Monday, November 28, 2011

က ကညစ်ပေမှာခြစ် မဖြစ်ကြရအောင်

by cherrymyodaw on Monday, November 28, 2011 at 6:57am
 
ဒီခေတ်က နည်းပညာလွှမ်းမိုးတဲ့ ခေတ်ဖြစ်တယ်။နည်းပညာတိုးတက်မှုရှိမှ တိုင်းပြည်တိုးတက်နိုင်တယ်။ ဈေးရောင်းတာတောင်တိုးတက်တဲ့ ဈေးရောင်းနည်းအတတ်ပညာတွေ သုံးတတ်ဖို့ လိုအပ်လာတယ်။ သမားရိုးကျ 'ဆန်ပေးဆေးယူ' ဈေးရောင်း နည်းတွေနဲ့တင် အလုပ်မဖြစ်တော့ဘူး။

အာရှရဲ့ ထိပ်ဆုံးက

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ ကိုလိုနီခေတ်ကတောင် အာရှတိုက်တစ်ခုလုံးမှာ ထိပ်ဆုံးကရှိတဲ့ ပညာရေးစနစ်ဖြစ်တယ်။ စာတတ်မြောက်မှုရာနှုန်းမှာဆိုရင် အာရှသာမကဘူး ဥရောပနိုင်ငံတချို့ထက်တောင် မြင့်မား ခဲ့တယ်။
ဥရောပနိုင်ငံတွေမှာ မြို့တော် ကြီးက မှူးမျိုးမတ်နွယ်တွေနဲ့ လူကုံ ထံသားသမီးတွေသာ အိမ်မှာဆရာထားပြီး စာသင်ကြားခွင့်ရကြပေမယ့် မြန်မာပြည်က ကျေးလက်တောရွာတွေမှာတော့ တောင်သူလယ်သမား ဆင်းရဲသား သားသမီးတွေအားလုံး ဘုန်းတော်ကြီးကျောင်းတွေမှာ အခမဲ့ပညာ  သင်ကြားနိုင်ခဲ့ကြတယ်။ အဲဒါကြောင့် မြန်မာအမျိုးသမီးအများစုဟာ သေစာရှင်စာလောက်တော့ တတ်ကြတယ်။ လက်မှတ်ထိုးတဲ့နေရာမှာ ကြက်ခြေခတ်စရာမလိုဘူး။ မြန်မာပြည်က မယ်ခွေလို အမျိုးသမီးစာဆိုတွေ စာပလွေရင်မှာပိုက်ပြီး ကဗျာလင်္ကာတွေ ရေးဖွဲ့နေချိန်မှာ ဥရောပ နိုင်ငံအတော်များများမှာ အမျိုးသမီးတွေ ပညာသင်ကြားခွင့်ရရေးအတွက် တိုက်ပွဲဝင်နေရဆဲ ဖြစ်တယ်။

ကွမ်းယာဆိုင်တောင်မကျန်

၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီး မကြာမီမှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းမှန်သမျှ ကွမ်းယာဆိုင်တောင်မကျန် ပြည်သူပိုင်သိမ်းလိုက်တယ်။ သာသနာပြုကျောင်းတွေနဲ့ ပုဂ္ဂလိကကျောင်းတွေအားလုံး လည်း သိမ်းပစ်လိုက်တယ်။ အဲဒီအချိန်ကစပြီး ပညာရေးအဆင့်အတန်းဟာ တရိပ်ရိပ်ကျဆင်းသွားခဲ့ရတယ်။ ပညာရေးစနစ်တွေက မတည်ငြိမ်ဘဲ ခဏခဏအပြောင်းအလဲဖြစ်နေတဲ့ဒဏ်ကို ကျောင်းသားတွေ မရှုမလှ ခံခဲ့ကြ ရတယ်။ ဆရာ၊ ဆရာမတွေလည်း 'ခုတစ်မျိုးတော်ကြာတစ်မျိုး'ပေါ်လစီမူဝါဒတွေကြောင့် မလုပ်တတ်၊မကိုင်တတ်ဖြစ်ပြီး လက်မှိုင်ချ နေကြရတယ်။ ကြားထဲကအချောင် နာမည်ပျက်တာပဲ အဖတ်တင်တယ်။

မရှိမဖြစ်ကျူရှင်

အပြောင်းအလဲများတဲ့ ပညာရေးစနစ်ကြောင့် ကျူရှင်တွေ ပေါ်ပေါက်လာရတယ်။ မရှိမဖြစ် အနေအထားမျိုးထိ ရောက်သွားတယ်။ အစိုးရ ကျောင်းက ဆရာ၊ ဆရာမတွေလည်း  ကျူရှင်ရေစီးထဲ မျောပါလာကြတယ်။ ဒီမှာတင် အားလုံးက ဆရာ၊ ဆရာမ တွေကို ၀ိုင်းပြီးလက်ညှိုးထိုးကြတယ်။ တကယ်တော့ ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မပေးချင်ပါဘူး။ ကျောင်းမှာ ကျောင်းတက်ခေါင်းလောင်းထိုးချိန်ကစပြီး ကျောင်းဆင်းခေါင်းလောင်း ထိုးချိန်အထိ တစ်တန်းဝင်တစ်တန်းထွက် မနားတမ်း သင်ကြားနေရတာဆိုတော့ ညနေစောင်းတာနဲ့ ခြေကုန် လက်ပန်းကျပြီး မောဟိုက်နေပါပြီ။ အိမ်မှာခြေပစ်လက်ပစ် နားနေချင်တဲ့ သူချည်းပါပဲ။ မတတ်သာလို့သာ နားချိန်ကလေးအဆုံးခံပြီး ကျူရှင်သင်ရတာပါ။ ဘယ်သူကသင်ချင်ပါ့မလဲ။ ငါ့ဝမ်းပူဆာမနေသာဆိုတဲ့ အခြေအနေမျိုးသာမဟုတ်ရင် ဘယ်ဆရာ၊ ဆရာမမှ ကျူရှင်မသင်ပါဘူး။ မြန်မာ့ပညာရေး ဒီအခြေအနေထိ ကျဆင်းသွားရတာဟာ ဆရာ၊ ဆရာမတွေ ကျူရှင်ပေးလို့ မဟုတ်ပါဘူး။

တွေ့သမျှလူ ပါရဂူ

ဆရာ၊ ဆရာမတွေက ကျူရှင်ကို မွေးထုတ်လိုက်တာ မဟုတ်ဘူး။ ပညာရေးစနစ်ကြီးဟန်မကျလို့ ကျူရှင်တွေ ပေါ်ပေါက်လာရတာဖြစ်တယ်။ နောက်ဆုံးဘယ်လောက်ထိ အခြေအနေဆိုးလာသလဲဆိုရင် 'မြင်မြင်သမျှ ပါမောက္ခ၊ တွေ့သမျှလူပါရဂူ' ဆိုတဲ့စာ ချိုးတွေတောင် ပေါ်ပေါက်လာခဲ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ငါးဆယ်အတွင်း အစိုးရအဆက်ဆက်လက်ထက်တွေမှာ ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ညီလာခံတွေ အကြိမ်ကြိမ် ကျင်းပခဲ့ကြတယ်။ စာတမ်းတွေလည်း အများကြီးတင် သွင်း ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ သင့်တော်အပ်စပ်တဲ့၊ မှန်ကန်ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ရပ် ဒီနေ့ထိ မထူထောင်နိုင်သေးပါဘူး။

မကြားဖူးတာတွေ

ဒီနေ့ဒီအချိန်မှာတော့ နှစ်ငါးဆယ်လုံးလုံး ကျင့်သုံးလာခဲ့တဲ့ တစ်ပါတီတစ်ဖွဲ့စည်း အာဏာရှင်စနစ်ကို ထားရစ်ခဲ့ပြီး ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက်ဖြစ်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို စတင်လျှောက်လှမ်းဖို့ ခြေလှမ်းပြင်နေတာ မြင်တွေ့ရတယ်။ နှစ် ပေါင်းငါးဆယ်လုံးလုံး မကြားဖူးခဲ့တဲ့ ပြည်သူ့ဆန္ဒကို လေးစားရမယ်။ အမြင်ချင်းမတူသူတွေနဲ့တောင် မတူတာတွေထားပြီး တူတာတွေအတူတွဲလုပ်နိုင်အောင် နည်းလမ်းတွေရှာရမယ်။ စတုတ္ထမဏ္ဍိုင်ကို ကြံ့ခိုင်အောင် ထူထောင်ရမယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး စတဲ့စကားသံတွေ နေ့စဉ်ကြားလာရတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆွေးနွေးပွဲကြီးတွေလည်း တစ်ခုပြီးတစ်ခု ကျင်းပနေတာ တွေ့ရတယ်။

ကာယကံရှင်တွေမပါဘူး

ပညာရေးနဲ့ပတ်သက်လို့လည်း လွှတ်တော်ထဲမှာ မေးမြန်းဆွေးနွေးနေကြတာ ကြားရတယ်။ မကြာခင်မှာတော့ စီးပွားရေးဆွေးနွေးပွဲကြီးတွေ လုပ်ခဲ့သလို ပညာရေးဆိုင်ရာ ဆွေးနွေးပွဲကြီးတွေလည်း လုပ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ မြန်မြန်လုပ်လေ ကောင်းလေလို့ပဲ ပြောချင်ပါတယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အရင့်အရင် ခေတ်အဆက်ဆက်ကလုပ်ခဲ့တဲ့ ညီလာခံတွေလို အခရာအကျဆုံး အဓိကလူတွေကို ချန်ထားပစ်ခဲ့တာမျိုး မဖြစ်စေချင်ဘူး။ ရှေးကဆွေးနွေးပွဲကြီးတွေ ညီလာခံကြီးတွေ ကျင်းပတဲ့အခါ အ စိုးရဌာနဆိုင်ရာ အရာရှိကြီးတွေနဲ့ တက္ကသိုလ်က ပါမောက္ခကြီးတွေ၊ ဆရာ၊ ဆရာမကြီးတွေနဲ့ တခြားပညာရှင်ကြီးတွေကို ဖိတ်ကြားတက်ရောက်စေခဲ့တယ်။ တကယ့်ကာယကံရှင်တွေတော့ မပါဘူး။ လယ်မင်းသားတွေတောင်သူလယ်သမား ညီလာခံတွေမှာ တဘက်ကြီးတွေခေါင်းမှာ ပေါင်းထားတဲ့မြို့က အရာရှိကြီးတွေနဲ့ ပါတီကောင်စီဝင်တွေ၊ လယ်သမားယောင်ယောင်၊ စပါးပွဲစား၊ ပဲစားယောင်ယောင် 'လယ်မင်းသား' တွေချည်း တက်ရောက်ပြီး ရေးပေးထားတာတွေကို ဖတ်ကြ၊ ပြောကြတယ်။ လယ်သမားစစ်စစ်တွေမပါတော့ ပကတိအခြေအနေမှန်ကို ဘယ်လိုလုပ်သိမှာလဲ။ ဒီလိုနဲ့ပဲ အပ်နဲ့ထွင်းရမယ့်ကိစ္စတွေကို ပုဆိန်နဲ့ပေါက်ပြီး ရှင်းရတဲ့အဖြစ်မျိုးတွေ ဖြစ်လာရတာမဟုတ်လား။

ရင်ဖွင့်သံတွေ

အလုပ်သမားညီလာခံဆိုတာတွေလည်း အလားတူပဲ။ ဘာမှ မထူးဘူး။ အပြာရောင် အလုပ်သမားဝတ်စုံဝတ်ထားတဲ့ ညွှန်ချုပ်တွေ၊ ညွှန်မှူးတွေ၊ စက်ရုံမှူးတွေ၊ မန်နေဂျာတွေနဲ့ အလုပ်သမား အရာရှိတွေချည်းပဲ။ အဲဒီတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ အခြေ အနေမှန်ကို မသိရတော့ဘူး။ တစ်နှစ်လုံးရပ်ထားပြီး လူကြီးလာမှ စွမ်းအားပြည့်လည်ပြတဲ့ စက်ရုံမျိုးတွေကိုပဲ ဟုတ်လှပြီ ထင်နေကြတာ။ ဒါမျိုးတွေ မနေ့တစ်နေ့ကအထိတောင် မြင်တွေ့နေရသေးတယ်။ ဒီနေ့ဒီအချိန်မှာတော့ ဒါမျိုးတွေဆက်ပြီး ရှိမနေသင့်တော့ဘူး။ လယ်ယာစိုက်ပျိုးရေးကိစ္စတွေမှာ အညာက၊ မြစ်ဝကျွန်းပေါ်က၊ မြေလတ်က၊ ကမ်းရိုးတန်းက၊ တောင်ပေါ်ကစသဖြင့် ဒေသစုံက တောင်သူလယ်သမားစစ်စစ်တွေရဲ့ ရင်ဖွင့်သံတွေကြားရအောင် လုပ်ဖို့လိုတယ်။ အလုပ်သမားကိစ္စတွေမှာလည်း အလုပ်သမားစစ်စစ်တွေ မပါမဖြစ် ပါရပါမယ်။

ဆရာတွေကအသိဆုံး

လယ်ယာကိစ္စကို လယ်သမားထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အလုပ်သမားကိစ္စကို အလုပ်သမားက အသိဆုံးပဲ။ အလားတူပဲ ပညာရေးကိစ္စမှာလည်း လက်တွေ့သင်ကြားပေးနေရတဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားခံကျောင်းသူကျောင်းသားတွေ ထက် ဘယ်သူမှ ပိုမသိနိုင်ဘူး။ အဆင့်မြင့်နဲ့ အထက်တန်းပညာရေးကိစ္စ ဆွေးနွေးပွဲတွေမှာ လက်တွေ့သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေ မပါမဖြစ် ပါစေသင့်သလို အရွယ်ရောက်နေပြီဖြစ်တဲ့ အထက်တန်းနဲ့ အဆင့်မြင့်ပညာကျောင်းသားတွေရဲ့အသံတွေပါ ကြားနိုင်အောင် သူတို့ကိုလည်း ပါဝင်စေသင့်ပါတယ်။

လွတ်လပ်တဲ့ တက္ကသိုလ်ပညာရေး

ရှေးကတက္ကသိုလ်ဆီးနိတ်လို့ခေါ်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီမှာဝန်ကြီးချုပ်က အဓိပတိဖြစ်ပြီး ကျောင်းအုပ်ကြီးက ဒုတိယအဓိပတိ ဖြစ်တယ်။ ဘာသာရပ်အလိုက် ပါမောက္ခတွေက ဆီးနိတ်လူကြီးများအဖြစ်ပါဝင်ပြီး မြို့မိမြို့ဖကိုယ်စားလှယ် နဲ့ ကျောင်းသားများရဲ့ကိုယ်စားလှယ်အဖြစ် သမဂ္ဂဥက္ကဋ္ဌက ပါဝင်ရတယ်။ တက္ကသိုလ်အုပ်ချုပ်ရေး သင်ကြားရေးကိစ္စ အရပ်ရပ်ကို ဒီအဖွဲ့က လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တယ်။ အစိုးရက ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်ဘူး။

က ကညစ်ပေမှာခြစ်

ပညာရေးမှာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးက မူလတန်းပညာရေးဖြစ်တယ်။ တက္ကသိုလ်အဆင့် အထက်တန်းအဆင့်တွေနဲ့ အတူရောပြီး ဆွေးနွေးတာမျိုးမလုပ်ဘဲ မူလတန်းအဆင့်ပညာရေး ဆွေးနွေးပွဲ သီးသန့် လုပ်သင့်တယ်။ မူလတန်းဆရာ၊ ဆရာမတွေကိုပဲဦး စားပေး ဖိတ်ကြားပြီး စာတမ်းဖတ်တာ၊ ဆွေးနွေးတာတွေ လုပ်စေသင့်တယ်။ ပညာရေးတက္ကသိုလ် ကောလိပ်တွေက မူလတန်းပညာသင်ကြားရေးဆိုင်ရာ ဆရာ၊ ဆရာမတွေကလည်း ခေတ်မီသင်ကြားရေး နည်းစနစ်နဲ့ပတ်သက်တဲ့ စာတမ်းတွေတင်တာ၊ ဟောပြော တာတွေ လုပ်စေသင့်တယ်။ မူလတန်းအတွက် ပြဋ္ဌာန်းစာအုပ်တွေ ရေးသားပြုစုတဲ့နေရာမှာလည်း ဒီပုဂ္ဂိုလ်တွေဟာ မပါမဖြစ်ပါသင့်သူတွေဖြစ်တယ်။ မူလတန်းကလေးတွေရဲ့အကြောင်းကို မူလတန်းဆရာ၊ ဆရာမတွေက အသိဆုံးဖြစ်တယ်။ ကလေးတွေအကြောင်းမသိသူတွေကို အရေး ခိုင်းတဲ့အတွက် ရှေးက 'က ကညစ်ပေ မှာခြစ်' ဆိုတဲ့ စာအုပ်မျိုးတွေ ထွက်ရှိလာတာဖြစ်တယ်။

ကညစ်ကို မမြင်ဖူးဘူး

'ကကြီးကစွန်းပင် ရေမှာရွှင်' ဆိုတဲ့ စာကဟုတ်နေပါလျှက်နဲ့ 'က ကညစ်ပေမှာခြစ်' လုပ်ပစ်လိုက်တော့ အားလုံး ဒုက္ခရောက်ကုန်ကြရော။ က ညစ်တို့၊ ပေတို့ဆိုတာ ကလေးတွေက ဘယ်လိုလုပ်သိမှာလဲ။ ကလေး မပြောနဲ့ သူတို့ကို သင်နေရတဲ့ဆရာမတွေ ကိုယ်တိုင်တောင် ကညစ်ကို မမြင်ဖူးသလို ပေရွက်ကိုလည်း မြင်ဖူးတာမဟုတ်ဘူး။ အဲဒါကြောင့် ကျောင်းသုံးစာအုပ်ပြုစုရာမှာ မူလတန်းဆရာ၊ ဆရာမတွေ မပါမဖြစ်ပါသင့်တယ်လို့ ပြောခဲ့တာဖြစ်တယ်။

လျောစီးသလို

အပြောင်းအလဲတစ်ခု ပြုလုပ်တဲ့အခါမှာ လှေကားထစ်တက်သလို တစ်ဆင့်ပြီးတစ်ဆင့် အထက်ကိုတက်သွားတဲ့ပုံစံနဲ့ သွားရပါတယ်။ ဒါမှ ချောချောမောမောနဲ့ လိုရာရောက်ပါတယ်။ လျောစီးသလိုအပေါ်ကအောက်ကို လျောချတဲ့ပုံစံနဲ့ သွားတာက ၀ရုန်းသုန်းကားနိုင်လှပြီး အခန့်မသင့်ရင် တလိမ့်ခေါက်ကွေးကျသွားတတ်ပါတယ်။ ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီပညာရေးစနစ်ဖြစ်ဖို့အတွက် အောက်ခြေကစဖို့ လိုအပ်ပါတယ်။ အလားတူပဲ တခြားနေရာတွေမှာလည်း အောက်ခြေကစပြောင်းလဲဖို့ လိုပါတယ်။ အပေါ်ပိုင်းပဲပြောင်းပြီး အောက်ပိုင်း အခြေခံက မပြောင်းဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒီမိုကရေစီဖြစ်မလာနိုင်ဘူးလို့ ပြောလိုက်ချင်ပါတယ်။

(လူထုစိန်ဝင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...