Wednesday, November 30, 2011

ကိုယ့်လမ်းကိုယ်သွားဦးကျော်သူ (၁)

by Kyaw Thu on Wednesday, November 30, 2011 at 10:28pm

(ဂီလာနပုဂ္ဂိုလ်တို့အား ပြုစုခြင်းသည် ငါဘုရားအား ပြုစုခြင်းမည်ပါပေ၏)
          (၃) ရက်သာဖွင့်လိုက်ပြီးအပိတ်ခံရမှုကြောင့် နာမည်ကျော်ခဲ့သောသုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့၏ ဖွင့်လှစ်ပွဲကို နိုဝင်ဘာ (၂၇) ရက်နေ့မှာကျင်းပမည်ဆိုသည့်အတွက် ကျွန်တော် အထူး စိတ်ဝင်စားခဲ့သည်။ သို့အတွက် နိုဝင်ဘာ (၂၆) ရက်နေ့ နံနက်စောစောထကာဦးကျော်သူဦးစီးသော နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများနှင့်အတူ ပြည်မြို့ခရီးသို့ လိုက်ပါခဲ့သည်။


          ပြည်မြို့တွင် ရွှေပေါက်ပင်တောရဆရာတော်ကြီးထံသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ (၁၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် လှူဒါန်းထားသော လှူဖွယ်ဝတ္ထုပစ္စည်းများအား ၂၆.၁၁.၂၀၁၁ ရက်နေ့ နေ့လည်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြ၀ါဒစရိယ ဆရာတော် ဘဒ္ဒန္တ သောမစာရထံသို့ ကပ်လှူခဲ့ကြသည်။ ၂၇.၁၁.၂၀၁၁ ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်တောရကျောင်း တိုက်တွင် နေ့စဉ်အာရုံတက်ချိန်တိုင်း ပြုလုပ်လေ့ရှိသော မြတ်စွာဘုရားမျက်နှာတော်သစ်ပေးခြင်း၊ သစ်သီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ဖြင့် ဗုဒ္ဓမြတ်စွယ်တော်များအားပူဇော်ဆက် ကပ်လှူဒါန်းခြင်း စသည့် ကောင်းမှုကုသိုလ်တို့ကိုနာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများစုပေါင်းကုသိုလ်ပြုခဲ့ ကြသည်ကိုတွေ့ခဲ့ရသည်။

          ထို့နောက် ပြည်မြို့က မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များဦးစီးသည့် နာရေးကူညီမှုအသင်း (ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်မြို့) ဖွင့်ပွဲနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုရေးအသင်းအဖွဲ့များတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားတစ်ရပ်ကိုလည်းနံနက် (၉း၀၀) နာရီအချိန်တွင်ကျင်းပမည်ဖြစ်သည့်အတွက် ကျွန်တော်တို့ ခေတ္တရာ (သရေခေတ္တရာပြည်မြို့) ခရီးသည် နာရေးကူညီမှုအသင်း(ရန်ကုန်) ကားများ ပြည်ခရိုင်အတွင်းရောက်သည်ဆိုသည်နှင့် မြို့အသီးသီးကပရဟိတအသင်းအဖွဲ့များ၏ ကြိုဆိုနှုတ်ဆက် မှုတွေကို ကြည်နူးဖွယ် တွေ့ကြုံခံစားရသည်။

          ကျွန်တော်တို့ နိုင်ငံအနေနှင့် ဗြဟ္မစိုရ်တရားထွန်းကားလွန်းသည်ဟုပင် ဆိုရလေမလား။ ဗြဟ္မစိုရ် တရားလက်ကိုင်ထားသောလူမှုရေးအသင်းအဖွဲ့တွေ၊ လူမှုရေးသမားတွေလည်းအများအပြား။ထိုလူမှုရေးအသင်းတွေ၊ လူမှုရေးသမားတွေ ကူညီစောင့်ရှောက်မှကိုဖြစ်မည့် လူမှုဒုက္ခအ၀၀ ကြုံတွေ့ခံစားရသူတွေကလည်းမနည်းမနော။ ဦးကျော်သူကတော့ “တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရင် အဲဒီလိုကူညီဖေးမမှုတွေ ပေးနေစရာမလိုတော့”ဟုဆိုဖူးသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)ဖြင့် နာရေးကူညီမှုတွေအပြင် သုခကုသိုလ်ဖြစ်ဆေးခန်းကြီးတည်ထောင်ပြီးကျန်းမာရေးကူညီမှုတွေကိုလည်းဆောင်ရွက်ပေးနေသူ ဖြစ်သည့်အတွက် သေသူရော၊ ရှင်သူတွေကိုပါ ကူညီနိုင်စွမ်းရှိသူဦးကျော်သူမှာကွက်လပ်တွေ ဖြည့်စွမ်းရင်းတိုင်းပြုပြည်ပြု ဆောင်ရွက်နေသူဟုပင် ဆိုနိုင်မည်ထင်၏။ ဒီနိုင်ငံမှာဦးကျော်သူကိုပရဟိတသူရဲကောင်းအဖြစ် လူထုထောက်ခံအားပေးချစ်မြတ်နိုးခြင်းကို ကျွန်တော် မအံ့သြတော့။ သို့သော် ကျွန်တော်အံ့သြမိသည်ကနတ်လူသာဓုခေါ်နိုင်မည့် ပရဟိတလုပ်ငန်းတွေ ဒီနိုင်ငံမှာလုပ်ရခက်ခဲနေခြင်းကိုပင်။

          မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်မြို့) ဖွင့်လှစ်ပွဲအချိန်အခါ သမယမှာတော့ ၀မ်းမြောက်ဝမ်းသာဖြစ် နေသော မြို့ခံလူထုနှင့်အတူ ပြည်ခရိုင်အတွင်းရှိ ဝေးလံသော မြို့ရွာများဆီကပင် ကျန်းမာရေးအစောင့်အရှောက်ရယူနိုင်ရန် တစ်ပင်တစ်ပန်းလာခဲ့ကြရရှာသူ ဝေဒနာရှင်တွေ၏ မျက်နှာပြင်တွေမှာစေတနာရှင်၊ မေတ္တာရှင် ပရဟိတလူမှုရေးသမားလူငယ်လေးများကိုအားကိုးတကြီးရှိမှုကိုသိသာစွာမြင်တွေ့ရသည်။ အနာဂတ်ကိုပိုင်စိုးမည့် သားကောင်းရတနာတွေ ယုံကြည်ချက်ဖြင့် ရဲရင့်နေမှုကို ကျွန်တော်ကြည့်ရှုရင်းကျေနပ်ပီတိရှိရသည်။
မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအဖွဲ့နှင့်အတူသုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)ကိုဦးဆောင်ကြသည့် သူတွေထဲမှာ လူငယ်ဆရာဝန်ငယ်လေးတွေကိုလည်း တွေ့ရသည်။ ဆရာဝန်ကြီးဒေါက်တာထွန်းနိုင်နှင့် ထိုဆရာဝန်လေးတွေမှာ ဝေဒနာရှင်များအပေါ် အထူးပင် မေတ္တာ၊ ဂရုဏာအပြည့် ကုသလေ့ရှိကြောင်းကိုလည်းလူနာနားနေဆောင်အတွင်းကစကားသံများသက်သေခံ လျှက်ရှိသည်။ ဥက္ကဋ္ဌ ဦးကျော်သူ၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက် ဦးဆောင်သောနာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် ကျင့်သုံးလျက်ရှိသောစည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်သည်ဟုသိရသည့် ပြည်မြို့ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်မြို့)ကိုဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ခံဆရာဝန်ကြီးဒေါက်တာထွန်းနိုင်တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက်မှာအလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပွဲကိုဆက်လက်ကျင်းပခဲ့ကြသည်။ အခမ်းအနားမှာမိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်အသင်း(ပြည်မြို့) ဥက္ကဋ္ဌ ဦးစိုးမိုးနိုင်၊ အတွင်းရေးမှူး ဦးညီညီအောင်၊ အလုပ်အမှုဆောင် ဦးကြည်အေးတို့ကဆိုင်ရာစကားတွေ ပြောဆိုရှင်းလင်းတင်ပြခြင်းဖြင့် သူတို့၏ လူမှုစိတ်ဓါတ်အပြည့် ဆောင်ရွက်နေမှုတွေကိုအပြည့်အ၀ပင် နားလည်သိရှိလိုက်ရပြန်သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ကျင်းပသောမိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအသင်း (ပြည်မြို့)မှာ ပြည်ခရိုင်အတွင်းရှိ လူမှုအထောက်အကူပြု ပရဟိတအဖွဲ့အစည်းများတွေ့ဆုံမိတ်ဆက်ပွဲအခမ်းအနားကလည်း ပြည်ခရိုင်အတွင်း မြို့ရွာ၊ ကျေးလက် လူမှုဒုက္ခအ၀၀ကို ပံ့ပိုးကူညီရင်းတိုင်းပြည်ရဲ့ ကွက်လပ်တွေကို ဖြည့်စွမ်းပေးနေကြသောပရဟိတအဖွဲ့အစည်းများ၏ လေးစားဖွယ် စိတ်ဓါတ်နှင့် စွမ်းဆောင်ချက်တွေကိုသိရှိရသည်။ ယင်းအခမ်းအနားသို့ ရန်ကုန်မြို့မှ ရောက်ရှိနေကြသည့် “နာရေးကူညီမှုအသင်း(ရန်ကုန်)”၊ ဒေသခံ “မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအသင်း(ပြည်မြို့)” တို့နှင့်အတူခေတ္တရာမြို့သစ်၊ ဇီးအုပ်မှ “ဆေးကမ္ဘာဆေးခန်းနှင့် စေတနာရှင်များအဖွဲ့”၊ ရွာဘဲရပ်ကွက် “အောင်သုခလူငယ်ဗြဟ္မစိုရ်အသင်း”၊ “ပွင့်လှသိမ်းကုန်း (အနောက်ရပ်ကွက်)”၊ဆံတော်ရပ်၊ ရွှေသမင်မျှော်လမ်း “ဖက်သကျင်းလူငယ် နာရေးကူညီမှုအသင်း”၊ “စာတိုက်တန်းလမ်းသာရေးနာရေးကူညီမှုအသင်း”၊ “မူယာပင်လူငယ်အသင်း (ကြက်ခေါင်းစားဓမ္မာရုံ)”၊ “စေတနာသမ္ဘာရနာရေးကူညီမှု အသင်း (န၀င်းကွတ်သစ်ဓမ္မာရုံ)”၊ “ရွှေတံခါးလူငယ် ပရဟိတလုပ်ငန်း”၊ “7 Days သွေးနှင့် ကလေးကူညီရေးအသင်း”၊ ပုတီးကုန်းမြို့မှ သဲကုန်းမြို့နယ် “စေတနာရှင်နာရေးကူညီမှုအသင်း”၊ “လူငယ့်အားမာန် ပရဟိတ”အဖွဲ့၊ “မေတ္တာရှင်ဆေးဝါးကုသိုလ်ပြုအဖွဲ့”၊ “ဇီဝိတ သွေးလှူရှင်အဖွဲ့”၊ ရွှေတောင်မြို့နယ်မှ “လွတ်လပ်ပီတိသွေးအလှူရှင်အသင်း”၊ “ထွေးမေတ္တာပရဟိတနာရေးကူညီမှုအသင်း”၊ ၀က်ထီးကန်မှ “၀က်ထီးကန် ပရဟိတလူငယ် နာရေးကူညီမှုအသင်း”၊ အင်းမမြို့ “အင်းမနာရေးကူညီမှုအသင်း”၊ ပြည်မြို့မှ “ဗုဒ္ဓနုဂ္ဂဟအခမဲ့နာရေးကူညီမှုအသင်း”၊ “မအဖ မြန်မာ့မွတ်စလင်အမျိုးသားရေးရာအဖွဲ့”၊ ပေါင်းတည်မြို့မှ “ပေါင်းတည် စေတနာနာရေးကူညီမှုအသင်း”၊ ဇီးကုန်းမြို့မှ “မေတ္တာရှင် အခမဲ့နာရေးကူညီမှုအသင်း”၊ “ဖြူစင်မေတ္တာကျန်းမာရေးစောင့်ရှောက်မှုအသင်း”၊ သဲကုန်းမြို့မှ “နာရေးကူညီမှုအသင်း (ဆင်မြီးဆွဲ)”၊ “နာရေးကူညီမှုအသင်း (သဲကုန်း)”၊ ပေါင်းတလည်မြို့မှ “နာရေးကူညီမှုအသင်း (ပေါင်းတလည်)”၊ ပန်းတောင်မြို့နယ်မှ “နာရေးကူညီမှုအသင်း (ဆင်တဲ)”၊ ရွှေတောင်မြို့မှ “ရွှေတောင်သက်ကြီးရွယ်အိုများစောင့်ရှောက်ရေးအသင်း”၊ “နာရေးကူညီမှုအသင်း (ယင်းမူကုန်းရွာ)၊ ”ဥသျှစ်ပင်မြို့မှ “ပရဟိတအသင်း”၊ “လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများကွန်ယက်” တို့ကတက်ရောက်ကြသည့်အတွက် ကြီးမားသောပရဟိတအင်အားတစ်ရပ်ကိုအားပါးတရ မြင်တွေ့ခဲ့ရသည်။ လေးစားသည်။ ယုံကြည်ချက်ဖြင့် ရဲရဲရင့်ရင့် ဆောင်ရွက်နေကြသူများအတွက် အားလည်းတက်သည်။
နာမည်ကျော် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)မြို့ ဖွင့်လှစ်ပွဲကြီးလည်းအောင်အောင်မြင်မြင် ပြီးခဲ့ပြီဖြစ်၍ နိုဝင်ဘာ (၂၈) ရက်နေ့တွင် ရန်ကုန်သို့ ပြန်လာခဲ့ကြသည်။

ယုံကြည်ချက်နှင့်ရဲရင့်သူများသို့ 
ကိုမျိုး (မြန်မာစာ)
၂၈.၁၁.၂၀၁၁






















0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...