကြပြီးလျှင် ဆန္ဒမဲအရေအတွက် အများဆုံး ရရှိကြသော ကိုယ်စားလှယ်များ သို့မဟုတ်
ပါတီများအား သက်ဆိုင်ရာနိုင်ငံရေး တာဝန်များကို ထမ်းဆောင်စေ လေ့ရှိကြသည်။ အေသင်မြို့ပြနိုင်ငံသား
ဂရိလူမျိုးတို့ထံတွင် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေးနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်
နည်းလမ်းတစ်မျိုး ရှိခဲ့ကြောင်းကို စောစောပိုင်းအခန်းတစ်ခုတွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
ထိုစနစ်၌ လူပုဂ္ဂိုလ်တစ်ချို့အား ကိုယ်စားလှယ်လောင်းများအဖြစ် မဲပေးရွေးချယ်မည့်အစား
နိုင်ငံသားတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့တစ်ဖွဲ့က ကျပန်းနည်းဖြင့် ရွေးချယ်လိုက်သော
နိုင်ငံသားများကို ပြည်သူ့ဝန်ထမ်းများအဖြစ် တိုက်ရိုက်တာဝန် ပေးအပ်လေ့ရှိသည်။
ဂရိတွေးခေါ်ပညာရှင်ကြီး ပလေတိုကမူ ဒီမိုကရေစီအစိုးရစနစ်တွင်
အရည်အချင်းမပြည့်ဝသည့် ဒုတိယတန်းစား ပုဂ္ဂိုလ်များကို နိုင်ငံရေးအာဏာအပ်နှင်းမိတတ်သဖြင့်
အထူးကောင်းမွန်သော စနစ်တစ်ရပ် မဟုတ်ဟု ဆိုခဲ့ဖူးပါသည်။ ရှေးဟောင်း အေသင်မြို့ပြနိုင်ငံသားများ
ကျင့်သုံးခဲ့သည့် ကျပန်းရွေးကောက်တင် မြှောက်၍ အာဏာအပ်နှင်းသည့် စနစ်မျိုးအတွက် ပလေတို၏
မှတ်ချက်သည် အထူးသင့်တော်မှန်ကန်ပေ သည်။ ပလေတိုက နိုင်ငံအုပ်ချုပ်ရေးပညာသည် ဆေးပညာ၊
မာလိန်မှုးပညာတို့ကဲ့သို့ လေ့ကျင့်မှု အတွေ့အကြုံ ရှိမှုနှင့် ပါရမီခံတို့ လိုအပ်သည့်
သိပ္ပံပညာရပ် ဖြစ်သည်ဟု ယုံကြည်လေသည်။ ထို့ကြောင့် သာမန်နိုင်ငံသားများ ကို နိုင်ငံရေးတာဝန်များ
ပေးအပ်လိုက်ခြင်းသည် အတွေ့အကြုံမရှိသူများအား သမားတော်များ၊ မာလိန်မှုးများ အဖြစ် ခန့်အပ်လိုက်သည်နှင့်
အလားတူသောကြောင့် ပြဿနာအကြီးအကျယ် ကြုံတွေ့ရကိန်း ရှိသည်ဟု ပလေတိုက ဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ် ကိုယ်စားပြုအစိုးရများ၏ အားသာချက်လည်းဖြစ်၊
အားနည်းချက်လည်းဖြစ်သည့် ကိစ္စတစ်ခုမှာ ကျွမ်းကျင်သောသမ္ဘာရင့် နိုင်ငံရေးသမား လူတန်းစားတစ်ရပ်
ပေါ်ထွန်းလာခြင်းဖြစ်သည်။ အဆိုပါ နိုင်ငံရေးသမားများမှာ ရည်မှန်းချက်တစ်စုံတစ်ခုကြောင့်
ဖြစ်စေ၊ နိုင်ငံရေးကျင့်စဉ်တစ်ရပ်အပေါ် နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်သောကြောင့် ဖြစ်စေ၊
သို့မဟုတ်တည်း အခြားသော စေ့ဆော်မှုတစ်ခုကြောင့် ဖြစ်စေ မိမိတို့၏ ဘ၀ကို နိုင်ငံရေးတွင်
မြုပ်နှံ၍ ပြည်သူ့ကိုယ်စားလှယ်များ အဖြစ် ၀င်ရောက်ရွေးချယ်ခံလေ့ ရှိကြသူများ ဖြစ်ကြသည်။
ထိုပုဂ္ဂိုလ်တို့တွင် ကြွယ်ဝသော အသိဥာဏ်၊ သတ္တိနှင့် ခံနိုင်ရည်တို့ ရှိတတ်ကြသည့်အပြင်
ကောင်းမြတ်သော အယူအဆများ၏ စေ့ဆော်မှုကြောင့် နိုင်ငံရေးသမားများအဖြစ် ရပ်တည်နေကြသူများ
ဖြစ်နိုင်ပါသည်။ တချိန်တည်းမှာပင် အဆိုပါ သမ္ဘာရင်နိုင်ငံရေးသမားတို့တွင် ကိုယ်ကျိုး
ရှာသူများ၊ အကျင့်ပျက်သူများ နှင့် မောက်မာသူများ ရှိတတ်ပါသည်။ ပြီးခဲ့သောနှစ်များအတွင်း
ကိုယ်စားပြု ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံကြီးအချို့၊ အထူးသဖြင့် ဂျပန်နိုင်ငံနှင့်
အီတလီနိုင်ငံတို့တွင် နိုင်ငံရေးသမား များသည် ပုဂ္ဂလိကလုပ်ငန်းများနှင့် တသီးပုဂ္ဂလ
နိုင်ငံရေးသမားများထံမှ လာဘ်ငွေဒေါ်လာ သန်းပေါင်းများစွာ ရယူခြင်း၊ တရားဥပဒေကို ဖောက်ဖျက်၍
အခွန်ရှောင်ခြင်း စသည့် ဆိုးရွားသော အမှုအခင်းများကို ကျူးလွန်ခဲ့ ကြသည်။ ယင်းသမ္ဘာရင့်
နိုင်ငံရေးသမားကြီးများသည် မကြာခဏ ရွေးကောက်ပွဲဝင်လေ့ရှိပြီး ထိုရွေးကောက်ပွဲ များအတွက် မဲဆွယ်ရန် ငွေကြေးလိုအပ်သည်ဖြစ်ရာ ၄င်းတို့ငွေနောက်လိုက်ကြခြင်းမှာ
မဆန်းလှ ဟုဆိုနိုင်ပေ သည်။ ရွေးကောက်ပွဲ ၀င်ရာတွင် ငွေကြေးအကုန်အကျ အလွန်များသည်မှာ
သံသယရှိစရာ မလိုပါ။
ယေဘုယျအားဖြင့် ဆိုရလျှင် သမ္ဘာရင့်နိုင်ငံရးသမားများသည်
ရွေးကောက်ပွဲဝင်ရာတွင် ကျွမ်းကျင်လှ သောကြောင့် နှစ်ပေါင်းများစွာ အာဏာရတတ်ကြပါသည်။
နိုင်ငံရေးယန္တရားအတွင်း နှစ်ပေါင်းများစွာ ကျင်လည် နေသူများ ဖြစ်ခြင်းကြောင့်လည်း အုပ်ချုပ်ရေးရာ
ကိစ္စရပ်များအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိနားလည်ခွင့် ရတတ်ကြပါသည်။ အချို့သော
ပြည်သူ့ကိုယ်စားလှယ်များသည် အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးမူဝါဒ၊ စိုက်ပျိုးရေးမူဝါဒ
အစရှိသော အုပ်ချုပ်ရေးနယ်ပယ်တို့တွင် ကျွမ်းကျင်လာကြသည့် အလျောက် ထိုနယ်ပယ်များ နှင့်
စပ်လျဉ်းသော ဥပဒေကြမ်းများ ရွေးဆွဲရာတွင်လည်း အထူးကျွမ်းကျင်သူများ ဖြစ်လာတတ်ကြပါသည်။
သို့ရာတွင် ဤကဲ့သို့သော သမ္ဘာရင့်နိုင်ငံရေးသမားများသည် အုပ်ချုပ်ရေးအဖွဲ့တွင် အမှုထမ်း
အသက်ကြာလာ သည်နှင့်အမျှ အာဏာကို အလွဲသုံးစားပြုခြင်း၊ အကျင့်ပျက်ခြင်းတို့ ဖြစ်လာတတ်ကြပါသည်။
ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် နိုင်ငံရေးသမားများသည်
ပဓါနအားဖြင့် လောဘစိတ်နှင့် ပုဂ္ဂိုလ်ရေးရည်မှန်းချက်တို့၏ စေ့ဆော်မှုတို့ကြောင့် နိုင်ငံရေးလုပ်နေကြခြင်း
ဖြစ်သဖြင့် ဤစနစ်သည် သဘာဝအားဖြင့် အကျင့်ပျက်သော စနစ်ဖြစ်သည် ဟု အချို့က ဆိုပါသည်။
အထက်တွင်ဖော်ပြခဲ့သော ငွေရေးကြေးရေး အရှုပ်တော်ပုံများသည် ဤအဆိုခိုင်မာကြောင်းသာဓက ပြလျက်ရှိသည့်တိုင်
အာဏာကို အလွဲသုံးစားအပြုဆုံးနှင့် အကျင့်အပျက်ဆုံး အစိုးရများမှာ ယှဉ်ပြိုင်အရွေးခံသူမရှိပဲ
နှစ်ပေါင်းများစွာ အာဏာရယူလေ့ရှိကြသော လူတစ်ဦး သို့မဟုတ် လူတစ်စုက ခေါင်းဆောင်သည့်
အာဏာရှင်အစိုးရများ ဖြစ်ကြပါသည်။ ဥပမာ ဇိုင်ယာနိုင်ငံမှ မိုဘူတူရီဂျင်းမ်၊ ဟေတီနိုင်ငံမှ
ဒူဗေးလီးယား ရီးဂျင်းမ်၊ ဖီလစ်ပိုင်နိုင်ငံမှ
မားကို့စ်အစိုးရနှင့် မြန်မာနိုင်ငံမှ ဦးနေ၀င်းအစိုးရတို့ ဖြစ်ကြပါသည်။ ထိုအာဏာရှင်များသည်
မည်သည့်အခါမှ ရွေးကောက်ပွဲလုပ်လေ့မရှိခြင်း အကယ်၍ ရွေးကောက်ပွဲကျင်းပခဲလျှင်လည်း ရွေးကောက်ပွဲနိုင်လောက်အောင်
စိတ်ကြိုက်စီမံလုပ်ဆောင်ပြီးမှ ကျင်းပလေ့ရှိသောကြောင့် ပြည်သူတို့အနေဖြင့် အုပ်ချုပ်သူတို့၏
အာဏာအလွဲ သုံးစားပြုခြင်းအား ဆန့်ကျင်စိန်ခေါ်နိုင်ရန်မှာ အုံကြွတော်လှန်ခြင်း မှလွဲ၍
အခြားသောနည်းလမ်းတို့ မရှိတော့ ပြီ။
ရိုမေးနီးယားနိုင်ငံ၌ ချောင်ချက်စကူး ကွမ်မြူနစ်
အာဏာရှင်စနစ်ကို သွေးမြေကျ တော်လှန်ခဲ့သည့် ၁၉၈၉ ခုနှစ်မတိုင်မီက တည်ဆောက်ထားခဲ့သော
ချောက်ကူးစကူး မိသားစု၏ နန်းတော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အခမ်းနားဆုံး နန်းတော်များအနက်တစ်ခု
ဖြစ်ခဲ့သည်။ ချောင်ချောက်စကူးသည် သူ၏ သမီးဖြစ် သူအား ရိုမေးနီးယားနိုင်ငံ၏ ခေါင်းဆောင်အသစ်အဖြစ်
ရာထားခဲ့သည်။ သို့ရာတွင် ချောင်ချောက်စကူး မိသားစု၏ လောဘဇောဒဏ်ကို ခံစားခဲ့ရသော သာမန်ပြည်သူတို့၏
လူနေမှုအဆင့်အတန်း အလွန်နိမ့်ကျခဲ့ရ သည်။ အာဏာရှင် နိုင်ငံများတွင် တွေ့ရသော အဂတိလိုက်စားမှုများသည်
ဒီမိုကရေစီနိုင်ငံတို့ရှိ အဂတိလိုက် စားမှုများထက် ပိုမိုကြီးကျယ်ကြောင်း သံသယရှိစရာမလိုပါ။
အာဏာရှင်စနစ် ပိုမိုတည်တံ့လေလေ၊ အကျင့်ပျက်မှုများနှင့် အာဏာအလွဲသုံးမှုများ ပိုမိုကြီးထွားလေလေ
ဖြစ်ပါသည်။
၁၉၈၆ ခုနှစ် “ပြည်သူ့အာဏာ တော်လှန်ရေး” အပြီးတွင်
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သော ဖီလစ်ပိုင်နိုင်ငံနှင့် ဒီမိုကရေစီနည်းစနစ်ကျ အစိုးရအဖွဲ့မျိုး ပေါ်ပေါက်လာအောင် အချိန်အတန်ကြာ
ကြိုးစားခဲ့ရ သော ထိုင်းနိုင်ငံတို့တွင်လည်း အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ နာမည်ပျက်
ရှိနေဆဲဖြစ်ပါသည်။ သို့ရာတွင် သမတနှင့် နီးစပ်သော စီးပွားရေးသမားများ အလွန်ကြွယ်ဝ ချမ်းသာကြသည့်
အင်ဒိုနီးရှားနိုင်ငံမှ ဆူဟာတိုအာဏာရှင်အစိုးရ နှင့် ၁၉၆၅ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ
အာဏာရှိခဲ့စဉ် အတွင်း ဒေါ်လာသန်းပေါင်း များစွာကို ခိုးယူခဲ့ပြီး တိုင်းပြည်စီးပွားရေးကို
ချွတ်ခြုံကျစေခဲ့သော ဖိလစ်ပိုင်မှ အာဏာရှင်အစိုးရတို့၏ အဂတိလိုက်စားမှုများသည် လက်ရှိ
ထိုင်းနှင့် ဖီလစ်ပိုင်နိုင်ငံများရှိ အဂတိလိုက်စားမှုများထက် လျော့နည်းစရာ အကြောင်းမရှိပါ။
ထိုနည်းတူစွာ ၀န်ကြီးချုပ် ဦးနုလက်ထက်က မြန်မာနိုင်ငံတွင်ရှိခဲ့သော အဂတိလိုက်စားမှု
များထက် ဦးနေ၀င်းလက်ထက်နှင့် န၀တ လက်ထက် မြန်မာနိုင်ငံတွင် ပိုမိုဆိုးရွားသော အဂတိလိုက်စားမှုများ
ရှိနေသည်ဟု လေ့လာသူများက ယုံကြည်ကြပါသည်။
ကိုယ်စားပြုဒီမိုကရေစီစနစ်နှင့် ဤစနစ်မှ
ပေါက်ဖွားလာသော သမ္ဘာရင့် နိုင်ငံရေးသမားတို့တွင် အားနည်းချက်တစ်ရပ် ရှိကြောင်း ၀န်ခံရပေလိမ့်မည်။
ယင်းမှာ ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် လိုအပ်သော အရည်အချင်းနှင့် တိုင်းပြည်ကို
ထိရောက်စွာ အုပ်ချုပ်ရာတွင် လိုအပ်သောအရည်အချင်းတို့ မတူ ညီကြသည့် အချက်ပင်ဖြစ်သည်။
သတင်းခေတ် ဟု ခေါ်ဆိုနိုင်လောက်သည့် ယခုခေတ်၌ ရုပ်မြင်သံကြား၊ မဂ္ဂဇင်း၊ သတင်းစာ စသည်တို့တွင်
အမြင်တင့်တယ်စေရန်မှာ နိုင်ငံရေးသမားတို့အတွက် အထူးအရေးကြီးပါ သည်။ သို့ရာတွင် တည်ကြည်ခန့်ငြားသော
ရုပ်သွင်ရှိရုံဖြင့် တိုင်းပြည်တစ်ပြည်ကို ကောင်းမွန်စွာအုပ်ချုပ်နိုင် လောက်သည့် အရည်အချင်းရှိသည်
ဟု မဆိုနိုင်ပါ။ ၁၉၈၁ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန်သမတ ဖြစ်ခဲ့သော ရုပ်ရှင်နှင့်
ရုပ်မြင်သံကြားသရုပ်ဆောင်ဟောင်း ရိုနယ်ရီဂင်သည် သမတဆန်သော ရုပ်သွင်ရှိခဲ့သော ကြောင့်
မဲဆန္ဒရှင်တို့၏ ယုံကြည်မှုကို ရရှိခဲ့သည်။ သို့ရာတွင် နောက်ဆုံးစစ်တမ်းအရ ရေဂင်အစိုးရအဖွဲ့၏
အရည်အချင်းနှင့် သမတရေဂင်ကိုယ်တိုင်၏ ခေါင်းဆောင်ကောင်းပီသမှုမှာ အများထင်သည်ထက် ညံ့ဖျင်း
ကြောင်း သိရှိခဲ့ရပါသည်။ သို့ရာတွင် အမေရိကန်နိုင်ငံ၏ အတော်ဆုံး သမတတစ်ဦးဟု အများကယူဆခဲ့ကြ
သည့် အေဘရာဟင်လင်ကွန်းသည် ဆွဲဆောင်မှုကောင်းသော ရုပ်ရည်မရှိခဲ့သည့်အပြင်၊ လူထုရှေ့၌
စကားပြောကောင်းသူ တစ်ဦးလည်း မဟုတ်ခဲ့ပါ။ ထို့ကြောင့် ရုပ်သွင်ကို အဓိကထားသော ယနေ့ခေတ်
ရုပ်မြင် သံကြားခေတ်တွင်သာ လင်ကွန်းအနေဖြင့် သမတအရွေးခံပါက အောင်မြင်ဖွယ်ရာအကြောင်းမရှိဟု
နိုင်ငံရေးသိပ္ပ္ပံပညာရှင်များက ယူဆကြပါသည်။
ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် သာမန်နိုင်ငံသားတို့သည်
ရွေးကောက်ပွဲဖြင့် သူတို့ရွေးချယ်လိုက် သော ကိုယ်စားလှယ်လောင်းများကို သူတို့၏ ကိုယ်စားတိုင်းပြည်ကို
အုပ်ချုပ်ရန် အချိန်အကန့်အသတ် တစ်ခုဖြင့် ခွင့်ပြုကြသည်။ ထိုအချိန်လွန်သောအခါ ရွေးကောက်ပွဲသစ်တစ်ခု
ထပ်မံကျင်းပ၍ ကိုယ်စား လှယ်အသစ်များ (တစ်ခါတစ်ရံ ကိုယ်စားလှယ်ဟောင်းများ) ကို ရွေးချယ်ကြပြန်သည်။
နိုင်ငံအုပ်ချုပ်သူအား သမားတော်နှင့် နှိုင်းယှဉ်သုံးစွဲခဲ့သော ပလေတို၏ စကားသည် တစ်နည်းတစ်ဖုံ
မှန်ကန်လျက် ရှိနေဆဲ ဖြစ်ပါသည်။ လူတစ်ဦး သည် နေထိုင်မကောင်းပါက သက်သာပျောက်ကင်းလိုသည့်
သဘောဖြင့် ဆရာဝန်တစ်ဦးထံသို့ သွား၍ ဆေးကုသခံပေလိမ့်မည်။ သက်သာပါက ထိုဆရာဝန်ထံတွင်
ရောဂါအမြစ်ပြတ်သည်အထိ ဆက်လက်၍ ကုသ ခံပေလိမ့်မည်။ အကယ်၍ ရောဂါမသက်သာလျှင် ဖြစ်စေ၊ ပိုမိုဆိုးဝါးလာလျှင်ဖြစ်စေ၊
အခြားဆရာဝန်တစ်ဦးဖြင့် ပြောင်းလဲကုသခံပေလိမ့်မည်။ ထိုနည်းတူစွာ ဒီမိုကရေစီနိုင်ငံတို့ရှိ
နိုင်ငံသားများသည် ယင်းတို့ တင်မြှောက်လိုက်သော ကိုယ်စားလှယ်များအပေါ် ကျေနပ်မှုမရှိပါက
နောင်လာမည့် ရွေးကောက်ပွဲ၌ ကိုယ်စား လှယ်အသစ်များကို ထပ်မံရွေးကောက်တင် မြှောက်ကြပါလိမ့်မည်။
ကိုယ်စားပြုဒီမိုကရေစီစနစ်တွင် အကျင့်ပျက်၍
အရည်အချင်းမပြည့်ဝသော လူညံ့အချို့ကို ရွေးကောက်ပွဲ တင်မြှောက်မိသည့်တိုင် ထိုသူတို့၏
နိုင်ငံရေးကံကြမ္မာသည် မဲဆန္ဒပေးသူတို့၏ လက်တွင် သာ ရှိပါသည်။ သို့ဖြစ်ရာ ရွေးကောက်ပွဲများ
တရားမျှတမှုရှိနေသရွေ့ ကာလပတ်လုံး နိုင်ငံသားတို့သည် သင့်တော် သော နိုင်ငံရေးခေါင်းဆောင်များကို
ရရှိကြပေလိမ့်မည် ဟုသာဆိုရပေမည်။
တရားမျှတသော ရွေးကောက်ပွဲများ၏
အရေးပါမှု
ခေတ်သစ်ရွေးကောက်ပွဲများတွင် သန်းပေါင်းများစွာသော ပြည်သူတို့သည်
နယ်မြေဒေသံအနှံ့မှ မဲဆန္ဒ ပေးကြခြင်းဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို
နည်းမျိုးစုံဖြင့် ဖောက်ဖျက်ကျူးလွန်မှုများ
ရှိနိုင်ပါသည်။ ကိုယ်စားလှယ်လောင်းများက သူတို့အတွက် မဲပေးမည့်သူများကို ငွေပေး၍
မဲဝယ်ခြင်းမျိုး ဖြစ်ပွား တတ်ပါသည်။ မဲဝယ်သည့်ဓလေ့ အရိုးစွဲနေပြီဖြစ်သော ဖီလစ်ပိုင်နိုင်ငံတွင်
လျှို့ဝှက်မဲပေးသည့်စနစ်ရှိသည့်တိုင် အောင် မဲဆန္ဒရှင်များသည် အကြွေးဆပ်သည့် သဘောဖြင့်
မဲဝယ်ထားသူ ကိုယ်စားလှယ်လောင်းများကိုသာ မဲ ပေးကြသည်။ မဲဝယ်သည့်ဓလေ့သည် ထိုင်းနိုင်ငံ
အပါအ၀င် အခြားတတိယကမ္ဘာ နိုင်ငံတို့တွင် တွင်ကျယ်နေ ဆဲဖြစ်သည်။ ၁၉ ရာစုနှစ် အမေရိကန်ပြည်ထောင်စုတွင်
နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံကူးပြောင်းနေ ထိုင်ကြသည့် ဆင်းရဲသားများ၏ မဲတို့ကို
ဝယ်ယူလေ့ရှိကြသည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် မဲဝယ်ခြင်း အပြင် အခြားသောလိမ်ညာနည်းများကိုလည်း
တွေ့နိုင်ပါသည်။ မှတ်ပံတင်ထားသည့် မဲဆန္ဒရှင်များ၏ မဲများ မဟုတ်ဘဲ ကိုယ်စားလှယ်လောင်းများက
တစ်နည်းနည်းဖြင့် ကြံဖန်ထည့်သွင်းလိုက်သော မဲပြားအပိုများကို လည်း မဲပုံးများတွင် တွေ့ရတတ်ပါသည်။
ဆိုင်ရာကိုယ်စားလှယ်လောင်းများကို မဲပေးဖွယ်မရှိသော မဲဆန္ဒရှင် များကို တရားမ၀င်သည့်နည်းဖြင့်
“မဲဆန္ဒရှင်များ အမည်စာရင်း” မှ ပယ်ဖျက်ပစ်ခြင်းမျိုးကိုလည်း ကြံတွေ့ရ တတ်ပါသည်။ မဲဆန္ဒရှင်များကို
အကြမ်းဖက်ခြိမ်းခြောက်ခြင်း မဲပုံးများကို ခိုးယူခြင်း၊ မဲပြားများကို ဖျက်ဆီးခြင်း
စသည်တို့လည်း ရှိတတ်ပါသည်။ ရွေးကောက်ပွဲနှင့် ပတ်သက်သော လိမ်ညာနည်းတို့မှာ အကန့်အသတ်မရှိပါ။
သို့ရာတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အလျဉ်အသိအမှတ်မပြုခဲ့သည့် န၀တ၏ နည်းမှာမူ
ပြိုင်စံရှား လောက်ပေသည်။
ရွေးကောက်ပွဲများ၌ လိမ်ညာခြင်း တရားမျှတမှုကင်းမဲ့ခြင်းတို့နှင့်
မကြာခဏ ကြုံတွေ့နေရ တတ်သည့် ဒီမိုကရေစီမျိုးကို နို်င်ငံသားတို့က ယုံကြည်လေးစားကြတော့မည်
မဟုတ်ပါ။ ရွေးကောက်ပွဲ ရလဒ်များတွင် လိမ်ညာမှုအတိုင်းအတာ ကြီးမားလာပြီဆိုပါက အစိုးရ၏
တရားဝင်မှုကို ပြည်သူတို့က သံသယဖြစ်လာပြီး ယုံကြည်မှုကင်းမဲ့လာတတ်ပါသည်။ သို့ဖြစ်ရာ ဒီမိုကရေစီအစိုးရများနှင့်
နိုင်ငံသားတို့ အတူတကွ ပူးပေါင်းကာ သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်လာစေရေးအတွက်
ကြိုးပမ်းဆောင်ရွက်ကြရန် အထူးရေး ကြီးပါသည်။ သို့မဟုတ်ပါက ဒီမိုကရေစီ၏ ရှင်သန်မှုကိုပင်
ထိခိုက်လာနိုင်ပါသည်။
ရွေးကောက်ပွဲများ၏ တရားမျှတမှုကို အာမခံနိုင်မည့်
နည်းလမ်းများစွာ ရှိပါသည်။ ရွေးကောက်ပွဲလုပ် ငန်းစဉ်များ၏ တရားမျှတမှုကို အတည်ပြုနိုင်ရန်
အတွက် ဘက်လိုက်မှုကင်းမဲ့သော ရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကို ရိုးသား၍ သမာသမတ်ကျသော
အဖွဲ့ဝင်များဖြင့် အစိုးရက ဖွဲ့စည်းပေးနိုင်ပါသည်။ သို့မဟုတ် နိုင်ငံသားများကိုယ်တိုင်
ဦးစီး၍ အစိုးရလက်အောက်ခံမဟုတ်သော အဖွဲ့များဖွဲ့ကာ ရွေးကောက်ပွဲလုပ်ငန်းစဉ် များအား
စောင့်ကြပ်ခြင်း မသမာမှုများကို ထုတ်ဖော်ခြင်း စသဖြင့် ပြုလုပ်နိုင်ပါသည်။ ဥပမာ ဖိလစ်ပိုင်နိုင်ငံတွင်
“လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု” အမည်ရှိ အဖွဲ့အစည်းတစ်ရပ်တည်ထောင်
ကာ ရွေးကောက်ပွဲမသမာမှုများ အရိုးစွဲနေသည့်ကြားမှ တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရန်
အဓိက အခန်းကဏ္ဍမှ တာဝန်ယူ ကြိုးပမ်းဆောင်ရွက်နေပါသည်။ အချို့ကိစ္စရပ်များတွင် နိုင်ငံခြားမှ
လေ့လာသူ များ- ဥပမာ ကုလသမဂ္ဂ ကိုယ်စားလှယ်များကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များအား စောင့်ကြပ်ပေးရန်
အစိုးရက ဖိတ်ခေါ်ခြင်းအားဖြင့် ရွေးကောက်ပွဲများ၏ တရားမျှတမှုကို အတည်ပြုနိုင်ပါသည်။
အချို့သော နိုင်ငံရေးခေါင်း ဆောင်များက ဤကိစ္စသည် အမျိုးသားလွတ်လပ်ရေးကို ထိပါးစေသော
ကိစ္စဖြစ်သည်ဟု ဆိုလာနိုင်ဖွယ်ရှိ သော်လည်း ဒီမိုကရေစီအတွေ့အကြုံနည်းပါးပြီး ရွေးကောက်ပွဲမသမာမှုများ
ဖြစ်ပွားလေ့ရှိသော နိုင်ငံမျိုး၌ ဘက်လိုက်မှုကင်းမဲ့သည့် နိုင်ငံခြားလေ့လာသူများ၏ အတည်ပြုချက်သည်
ရွေးကောက်ခံရသော အစိုးရ၏ တရားဝင်မှုကို မြှင့်တင်ပေးရာ၌ အရေးပါအရာရောက်လေ့ ရှိပါသည်။
ဒီမိုကရေစီအစိုးရများ၏
လုပ်ငန်းဆောင်ရွက်ပုံ
ခေတ်သစ်ကမ္ဘာရှိ အစိုးရများကို သရုပ်ခွဲကြည့်သောအခါ ယင်းတို့တွင်
ခြားနားသော လုပ်ငန်းတာဝန် သုံးရပ် (အာဏာသုံးရပ်) နှင့် ၄င်းတာဝန်များကို အကောင်အထည်ဖော်နိုင်ရန်အတွက်
ဌာနကြီးသုံးရပ်ရှိသည် ကို တွေ့ရပေမည်။ ယင်းတို့ကို “လုပ်ငန်းတာဝန်” အားဖြင့် အုပ်ချုပ်ပိုင်ခွင့်အာဏာ
တရားဥပဒေပြုပိုင်ခွင့် အာဏာနှင့် တရားစီရင်ပိုင်ခွင့်အာဏာ ဟူ၍ ခွဲခြားနိုင်ပြီး၊ “ဌာနဆိုင်ရာ”
အားဖြင့် ဆိုရလျှင် အစိုးရ၏ ဌနများအဖြစ် အုပ်ချုပ်ရေးဌာန ဥပဒေပြုရေးနှင့် တရားစီရင်ရေးဌာန
ဟူ၍ ဖြစ်ပါသည်။ နိုင်ငံအားလုံးလိုလိုတွင် ဤဌာနသုံးရပ်၏ လုပ်ငန်းဆောင်တာများကို အခြေခံဥပဒေ၌
ထင်ရှားစွာ အဓိပ္ပါယ်ဖွင့်ဆိုထားလေ့ ရှိပါသည်။ အစိုးရက ထိုလုပ်ငန်းသုံးရပ်ကို လက်တွေ့အားဖြင့်
အကောက်အထည်ဖော်ဆောင်ရွက်ရာတွင် အတိုင်းအတာ တစ်ခုနှင့် တစ်ခု ယှက်နွယ်နေခြင်းများ ရှိတတ်ပါသည်။
အစိုးရ၏ အုပ်ချုပ်ရေးဌာနသည် မူဝါဒများကို
ချမှတ်၍ အကောင်အထည်ဖော်သည့် တာဝန်ကို ယူရပါ သည်။ နိုင်ငံရေးဦးဆောင်မှုတာဝန်ကိုလည်း
ယူရပါသည်။ ဥပမာ အမေရကန် ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဌာန တွင် သမတနှင့် ၄င်း၏ ၀န်ကြီးအဖွဲ့အပြင်
သမတက စီမံခန့်ခွဲသော အေဂျင်စီများနှင့် “အစိုးရ အမှုထမ်း ယန္တရား” (ဗျူရိုကရေစီ) တို့
ပါဝင်ပါသည်။ အစိုးရ၏ ဥပဒေပြုရေးဌာနသည် ဥပဒေများကို ရေးသား ထုတ်ပြန်၍ ယင်းဥပဒေများကို
အုပ်ချုပ်ရေးအဖွဲ့က ပြဌာန်းအတည်ပြုခြင်း အကောင်အထည်ဖော်ခြင်း တို့ကို ပြုလုပ်ပေးရပါသည်။
အမေရိကန် ပြည်ထောင်စု၏ ဥပဒေပြုရေးဌာနတွင် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော်
(House of Representatives) တို့ ပါဝင်ကြပါသည်။ နိုင်ငံအများစု၏ ဥပဒေပြုဌာန တွင် အောက်လွှတ်တော်နှစ်ရပ်
တည်ရှိလေ့ရှိပါသည်။ ဥပမာ ဗြိတိန်နိုင်ငံတွင် တွေ့ရသည့် House of Lords နှင့် House
of Commons တို့ ဖြစ်ကြပါသည်။ တတိယဌာန ဖြစ်သည့် တရားစီရင်ရေးဌာနကမူ အမှုအခင်းများကို တရားရုံးတော်သို့ တင်သွင်း၍ စီရင်ဆုံးဖြတ်သော
ကိစ္စကို ဆောင်ရွက်ရပါသည်။ ဒီမိုကရေစီနိုင်ငံ အများစုတွင် တရားစီရင်ရေးဌာနသည် အခြားသော
ဌာနနှစ်ရပ်တို့မှ သီးခြားကင်းလွတ်စွာ လုပ်ငန်းဆောင်ရွက်ပိုင်ခွင့် ရှိပါ သည်။ အချို့သော
ဒီမိုကရေစီနိုင်ငံများတွင်မူ အမြင့်ဆုံးတရားရုံးချုပ်၌ ဥပဒေပိုင်းဆိုင်ရာ “သုံးသပ်ပိုင်ခွင့်
အာဏာ” တည်ရှိပါသည်။ ထိုအာဏာအရ တရားစီရင်ရေးဌာနသည် ဥပဒေပြုရေးဌာနမှ ရေးဆွဲပြဌာန်းလိုက်
သည့် အချို့သော ဥပဒေများကို နိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နှင့် မညီညွတ်လျှင်
ဥပဒေအဖြစ်မှ ပျက်ပြယ်စေနိုင်ပါသည်။
အထက်တွင် ဆိုခဲ့ပြီးသကဲ့သို့ အုပ်ချုပ်ရေး၊
ဥပဒေပြုရေးနှင့် တရားရေးဌာန တို့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် ဆိုင်ရာ လုပ်ပိုင်ခွင့်နယ်ပယ်ကို
တိတိကျကျ ပိုင်းခြားရန် မလွယ်ကူပဲ တစ်ခုနှင့် တစ်ခု ယှက်နွယ်နေခြင်းမျိုးကို ကြုံတွေ့ရတတ်ပါသည်။
ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၏ အုပ်ချုပ်ရေးဌာနမှ သမတနှင့် သူ၏ အကြံပေးအရာရှိများက
ဥပဒေကြမ်းတစ်ခုကို ရေးဆွဲ၍ ဥပဒေပြုဌာန (လွှတ်တော်နှစ်ရပ်)
သို့ တင်သွင်းရပါသည်။ အုပ်ချုပ်ရေးဌာနကပင် နိုင်ငံတော်၏ အသုံးစရိတ်ငွေစာရင်း အဆိုပြုလွှာ
(ဘတ်ဂျက်) ကို ရေးဆွဲ၍ ဥပဒေပြုရေးဌာနသို့ တင်သွင်းကာ အတည်ပြုချက် ရယူရပါသည်။ ဂျပန်
နိုင်ငံရေးတွင်လည်း အုပ်ချုပ်ရေးဌာနနှင့် တွဲဖက်ထားသော အေဂျင်စီများမှ အရာရှိများက
ဥပဒေ ကြမ်းပြုစု၍ ဒိုင်းယက်လွှတ်တော် (ပါလီမန်) သို့တင်သွင်းရပါသည်။ ဒိုင်းယက်လွှတ်တော်က
ဤဥပဒေ ကြမ်းကို အနည်းငယ် မျှ ပြင်ဆင်ကာအတည်ပြု ပေးလေ့ရှိပါသည်။ တစ်ဖန် အမေရိကန် ပြည်ထောင်စု၏
တရားစီရင်ရေးဌာနတွင် ကျင့်သုံးသော “ဥပဒေပိုင်းဆိုင်ရာ သုံးသပ်ပိုင်ခွင့်အာဏာ” သည် ဥပဒေများကို
ဖွဲ့စည်းပုံအခြေံဥပဒေနှင့် မညီညွတ်ဟု ဆိုကာ ပျက်ပြယ်စေနိုင်သဖြင့် အဆိုပါ အခွင့်အာဏာသည်
ဥပဒေပြုခြင်းနှင့် ပတ်သက်နေသည် ဟု ဆိုနိုင်ပါသည်။
အာဏာများခွဲဝေခြင်း
အာဏာများကို ခွဲဝေသည့် အယူအဆသည် အမေရိကန်နိုင်ငံ၏
နိုင်ငံရေးကဏ္ဍများ ဖြစ်ပေါ်တိုးတက် ရေးနှင့် နီးကပ်စွာဆက်နွယ်ပတ်သက်နေပါသည်။ သို့သော်
ဒီမိုကရေစီအစိုးရများတွင် ဤသို့အာဏာများခွဲဝေ ခြင်းကို ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တွေ့ရှိနိုင်ပါသည်။
ဤစနစ်၏ အဓိကရည်ရွယ်ချက်မှာ အစိုးရ၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဌာနကြီး
သုံးရပ်တို့သည် လွတ်လပ်သော အခွင့်အာဏာများကို ပိုင်ဆိုင်ကြခြင်း ဖြင့် အစိုးရ၏ လုပ်ငန်းဆောင်တာများကို
ဌာနတစ်ရပ်ရပ်က လုံးဝလွှမ်းမိုးသွားမည့် ဖြစ်ရပ်မျိုး မပေါ်ပေါက်စေ ရန် ဖြစ်သည်။ ၁၈ ရာစုနှစ်နှောင်းပိုင်းတွင်
အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့ကြသည့် ခေါင်းဆောင် များက လူတို့သည် အတ္တလွန်ကဲပြီး
အာဏာမက်မောတတ်သည့် သဘာဝရှိသောကြောင့် နိုင်ငံသားတို့၏ ကောင်းမြတ်သောစိတ်ထားကို ယုံကြည်ကိုးစားသည်ထက်
ဌနအလိုက် အခွင့်အာဏာများကို ခွဲဝေပေးကာ ၀ိရောဓိ သဘောဆန်သည့် မျှခြေတစ်ရပ်ဖန်တီးထားခြင်းဖြင့်
လူတစ်ဦးတစ်ဖွဲ့က သြဇာအာဏာမတန်တဆ ကြီးထွားရမ်းကားလာမှုကို ကာကွယ်ထားခြင်းက ပို၍ အမြော်အမြင်ကြီးရာ
ရောက်သည်ဟု ယုံကြည်ခဲ့သော ကြောင့် ဖြစ်သည်။ အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင်တစ်ဦးက
ယခုလိုဆိုခဲ့ဖူးပါသည်။ “အာဏာဟူသည် ခွဲဝေထားထိုက်သည်။ နိုင်ငံရေးအချုပ်အခြာအာဏာကို အစိုးရ၏
ဌာနခွဲသုံးခုအား မျှဝေပေးခဲ့ခြင်းမှာ ထိုဌနခွဲ များအချင်းချင်းအကြားတွင် ပဋ္ဋိပက္ခရှိနေစေရန်
တမင်တကာ ရည်ရွယ်၍ မျှဝေပေးခဲ့ခြင်းဖြစ်သည်။ ဌာနခွဲတစ်ခု စီကို တာဝန်ယူနေကြသူတို့ ၏
အတ္တအကျိုးစီးပွားအပေါ် မူတည်၍ ဖြစ်ပေါ်လာသော ဤပဋ္ဋိပက္ခသည် လူများစု ၏အနိုင်ကျင့်မှုအပါအ၀င်
မတရားမှုနှင့် ရက်စက်မှုတို့ကို အကာအကွယ်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့၍ ဤသို့ ခွဲဝေပေးခဲ့ခြင်း
ဖြစ်သည်။ (James Q. Wilson, American Government, p.25)
အမေရိကန်နိုင်ငံရေးစနစ်တွင် သမတ (အုပ်ချုပ်ရေးကဏ္ဍ)
သည် ကွန်ဂရက်လွှတ်တော် (ဥပဒေပြုရေး) နှင့် လွတ်လပ်စွာ တည်ရှိသည်။ အကြောင်းမှာ သမတကို
ဥပဒေပြုရေးကဏ္ဍမှ ရွေးချယ်ခဲ့ခြင်း မဟုတ်ပဲ ပြည်သူတို့က တိုက်ရိုက်ရွေးချယ်ခဲ့ခြင်းကြောင့်
ဖြစ်သည်။ ထို့အပြင် ၀န်ကြီးအဖွဲ့ဝင်များကို ဥပဒေပြု ရေးဌာနက ခန့်အပ်ခဲ့ခြင်းမဟုတ်ဘဲ
သမတက ခန့်အပ်ခြင်း ဖြစ်ပါသည်။ ကွန်ဂရက်လွှတ်တော်မှ ထုတ်ပြန်လိုက်သော ဥပဒေများကို သမတက
အတည်ပြုမှသာ ဥပဒေအရာက်မြောက်ပါသည်။ သို့ရာတွင် ကွန်ဂရက်လွှတ်တော်မှ တင်သွင်းလာသော ဥပဒေတစ်ရပ်ကို
သမတက တစ်ချက်လွှတ်အာဏာဖြင့် ပယ်ချပြီး ဖြစ်သည့်တိုင် ကွန်ဂရက်လွှတ်တော်၏ အမတ်ဦးရေသုံးပုံနှစ်ပုံက
ယင်းဥပဒေကို လိုလားထောက်ခံပါက သမတ၏ အာဏာကို လွန်ဆန်၍ ထိုဥပဒေကို ပြန်လည်အတည်ပြုနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံးတရားစီရင်ရေးစနစ်ဖြစ်သော တရားရုံးချုပ် တရားသူကြီးများကို
သမတက ခန့်အပ်သော်လည်း ကွန်ဂရက်လွှတ်တော်၏ အတည်ပြုချက်ရပြီးမှာသာ ထိုသို့ခန့်အပ်နိုင်ပါသည်။
သို့သော် ထိုတရားသူကြီးများ သည် တရားရုံးချုပ်၏ အဖွဲ့ဝင်များဖြစ်လာကြသည်နှင့် အရည်အချင်းချို့တဲ့လွန်းသည့်
ကိစ္စများမှလွဲ၍ ၄င်းတို့ အား တာဝန်မှ အနားပေးပိုင်ခွင့် မရှိတော့ပေ။ ထိုနည်းတူစွာ ကွန်ဂရက်လွှတ်တော်အနေနှင့်
သမတ တစ်ဦးအား ရာထူးမှ ဖြုတ်ချရန်ဆိုသည်မှာ ထိုသမတအား ရာဇ၀တ်ကြောင်းဆိုင်ရာ စွဲချက်အခိုင်အလုံဖြင့်
နည်းလမ်းတကျ မဆောင်ရွက်ဘဲ ဖြုတ်ချပိုင်ခွင့် မရှိပါ။
ဤသို့အာဏာကို ခွဲဝေကျင့်သုံးသော စနစ်ကြောင့်
အစိုးရ၏ ဌနခွဲများအတွင်း ပဋ္ဋိပက္ခများ အမြဲတစေ ရှိနေတတ်ပါသည်။ ထို့ကြောင့် ဤစနစ်ကို ကျင့်သုံးခြင်းဖြင့်
နိုင်ငံရေးမတည်မငြိမ်ဖြစ်စေသည်ဟု ယူဆခံရဖွယ် ရှိသည်။ သို့ရာတွင် ဌာနတစ်ခုနှင့်တစ်ခု
အကြား ပဋ္ဋိပက္ခ ဖြစ်ပွားမှုများတွင်လည်း ပြတ်သားတိကျသော အကန့် အသတ်ရှိပါသည်။ ထို့ကြောင့်ပင်
အမေရိကန်နိုင်ငံရေးစနစ်သည် ကမ္ဘာ့အတည်ငြိမ်ဆုံး နိုင်ငံရေးစနစ်များ အနက် တစ်ခု ဖြစ်နေရခြင်းဖြစ်သည်။
ဤနေရာတွင် အာဏာခွဲဝေမှုစနစ်ကို ကျင့်သုံးသည့်
အသွင်ဖြင့် ဌာနခွဲသုံးခုပါဝင်သည့် အစိုးရဖွဲ့ထား သော်လည်း ထိုဌာနများ၌ သီးခြားလွတ်လပ်သော
အာဏာမရှိသည့် အစိုးရတစ်ရပ်ကို လေ့လာသင့်သည်ဟု ယူဆမိပါသည်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ
ဦးနေ၀င်း ဖွဲ့စည်းခဲ့သည့် အစိုးရတွင် နိုင်ငံတော်ကောင်စီ နှင့် ၀န်ကြီးအဖွဲ့သည် အစိုးရ၏
“အုပ်ချုပ်ရေးဌာန” ပြည်သူ့လွှတ်တော်သည် “ဥပဒေပြုရေးဌာန” ဒေသဆိုင်ရာ တရားရုံးအဆင့်ဆင့်၏
အမြင့်ဆုံးအဆင့်၌ ရှိသော ပြည်သူ့တရားစီရင်ရေးအဖွဲ့သည် “တရာစီရင်ရေးဌာန” အစရှိသဖြင့်
ပါဝင်ကြပါသည်။ သို့ရာတွင် ၁၉၄၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း တည်ရှိခဲ့သော မြန်မာ့နိုင်ငံရေး
စနစ်သည် စစ်မှန်သော အာဏာခွဲဝေရေးစနစ်ကို ကျင့်သုံးခဲ့သော နိုင်ငံရေးစနစ်မဟုတ်ပါ။ အကြောင်းမှာ
အာဏာရှင်ဖြစ်သော ဦးနေ၀င်းသည် အာဏာထက်မြက်လွန်းပြီး ၄င်း၏ အာဏာအား ယှဉ်ပြိုင်မည့် အခြားအာဏာဗဟိုချက်များအား
ပယ်ရှားပစ်ခဲ့ခြင်းနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တစ်ခုတည်းသော တရားဝါပါတီအဖြစ်
အုပ်ချုပ်ရေးဌာန နှင့် တရားစီရင်ရေးဌာန သုံးခုစလုံးအား ထိန်းချုပ်ထားသောကြောင့် ဖြစ်သည်။
ပြည်သူ့လွှတ်တော်သည် ဦးနေ၀င်းနှင့် သူ၏ မဆလပါတီက စေခိုင်းသမျှကို လိုက်လျောနေရသည့်
အာဏာမဲ့ ရုပ်သေးလွှတ်တော်တစ်ရပ်သာ ဖြစ်ခဲ့သည်။
ဒီမိုကရေစီအစိုးရ နှစ်မျိုးနှစ်စား
ပါလီမန်စနစ်နှင့် သမတစနစ်
အစိုးရ၏ ဌာနသုံးရပ်တို့ မည်သို့မည်ပုံ လုပ်ငန်းဆောင်ရွက်ကြသည်
ဆိုင်ရာတာဝန်ကို ယူနေကြသော ထိုဌာနများအချင်းချင်း
မည်သို့မည်ပုံဆက်သွယ်ဆောင်ရွက်နေကြသည်ဆိုသော ကိစ္စသည် နိုင်ငံအလိုက်ကွာ ခြားတတ်ပါသည်။
ဒီမိုကရေစီနိုင်ငံများ၌ တွေ့ရသော အစိုးရများကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။
(၁)
ကက်ဘိနက် သို့မဟုတ် ပါလီမန်အစိုးရစနစ်
ဤစနစ်တွင် အထွေထွေရွေးကောက်ပွဲအားဖြင့် ပါလီမန်၌
အမတ်နေရာအများစု ရရှိထားသောပါတီက ၀န်ကြီးချုပ်ဦးဆောင်သည့် ကက်ဘိနက်အစိုးရကို ဖွဲ့စည်းသည်။
ဤကက်ဘိနက်အစိုးရသည် အုပ်ချုပ်ရေးတာ ၀န်သာမကဥပဒေပြုရေးကိုပါ တာဝန်ယူရပါသည်။ ဤအစိုးရက
တင်သွင်းသော ဥပဒေကြမ်းများကို အမတ်အများစုအား ကိုယ်စားပြုသောပါတီ သို့မဟုတ် မဟာမိတ်ဖွဲ့ထားသော
ပါတီများ၏ ထောက်ခံမှုဖြင့် ပါလီမန်၌ အတည်ပြုလေ့ရှိသည်။ ပါလီမန်အစိုးရ (သို့မဟုတ်) ကက်ဘိနက်အစိုးရအဖွဲ့၏
ဝိသေသ နှစ်ရပ်မှာ - (၁) ပါလီမန်တွင် အမတ်အများစုပါတီ သို့မဟုတ် တည်ငြိမ်သော ညွန့်ပေါင်းပါတီများတည်ရှိခြင်းနှင့်
(၂) အမတ် အများစုပါတီက ရွေးချယ်လိုက်သော ကက်ဘိနက် သို့မဟုတ် အစိုးရအဖွဲ့တို့ တည်ရှိခြင်းဖြစ်သည်။
ကက်ဘိနက်အစိုးရပုံစံအတွက် အကောင်းဆုံးဥပမာမှာ ဗြိတိသျှနိုင်ငံ (ယူနိုက်တက်ကင်းဒမ်း)
၏ အစိုးရအဖွဲ့ ဖြစ်သည်။ ဗြိတိသျှ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံများတို့၌လည်း အလားတူစနစ်မျိုးကို
ကျင့်သုံးခဲ့ကြသည်။ ဗြိတိသျှနိုင်ငံရေးစနစ်တွင် ဘုရင်သို့မဟုတ် ဘုရင်မသည် တရားဝင် နိုင်ငံ့ဦးသျှောင်းဖြစ်သော်လည်း
ယင်းသည် သင်္ကေတသဘော၊ မင်းခမ်းမင်းနားတက်ရုံ သဘောမျှသာဖြစ်၍ သူ့တွင် စစ်မှန်သော နိုင်ငံရေးအာဏာမရှိပါ။
ပါလီမန်စနစ်ကို ကျင့်သုံးသည့်အခြားနိုင်ငံများ ဥပမာ အိန္ဒိယနိုင်ငံတွင်လည်း သမတသည် တရားဝင်
ဦးသျှောင် ဖြစ်သည့်တိုင် စစ်မှန်သော နိုင်ငံရေးအာဏာမရှိပါ။
ကက်ဘိနက်သို့မဟုတ် ပါလီမန်ဒီမိုကရေစီစနစ်တွင်
အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်သည့် ၀န်ကြီးချုပ် သည် သူ့အား ပါလီမန်ရှိ အမတ်အများစုက ထောက်ခံနေသရွေ့
အခြေခံဥပဒေနှင့် ညီညွှတ်သောမူဝါဒများကို ချမှတ်ပိုင်ခွင့် ရှိပါသည်။ ပါလီမန်၌ အမတ်အများစုက
ဝန်ကြီးချုပ်နှင့် သူ၏ အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်း၍ ယင်းအဆို အောင်မြင်သွားလျှင်ဖြစ်စေ၊
အစိုးရအဖွဲ့၏ သတ်မှတ်ထားသော သက်တမ်း (ထုံးစံအားဖြင့် ၄ နှစ် သို့မဟုတ် ၅ နှစ်) ကုန်ဆုံးသွားလျှင်ဖြစ်စေ၊
အထွေထွေရွေးကောက်ပွဲကျင်းပပြီး ပါလီမန် ကို ပြန်လည်ဖွဲ့စည်းရပါမည်။
ပါလီမန်ဒီမိုကရေစီအစိုးရစနစ်တွင် ၀န်ကြီးချုပ်အား
ပြည်သူတို့က တိုက်ရိုက်ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ကြသည် မဟုတ်ပါ။ စင်စစ် ပြည်သူတို့က
အမတ်များကို ရွေးချယ်ပြီး ထိုအမတ်များက တဖန်ဝန်ကြီး ချုပ်ကို ရွေးချယ်ကြခြင်း ဖြစ်သည်။
ဗြိတိန်နိုင်ငံတွင် ၀န်ကြီးချုပ်ကို ဘုရင် သို့မဟုတ် ဘုရင်မက ခန့်အပ်သည် ဟု ဆိုသော်လည်း
၎င်းဝန်ကြီးချုပ်အား ပါလီမန်က ထောက်ခံမဲအများစုဖြင့်
ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
(၂)
သမတ အစိုးရစနစ်
အစိုးရဌနခွဲများတွင် အာဏာခွဲဝေထားသော စနစ်အား
ကက်ဘိနက်အစိုးရများထက် သမတအစိုးရများ တွင် ပိုမိုရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။
အထက်တွင် ဖော်ပြခဲ့သော ဥပမာကဲ့သို့ အမေရိကန်ပြည်ထောင်စု တွင် သမတကို ပြည်သူတို့က တိုက်ရိုက်ရွေးချယ်ပြီးလျှင်
သမတက သူ၏အတိုင်ပင်ခံ ၀န်ကြီးအဖွဲ့ကို ဖွဲ့စည်းရ ပါသည်။ တစ်ချိန်တည်းမှာပင် သမတအနေနှင့်
သူ၏မူဝါဒများကို အတိုက်အခံပြုနိုင်စွမ်းရှိပြီး ပြည်သူတို့က အလားတူ တိုက်ရိုက်ရွေးချယ်တင်မြှောက်လိုက်သော
လွတ်လပ်သည့် ဥပဒေပြုရေးအဖွဲ့ (လွတ်တော်နှစ်ရပ်) နှင့် အားပြိုင်ရလေ့ ရှိပါသည်။ သမတအစိုးရစနစ်၏
လိုအပ်ချက်များမှာ ခိုင်မာသော သမတရားထူးနှင့် အစိုးရ၏ ဌနခွဲများဖြစ်သည့် အုပ်ချုပ်ရေးကဏ္ဍနှင့်
ဥပဒေပြုရေးကဏ္ဍတို့အကြား အင်အားလွန်ဆွဲမှုတို့ ဖြစ်ပါသည်။ သမတ အစိုးရစနစ်သည် ပါလီမန်အစိုးရထက်
ပိုမိုတည်ငြိမ်ကောင်းမွန်လေ့ရှိသည်။ အုပ်ချုပ်ရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော သမတအား
ပုံမှန်သက်တမ်းတစ်ခုအတွက် ရွေးချယ်ခြင်းဖြစ်ရာ ထိုသက်တမ်းကုန်ဆုံး ပြီး ရွေးကောက်ပွဲအသစ်တစ်ရပ်
ကျင်းပမပြီးမချင်း သမတနှင့် သူ၏အစိုးရအဖွဲ့အား တာဝန်မှရုပ်သိမ်းပိုင်ခွင့် မရှိချေ။
ပါလီမန်အစိုးရစနစ်တွင်မူ အစိုးရအား အယုံအကြည်မရှိ အဆိုတင်သွင်း၍ ယင်းအဆိုရအောင်မြင်သွား
ပါက ၀န်ကြီးချုပ်နှင့် သူ၏ အစိုးရအဖွဲ့သည် ရာထူးမှ နှုတ်ထွက်ပေးရပါသည်။ ပါလီမန်တွင်
အမတ်အများစိုကို ကိုယ်စားပြုသော တောင့်တင်းသည့် ပါတီမရှိလျှင် ၀န်ကြီးချုပ်သည် အားနည်းသောညွန့်ပေါင်းပါတီများကို
မှီခို၍ အစိုးရဖွဲ့ရသောကြောင့် တည်ငြိမ်မှုလွန်စွာ နည်းပါးတတ်သည်။ ပါလီမန်တွင် အမတ်နေရာရထားကြသော
ပါတီတို့၏ မဟာမိတ်ဖွဲ့နိုင်မှု အင်အားချိန်ခွင်လျာ အပြောင်းအလဲပေါ်တွင် မူတည်၍ တည်ငြိမ်မှုနည်းပါးပြီး
သက်တမ်းတိုသော အစိုးရတို့ ပေါ်ပေါက်လေ့ရှိသည်။ ဒုတိယကမ္ဘာစစ်အပြီးမှစ၍ အီတလီနိုင်ငံတွင် အကြိမ်ပေါင်း ၄၀ ကျော်မျှ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သည်။
ပြင်သစ်နိုင်ငံတွင်လည်း ယခင်က တည်ငြိမ်မှုအလွန်နည်းပါးသော ပါလီမန်အစိုးရတစ်ရပ် တည်ရှိခဲ့ဖူးသည်။
သို့ရာတွင် ၁၉၈၅ ခုနှစ်တွင် ဗိုချုပ်ကြီး ချားလ်စ် ဒီဂေါ (General Charles De
Gaulle) က ပါလီမန်အစိုးရစနစ်ကို သမတအစိုးရစနစ်သို့ ပြောင်းလဲပစ်ခဲ့ ပြီးနောက် ပိုမိုတည်ငြိမ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ပါလီမန်အစိုးရကို ဗြိတိန်နိုင်ငံအပါအ၀င်
အခြားနိုင်ငံအချို့တွင် အထူးအဆင်ပြေစွာ ကျင့်သုံးနိုင်ခဲ့ပြီး တည်ငြိမ်သောအစိုးရများ
ပေါ်ပေါက်စေခဲ့သည်။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းအရင်းတစ်စိတ် တဒေသမှာ ဗြိတိန်နိုင်ငံရှိ
နိုင်ငံရေးပါတီများ၏ ထူးခြားသော သဘာဝကြောင့် ဖြစ်သည်။ နိုင်ငံရေးပါတီများ အကြောင်းကို
အခန်း၁၂ တွင် ဆက်လက်ဆွေးနွေးသွားပါမည်။
ဆက်လက်ဖေါ်ပြပါမည်။
ကက်နက်အေ မက်ကေးရေးသား၍
ဒေါင်းညိုဘာသာပြန်ဆိုသော
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
ဒီမိုကရေစီနိုင်ငံရေး၏ အခြေခံအုတ်မြစ်များ စာအုပ်မှ ကူးယူတင်ပြပါသည်။
0 comments:
Post a Comment