မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ရောင်ခြည်ဦး
by Moenge Aung on Tuesday, November 29, 2011 at 3:42am
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ) ၏ ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးရန် မြန်မာနိုင်ငံက ဆန္ဒရှိနေမှုကို အာဆီယံ အသင်းကြီးက သဘောတူ ထောက်ခံပေးလိုက်ပြီး နောက်တစ်ရက် အကြာတွင် အမေရိကန်သမ္မတ “ဘားရက်အိုဘားမား” က မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ အခွင့်အလမ်းများ ပွင့်လင်းလာမှုကို ထောက်ခံယုံကြည်ကြောင်း ပြသသည့် အနေဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်ကို မကြာမီကာလ မြန်မာနိုင်ငံသို့ စေလွှတ် သွားမည်ဖြစ်ကြောင်း အဆိုပါ ခရီးစဉ်သည် နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေဖြင့် လာရောက်သော ပထမဦးဆုံး ခရီးစဉ်လည်းဖြစ်သည်ဟု ဆိုသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပလျက်ရှိသော အာဆီယံ နိုင်ငံခေါင်းဆောင်များ၏ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးအသစ်တစ်ရပ်ကို ပိုမိုခိုင်မြဲစေရန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အဖြစ် အဓိပ္ပါယ် သက်ရောက်စေပြီး၊ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ပတ်သက်၍ မဖြစ်မနေ ဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စများတွင် ပိုမိုပွင့်လင်းလာမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။ သမ္မတ ဘားရက်အိုဘားမား၏ ထောက်ခံမှုသည် တရုတ်နိုင်ငံအပေါ် မြန်မာနိုင်ငံအနေဖြင့် အစဉ်အလာအရ မှီခိုခံရမှုမှ ကင်းလွတ်လာနေမှုကို ပြဆိုသည့် ပထမဦးဆုံး အရိပ်လက္ခဏာတစ်ရပ်ပင်ဖြစ်သည်ဟု ဆိုသည်။
မြန်မာ - အမေရိကန် ဆက်ဆံရေးမှာ နှစ်ပေါင်းများစွာ အမှောင်လွှမ်းခဲ့ပြီးနောက် ယခုသီတင်းပတ် အနည်းငယ်အတွင်း တိုးတက်မှု အရိပ်အယောင်များ တွေ့မြင်လာပြီဟု မစ္စကလင်တန်က ဆိုလိုက်သည်။ လွန်ခဲ့သည့် ရက်ပိုင်းက သမ္မတ အိုဘားမားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်းမှတစ်ဆင့် စကားပြောခဲ့ကြောင်း အမေရိကန်တို့၏ စေ့စပ်ညှိနှိုင်းပေးမှုများကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထောက်ခံသည်ဟု ကြားသိရကြောင်း မစ္စတာကလင်တန်သည် နေပြည်တော်နှင့် ရန်ကုန်မြို့တော်တို့သို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတအိုဘားမားက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်အစိုးရ၏ အဆင့်မြင့်အရာရှိ တစ်ဦး၏ အဆိုအရ အဆိုပါခရီးစဉ်သည် လာမည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ သို့မဟုတ် (၂) ရက်နေ့တို့တွင် ဖြစ်နိုင်ကြောင်း သိရသည်။
0 comments:
Post a Comment