Monday, November 28, 2011

“ဘ၀ရှေးဟောင်းက အကြောင်းကံဆုံတယ်”

by Soe Min on Monday, November 28, 2011 at 9:03pm
 
          လျှာအရိုးမရှိတိုင်း လျှောက်ရေးနေလိုက်တာ။ ဟိုနေရာရောက်လည်း ပျော်စရာကြီး။ ဒီနေရာရောက်တော့လည်း ပျော်စရာကြီးနဲ့။ `မှန်မှန်ပြောစမ်းပါ။ ဘယ်နေရာမှာ အပျော်ဆုံးလဲ။´ လို့ မေးလာတဲ့အခါကျတော့ ဟုတ်သားပဲ။ ငါ့လည်း ချေးကျရာပျော်တဲ့ သတ္တ၀ါဖြစ်နေပါပေါ့လား။ ဥစ္စာစောင့်များ လူစားလဲသလို ကိုယ့်နေရာအစားထိုးမယ့်လူ မရမချင်း ဘိုးဘိုးကြီးတို့က ပွင့်တော်မူမည့် ဘုရားရှင်လက်ထက်တိုင်အောင် ပေလာယျကံ ပစ်ထားမယ်ဆိုတာသိလို့ သူများတွေ ကိုယ့်နေရာလာချင်အောင် လာပါတွတ်ပါ လပွတ္တာစာတွေ ရေးနေတာများလားလို့ ထင်တဲ့သူက ထင်ကုန်ပြီဗျ။ ဘုရားပေးပေး ကျမ်းပေးပေးပါဗျာ။ ကိုယ့်စိတ်ထဲမယုံကြည်ပဲနဲ့ အများသူငါလှည့်စားဖို့ စာရေးရတဲ့ဘ၀မျိုးတော့ ဘယ်သောအခါမှ မရောက်ရပါစေနဲ့။ တကယ်ကြီးကို ပျော်တာပါ။ အဟုတ်ကြီးကို ပျော်တာပါ။ ဘယ်နေရာမဆို အကောင်းချည့်ပဲ မရှိသလို အဆိုးချည့်ပဲလည်း မရှိပါဘူး။ ဒါပေမယ့် မကောင်းတဲ့ အနိဋ္ဌာရုံတွေကိုတော့ မေ့ပစ်လိုက်တယ်လေ။ ချစ်စရာကောင်းတဲ့မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဘက်တွေ။ ပျော်စရာကောင်းတဲ့ အမှတ်တရတွေကိုတော့ ခနခန ပြန်သတိရတာပေါ့။

အတူတူပါပဲလေ။ သူတို့လည်း ကိုယ့်ကိုပြန်အောင့်မေ့ကြတဲ့အခါကျရင် ကောင်းကွက်ကလေးတွေ ပြန်အစဖော်နိုင်အောင် ကိုယ်ကိုယ်တိုင်ကလည်း သူတို့အပေါ်ကောင်းခဲ့ဖို့ လိုတာပေါ့။ နို့မို့ သူသတိရနေမှာက `အဲဒီကောင် ငါ့ဆီက ပိုက်ဆံချေးပြီး ပြန်လည်းမပေးဘူး။´ ဆိုတာမျိုးတွေ ဖြစ်နေရင် ဘယ်ကောင်းပါ့မလဲနော်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အခိုက်အတန့်အားဖြင့် ဆုံကြတွေ့ကြတယ်ဆိုတာ ရေစက်ပါလို့ ဘ၀ရှေးဟောင်းက အကြောင်းကံဆုံတယ်လို့သာ သဘောထားလိုက်ကြပါစို့။ အချိန်တန်လို့ ခွဲကြခွာကြတဲ့အခါ သူ့ဆီပါသွားမယ့် ကိုယ့်ပုံရိပ်ကလေးဟာ သောက်ညင်ကပ်စရာ၊ အော်ဂလီဆန်စရာ၊ မဲ့မဲ့ရွဲရွဲ့ အတင်းပြောချင်စရာဖြစ်မနေဖို့ လိုတာပေါ့။ ဓါတ်ပုံရိုက်တဲ့အခါမှာတောင် ဘယ်သူမှ ရုပ်ဆိုးကြီး ပုံပျက်ပန်းပျက်ကြီး ဖြစ်မနေချင်ကြဘူး မဟုတ်လား။ အခုဟာက သူ့မှတ်ဥာဏ်ထဲမှာ တစ်သက်လုံးထင်နေမယ့် ကိုယ့်ပုံရိပ်ကလေးဆိုတော့ လက်လွတ်စပယ် သဘောမထားလိုက်ပါနဲ့လေ။ ဘယ်သူဘယ်လိုထင်ထင် ကိုယ့်ရှိမှ ကိုယ်စားရတာလို့ သဘောထားရင်တော့ မသေမချင်း  ကိုယ့်ထမင်းကိုယ်ရှာစားရတဲ့ဘ၀ ရောက်သွားပါလိမ့်မယ်။ ကျားစီးဖားစီး ရှာစားရတဲ့ဘ၀ဆိုတာ မရှိအတူ ရှိအတူ ဝေငှဖေးမပေးကြတဲ့ ဘ၀မျိုးလောက်တော့ ပျော်စရာ မကောင်းတာ အမှန်ပါ။ ဒါကြောင့် ဒီတခါတော့ ကိုယ်မြှောက်ပေးထားလို့ အစိုးရအလုပ်ဝင်ချင်တဲ့ ညီငယ်ညီမငယ်တွေအတွက် ရောက်တဲ့အရပ်မှာ ပျော်အောင်နေနိုင်ဖို့ လျှို့ဝှက်ချက်ကလေး လက်ဆောင်ပေးချင်ပါတယ်။

          တကောင်းရာဇ၀င်ထဲက မောင်ပေါက်ကျိုင်းဟာ တက္ကသိုလ်ပြည်မှာ ပညာသွားသင်တဲ့အခါ အဋ္ဌာရသ ၁၈ ရပ်ကို များလွန်းလို့ မလိုက်နိုင်ဘူးဆို ဈေးဆစ်တာနဲ့ တက္ကသိုလ်ဆရာကြီးက ဇာတာကလေးဘာလေး ပြန်စစ်ကြည့်သတဲ့။ ဒီအခါမှာ လူကြီးသား မဟုတ်သော်ငြား  တနေ့သောအခါ မင်းဖြစ်မယ့်ဇာတာပါကလားလို့ မြင်မိတော့ ဆပ်ပလီ ဒီဘားများဆွဲမိရင် အငြိုးခံရတော့မှာပဲဆို စကားကြီးသုံးခွန်း စပေါ့ရိုက်ပေးလိုက်သတဲ့။ ကြားဖူးတယ်မဟုတ်လား။ မေးပါများ စကားရ၊ သွားပါများ ခရီးရောက်၊ မအိပ်မနေ အသက်ရှည်၊ ဆိုတာလေ။ အခုလည်း ဆေးကျောင်းက ဆင်းကာစ အမောင်တို့ အမိတို့ကို အလုပ်ထဲဝင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲ လုပ်လုပ်၊ နိုင်ငံခြားကိုပဲ ထွက်ထွက်၊ ရောက်တဲ့အရပ်မှာ အဆင်ပြေ စိတ်ချမ်းသာစေဖို့ သိပ်အများကြီး မှာစရာမရှိပါဘူး။ တစ်ခွန်းတည်းသော စကားကိုပဲ မှာပါ့မယ်။ `စိတ်ကောင်းကလေးမွေးနိုင်ရင် ဘယ်နေရာမှာမဆို အဆင်ပြေပါလိမ့်မယ်´ လို့။
ဒီလိုပြောတော့ အဆင်မပြေ ဒုက္ခရောက်နေသူတွေကို စိတ်ကောင်းမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အဆင်ပြေခြင်း မပြေခြင်းက ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးစလုံးနဲ့ဆိုင်တာ။ စိတ်ကောင်းရှိရင်တော့ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ၊ စိတ်မညစ်ရတော့ဘူး။ အဲဒီထက်ပိုလို့ တကယ့်စိတ်ကောင်း စေတနာကောင်း ၀င်လာတဲ့အခါမှာတော့ စေတနာအကျိုးပေးကြောင့် အဆင်မပြေဘူးဆိုတာ ရှိကို မရှိတော့ဘူး။ အပြောကောင်းတယ်။ တောပြောင်းပြီး စကောရောင်းပါလားဦးရယ်။ လောကကြီးမှာ စိတ်ကောင်းမရှိတဲ့သူဆိုတာ ရှိလို့လား။ လူဆိုတာ အကျည်းတန်လေ မှန်ကြိုက်လေ။ ရုပ်ရှင်ထဲက မြင့်နိုင်ကြီးတောင် သူများသားသမီး နသားပါယားကြံတဲ့အခါ `အကိုကြီးက ချစ်လွန်းလို့ပါကွယ်။´ လို့ပဲပြောတာ။ `ငါစိတ်ယုတ်မာမွေးပြီး လူယုတ်မာကြီးလုပ်လိုက်ဦးမယ်´ လို့ ဘယ်သူကမှ မပြောဘူး။ ဒီလိုလည်း တွေးမယ်ဆို တွေးနိုင်ပါသေးတယ်။ ဒီလိုဆိုရင် ကိုယ်ကိုယ်တိုင် တကယ်ပဲ စိတ်ကောင်းရှိနေပြီလား။ လူ့ရှေ့သူ့ရှေ့မို့ ဟန်ဆောင်ပြီး အမှတ်တွေယူနေတာလား ပြန်ဆန်းစစ်ကြည့်ဖို့ လိုတာပေါ့။ ကောင်းပါပြီလေ။ ပထမအဆင့်အနေနဲ့တော့ လူ့ရှေ့သူ့ရှေ့ အထင်ကြီးခံချင်လို့ စိတ်ကောင်းရှိသယောင် အရေခြုံတယ်ဆိုပါစို့။ အဲဒါ `ငါ့ပိုက်ဆံနဲ့ ငါသောက်တာ ဘယ်သူ့မှ ခြောက်ဂရုမစိုက်ဘူးကွ´ ဆိုတဲ့ လမ်းဘေးက အရက်သမားထက်တော့ သာသွားပြီ။ အလုပ်ထဲမှာ စိတ်ထဲကမပါပဲနဲ့ နှုတ်ကလေးချိုချို၊ လူတဘက်သားအပေါ် စေတနာတွေထားချင်ယောင်ဆောင်ပြီး တဘက်လှည့်နဲ့ အကောက်ကြံမယ့်သူတွေလည်း ရှိချင်ရှိမှာပေါ့။  အဲဒါမျိုးကို စေတနာ အတုအယောင်လို့ ခေါ်တယ်လေ။ အတုဆိုတာ အစစ်မရနိုင်လို့၊ အစစ်ကဈေးကြီးလို့၊ အပေါ်ယံကလေးကပဲ တုပလို့ရရ၊ သူများကို လှည့်ဖျားထားရတာပေါ့။ စေတနာအမှန် ထားတယ်ဆိုတာ အဲဒီလို ဟန်ဆောင်ရတဲ့အလုပ်လောက် မပင်ပန်းဘူးဗျ။ အကျင့်ရသွားဖို့ပဲ လိုတာ။ စိတ်ကောင်းမွေးရတာ သူများအတွက် တဘက်လူရဲ့ အကျိုးစီးပွားအတွက် ကိုယ့်ထဲက ဖဲ့ပေးလိုက်ရတာ မဟုတ်ပါဘူး။ သူများကို အမှီပြုပြီး ကိုယ့်အတွက်ကိုယ် အေးချမ်းမှုရှာတာပါ။ ကိုယ့်စေတနာ သူများအကျိုးပေးတယ်လို့ ကြားဖူးလို့လား။

          အများအားဖြင့် ကျောင်းသားဘ၀မှာ မိဘအရိပ်အောက် နေလာခဲ့ကြတာဆိုတော့ ကလေးစိတ်က မပျောက်တပျောက်ပေါ့လေ။ ဘယ်နေရာမှာမဆို ကိုယ်ကသာမှ။ အတင်စီးမခံချင်ဘူး။ အကြောမခံချင်ဘူးဆိုတဲ့စိတ်က ရှိနေတာပေါ့။ အကောင်းဆုံးနေရာမှာ နေချင်တယ်။ အသက်သာဆုံးဂျူတီကို ယူချင်တယ်။ လူလည်ကြီးပဲ လုပ်ချင်တာ လူအ ကြီးတော့ ဘယ်သူမှ မဖြစ်ချင်ကြဘူး မဟုတ်လား။ ဒီအခါမှာ လုပ်ဖော်ကိုင်ဘက်အချင်းချင်း ကိုယ်ကချည့်အနိုင်ယူ ဗိုလ်ကျပြီး အခွင့်အရေးမှန်သမျှ သိမ်းကြုံးယူနေလို့ရှိရင် လူချစ်လူခင် ပေါနိုင်ပါဦးမလား။ ကြာလာရင် လူပေါ်လူဇော်လုပ်ချင်တဲ့ အကျင့်စွဲသွားမယ်။ လူညွန့်ခူးစားရတာ အရသာတွေ့လာမယ်။ ကတုံးပေါ်ထိပ်ကွက်ဖို့ပဲ အမြဲစဉ်းစားနေတော့မယ်။ ဒီလိုဆိုရင် အမြတ်အစွန်းတွေ အကျိုးစီးပွားတွေတော့ ရှိကောင်းရှိလာပါလိမ့်မယ်။ စိတ်ကောင်းစေတနာကောင်းဆိုတာကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားလိမ့်မယ်။ လက်တွေ့သိချင်ရင် ကားပွဲစားတန်းကို ပိုက်ဆံအိတ်အကြီးကြီး ချိုင်းကြားညှပ်ပြီး ဟိုကားမေး ဒီကားမေးလုပ်၊ နီးစပ်ရာ လက်ဘက်ရည်ဆိုင် ၀င်ထိုင်ကြည့်လိုက်ပါလား။ ဟိုလူက ကားလာရိုက်၊ ဒီလူက ကားလာရိုက်နဲ့ နေတိုးတို့ ဟိန်းဝေယံတို့ ထိုင်ငိုသွားမယ်။ `အလှူလုပ်ချင် ဘုန်းကြီးကျောင်းကြွ၊ စီးပွားရေးကို စီးပွားရေးလိုပဲ လုပ်ရမယ်။ တစ်ကန့်စီ။ လာမရောနဲ့´ လို့ လူတိုင်းက လက်ခံထားကြတယ်။ သူတို့ချင်းလည်း ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပါပဲ။ အလုပ်ဖြစ်ရင် ဘီယာဆိုင်မှာ ကာရာအိုကေမှာ လည်ပင်းဖက် ခင်နေကြသား။ ဒါပေမယ့် သူတို့လောကမှာ ဘရာသာရေ ဇေပါတယ်။ ငွေသာအရင် မစပါပဲ။ သားအဖချင်းတောင် ဘော်ဒါကြေး ချန်ထားခိုင်းတတ်တယ်။ ဆရာဝန်အလုပ်ဟာ အဲဒီစိတ်ထားမျိုးနဲ့ မအပ်စပ်ဘူးလို့ ပြောရင် လွန်များသွားမလား။ (ဘယ်အပ်စပ်မလဲ။ ဒီလခနဲ့ တစ်သက်လုံး ကားဝယ်စီးနိုင်မှာမှ မဟုတ်တာနော့။)
     
      အဲဒီတော့ စောစောက စကားပြန်ကောက်ရရင် ဘယ်အရပ်ကိုပဲ ရောက်ရောက်၊ လုပ်ဖော်ကိုင်ဘက်အချင်းချင်း၊ အပြန်အလှန် လေးစားမှု၊ သိတတ်မှု၊ အနစ်နာခံမှုနဲ့ ဆက်ဆံမိရင် နောင်ကို ဘယ်တော့မှ မမေ့တဲ့ မိတ်ရင်းဆွေရင်းတွေ တိုးပွားလာပါလိမ့်မယ်။ ကိုယ့်အပေါ်ကောင်းမှ ကိုယ်ကပြန်ကောင်းနိုင်မယ်။ ပါးရိုက်ရင် နားပြန်ကိုက်မယ်ဆိုတာတောင် မထားသင့်တဲ့စိတ်ထားပါ။ သူကောင်းတာ မကောင်းတာ သူ့အလုပ်လေ။ သူသွားလေရာ ပါသွားမယ့် အထုပ်၊ ကိုယ်ကောင်းဖို့ မကောင်းဖို့ဆိုတာက ကိုယ့်ဆီပါလာမယ့်အထုပ်။ လူဆိုတာ ကိုယ့်အထုပ်ကိုယ် သယ်ကြရတာချည့်ပါ။ မကောင်းတဲ့သူတစ်ယောက်တွေ့တိုင်း သူ့လိုပဲတုန့်ပြန်ရမှ ကြေနပ်နိုင်မယ်ဆိုလို့ရှိရင် လုပ်သက်တွေကြာလာတဲ့တနေ့ ကိုယ်ဘာကောင်ကြီး ဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်လိုက်စမ်းပါ။ ကောင်းတဲ့သူပဲဖြစ်ဖြစ် ဆိုးတဲ့သူပဲဖြစ်ဖြစ် သိပ်မကြာခင် ခွဲခွာပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြရဦးမှာပဲလေ။
            လုပ်ဖော်ကိုင်ဘက်တွေလိုပဲ၊ ရေစက်ရှိလို့ ဆုံတွေ့ရသူတွေထဲမှာ ဒေသခံတွေ လူနာတွေလည်း ပါတာပါပဲ။ ကိုယ်တွေကသာ သူတို့ဆီ တစ်နှစ်တန်သည် နှစ်နှစ်တန်သည် အလုပ်လာလုပ်ကြရတာ သူတို့အဖို့တော့ ကိုယ့်လိုဆရာဝန်တွေ ဆုံဖူးပေါင်း များလှပြီလေ။ အ လိမ့်မယ်မထင်နဲ့။ အ ချင်ယောင်သာ ဆောင်ချင်ဆောင်မယ်။ ရောက်လာတဲ့ဆရာဝန် ဘယ်လို ဘယ်အချိုးဆိုတာ ကိုယ်တိုင်ခံစားရသူတွေမို့ အသိဆုံးပေါ့။ လိုက်မလာနိုင်လို့ အိမ်မှာကျန်ခဲ့တဲ့ မိန်းမထက်တောင် ကိုယ့်အကြောင်း ပိုသိဦးမယ်။ ဒီအချိန်ဆို အဲဒီဆရာဝန် ဘယ်ဆိုင်မှာ သွားရှာရမလဲတောင် သိတယ်။ ကိုယ်ကသာ ငါ့ကို ဘယ်သူမှ မသိဘူးကွဆိုပြီး ထင်ရာစိုင်းနေတာ။ လူခံနဲ့ လူစိမ်းလေ။ ဆရာဝန်တစ်ယောက် တကယ်စိတ်ကောင်းရှိမရှိ၊ စေတနာပါမပါ ဆိုတာလည်း သူတို့က ပိုသိပါတယ်။ ညာလို့ရမယ်ထင်ရင် ညာကြည့်လိုက်၊ သူတို့ကလည်း ကိုယ့်ကို ရှေ့တင်ပြုံးပြပြီး ကွယ်ရာမှာ အတင်းတုပ်လိမ့်မယ်။ နောင်ကျ ကိုယ်ကသာ သူတို့ဆီကပြောင်းသွားတာ။ သူတို့ကတော့ သားစဉ်မြေးဆက် ဘယ်ဆရာဝန်လာတုန်းက ဘယ်လိုဆို မှတ်မှတ်ရရ ဖောက်သည်ချကြရော။ ကဲ.. ဘယ်လိုလေးများ အပြောခံရချင်ပါသလဲဗျာ။
             တကယ်တော့ သူများတွေကိုယ့်အကြောင်း အကောင်းပြောဖို့၊ သူများတွေအမြင်မှာ ကိုယ့်ကို စိတ်ကောင်းရှိတယ်လို့ထင်ဖို့က အဓိကမဟုတ်ပါဘူး။ အဲဒါပုံရိပ်ပဲ ရှိတာ။ အတုပဲလေ။ ကိုယ်ကိုယ်တိုင် ကိုယ့်ဆီမှာ တကယ်ကောင်းတဲ့စိတ်ရှိနေမှ အနှစ်သာရအစစ်ပါ။ ဒါကြောင့် သူများပြောတာ ဂရုမစိုက်ဘူး။ ဘယ်သူတွေ ဘယ်လိုထင်ထင်ဆိုပေမယ့် ကိုယ်ဘာဖြစ်နေသလဲဆိုတာတော့ ကိုယ့်ဘာသာ ဂရုစိုက်ရမှာ မဟုတ်ပါလား။ ဘယ်သူသိသိ မသိသိ၊ ကိုယ့်ကိုယ်ကိုယ်တော့ အသိဆုံးလေ။ ကိုယ့်အကြောင်းမှ ကိုယ် အမှန်အတိုင်း မသိဘူးဆိုရင် ဘယ်အရာကိုမှ အမှန်အတိုင်း မသိနိုင်တော့ဘူး မဟုတ်လား။ လူတဘက်သားအပေါ်မှာ စိတ်ကောင်းထားတယ်လို့ဆိုရင် စိတ်ကောင်းရှိတယ်ဆိုတဲ့သူက အထားခံရတဲ့သူမှာ မဟုတ်ပဲ၊ ထားလိုက်တဲ့သူဆီမှာဆိုတာ သတိပြုလိုက်ပါဦး။ ဒီလိုဆိုရင် စိတ်ကောင်းထားတယ်ဆိုတာ ကိုယ့်ရဲ့အတ္တကို ဦးစားမပေးပဲ တဘက်လူကို ဦးစားပေးတာက စ ရမှာပေါ့။ ကိုယ့်ဘက်က တဘက်သတ်အမြင်ကိုစွန့်ပြီး သူ့ဘက်က တလှည့် စာနာစဉ်းစားပေးရမှာပေါ့။ ဖြစ်နိုင်ရင် ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ၊ နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိတဲ့အမှုကို ပြုကြရမှာပေါ့။ (ဝေစားမျှစား လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။) လောကတ္ထစရိယံ၊ ဥာတတ္ထစရိယံ နဲ့ စွန့်ခြင်းကြီးငါးပါးစလုံး စွန့်ရမယ်လို့လည်း မဆိုလိုပါဘူး။ တစ်ထစ်ကလေးပဲ လျှော့လိုက်ပါ။ ကိုယ့်အတ္တကို ဒုတိယနေရာမှာပဲ ထားလိုက်၊။ (ကိုယ့်မိန်းမအတွက် အတ္တက ပထမလေ လို့တော့ လာမပြောနဲ့) ဒီလိုလုပ်ခြင်းအားဖြင့် တဘက်လူရဲ့ မေတ္တာကို ကိုယ်က ရလိုက်တာပေါ့။ မရလည်း မပူပါနဲ့။ ကုသိုလ်တော့ရမယ်။ (မေတ္တာဖြစ်ဖြစ် ကုသိုလ်ဖြစ်ဖြစ် လူကောင်းတစ်ယောက်မှမပါဘူး။ လူပျက်တွေချည့်ပဲ) နောက်တစ်ချက် သတိထားမိပြန်တာက မေတ္တာဆိုတာကလည်း ကိုယ့်ကိုယ်ကိုယ်ထားလို့ရလို့လား။ ငါ့ခမျာ ကျန်းမာပါစေ။ ချမ်းသာပါစေ။ ဘုန်းကြီးသက်ရှည်ပါစေ။ ချစ်စရာလေးဟဲ့၊ ကြည်ညိုစရာလေးဟဲ့လို့ မှန်ကြည့်ပြီး မေတ္တာပို့ဖူးသလား။ ကိုယ်ကသူများကိုထားမှ သူများက ကိုယ့်အပေါ်တုန့်ပြန်မှာလေ။

           ဒီနေရာမှာလည်း အတုနဲ့အစစ်ဆိုတာ ကွဲပြန်တာပါပဲ။ ပေးကမ်းခြင်းအောင်မြင်ရာမို့ ထောင်မြင်ရာစွန့်လုပ်တဲ့ အရင်းအနှီးမျိုးကို ဘယ်အစစ်လို့ ဆိုလို့ရပါ့မလဲ။ စေတနာ၊ မေတ္တာ အစစ်ဆိုတာ အလကားပေးလိုက်တာ။ အရောင်းအ၀ယ် အလဲအလှယ်မဟုတ်ဘူး။ သူ့ဘက်က ပြန်လာချင်လာ မလာချင်နေ။ အပြန်စောင့်တဲ့သဘောမပါရဘူး။ လူသိရှင်ကြား ထုတ်ဖော် ကြွားဝါနေဖို့လည်း မလိုဘူး။ ယုတ်စွအဆုံး ငါ့ကို မုချ အကျိုးပေးမှာပဲလို့တောင် မျှော်လင့်မနေရဘူး။ သို့သော်လည်း အကျိုးပေးတာကတော့အမှန်။ ဘယ်သူကမှ တုန့်ပြန်စရာမလိုပဲကို အကျိုးပေးတာ။ ကိုယ့်စိတ်မှာဖြစ်ပေါ်နေတဲ့ မေတ္တာစိတ်ဆိုတာ အင်မတန်အေးချမ်းပြီး ဗြဟ္မာတွေ ဈာန်ဝင်စားတဲ့ စည်းစိမ်အစစ်ဖြစ်ပါသတဲ့။ လူသားတွေအနေနဲ့ ပီတိ လို့ခေါ်တဲ့ စိတ်ချမ်းသာကြည်နူးမှုကို မေတ္တာစိတ်ကနေ အများဆုံးရနိုင်တာပေါ့။ ဥပမာအားဖြင့် သားတို့ရုပ်ရည် ဆိုတာမျိုးလေ။ ဒါကြောင့် စိတ်ကောင်းမွေးဖို့ဆိုတာ သူများတွေအတွက် ကိုယ့်စိတ်ထဲကမပါပဲ ဟန်ဆောင်အောင့်အည်းပြီး သည်းခံနေရတာမျိုး မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် စိတ်အေးချမ်းသာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ လိုအပ်တာပါ။ တရပ်တကျေးကိုသွားလို့ သေတ္တာကြီး တစ်ဒါဇင်နဲ့ အ၀တ်၊ ဘိနပ်၊ စောင်၊ ခြင်ထောင်တွေ သယ်သွားဖို့ထက်စာရင် ဘာမှ အပန်းမကြီး ၀န်မပိုတဲ့ စိတ်ကောင်းကလေးပါအောင် သယ်သွားနိုင်လို့ရှိရင် ပြည့်စုံလာပါလိမ့်မယ်။
          ကိုယ်တကယ် စိတ်ကောင်းရှိသလား မရှိဘူးလား ဆိုတာ မှန်ကြည့်နေစရာလည်း မလိုဘူး။ တွေ့သမျှလူ လက်ဖက်ရည်တိုက်ပြီး `ကျွန်တော့်ကို ဘယ်လိုမြင်သလဲ ပြော´ ဆို အင်တာဗျူးစရာလည်း မလိုဘူး။ ကိုယ်နဲ့ ဆက်ဆံရတဲ့သူတွေရော ကိုယ်အပါအ၀င် စိတ်ချမ်းသာ လက်ချမ်းသာနဲ့ အလုပ်လုပ်လို့ အဆင်ပြေနေတယ်ဆိုရင် အဲဒါ စိတ်ကောင်းရှိလို့ပေါ့။ အဲလိုစိတ်ကောင်းရှိတဲ့လူချင်း အတူတူ တွဲအလုပ်လုပ်ဖူးတယ်ဆိုရင်လည်း တစ်သက်မမေ့တော့ဘူး။ အခုဆိုရင် ဟိုးအရင် အလုပ်ဝင်ကာစက ဂျပန်ဆေးရုံမှာ အတူတူလုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေ၊ ဆရာမတွေကိုလည်း လွမ်းတာပဲ။ မြောက်ဥက္ကလာဆေးကျောင်းမှာ စာသင်ခဲ့ဖူးတဲ့ တပည့်တွေနဲ့ ဌာနက ဆရာ၊ ဆရာမတွေကိုလည်း လွမ်းတာပဲ။ ဘွဲ့လွန်တက်တုန်းက၊ အလုပ်သမားဆေးရုံမှာ လုပ်ခဲ့တုန်းက၊ လောက်ကိုင်က၊ ဘူတန်က၊ အားလုံး အားလုံး၊ အကုန်လုံးကို သတိရပါတယ်။ ဘယ်မှာ အပျော်ဆုံးလဲလို့တော့ မမေးနဲ့။ အကုန်ပျော်တယ်။ အမ်းမှာလည်း ပျော်တယ်။ နောက်ကျရင် ဘယ်ကို ပို့ဦးမယ်တော့ မသိဘူးပေါ့ဗျာ။ အခုကတည်းကကို ကြိုပြီး ပျော်ထားတယ်လေ။ ဟုတ်ပလား။

(ဤကား ကိုယ့်ကိုယ်ကိုယ် စိတ်ကောင်းရှိပါပေတယ်ဟု သွယ်ဝိုက်၍ မဲဆွယ်ကြော်ငြာသော အရေးအသားမျိုး ဖြစ်ပါသည်။ နောင်လာမည့် ငါးနှစ်ကာလအတွက် ရည်ရွယ်ချက်ထားသူများ မှတ်သားရစ်ကြစေကုန်သတည်း။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...