ရွေးချယ်မှုနဲ့ အမှားအမှန်။
လွန်ခဲ့တဲ့ ၁၃နှစ်ကျော်လောက်က စာအုပ်တစ်အုပ်ဖတ်ဖူးတယ်။ ကောင်းလွန်းလို့
ခုထိတောင်မမေ့ဘူး။ Eward De Bono ရေးတဲ့ Lateral Thinking ဆိုတဲ့စာအုပ်ကို
ဆရာတာက ဖြန့်ထွက်တွေးခြင်း ဆိုတဲ့အမည်နဲ့ မိတ်ဆက်ပေးထားတာ။ အတော်များများလဲ
ဖတ်ခဲ့ ဖူးမှာပါ။ကျွန်တော့်ရဲ့ အသိဥာဏ်တံခါး တစ်ချပ်ကို ဖွင့်ပေးခဲ့လို့
ဆရာတာကိုခုထိ ကျေးဇူးတင်မဆုံးပါဘူးဗျာ။
ကျွန်တော်တို့ တွေးလေးတွေးထရှိတဲ့ ဘောင်ထဲက ဖောက်ထွက်ပြီး ဖြန့်ထွက်ပြီးတွေးဖို့ ဥပမာတွေ ဘပေးပြီး သင်ပြထားပါတယ်။ ငွေချေးတဲ့ အဖိုးကြီးနဲ့ မိန်းမလှလေးပုံပြင်ကလဲ စိတ်ဝင်စားစရာပါ။ ကောင်မလေးရဲ့ အဖေက အဖိုးကြီးဆီက ငွေချေးပြီး ပြန်မဆပ်နိုင်တဲ့အခါ အဖိုးကြီးက ကောင်မလေးကို အကြွေးနဲ့သိမ်းချင်တော့ ဒီလိုဥာဏ်ဆင်ပါတယ်။
ကောင်မလေးကို ကျောက်ခဲ အဖြူ အမဲ ရွေးခိုင်းတယ်။ ကျောက်ခဲ အဖြူကိုရွေးမိရင် အကြွေးလျှော်ပြစ်မယ်၊ ကောင်မလေးကိုလဲ ဘာမှမလုပ်။ အဲ.. ကျောက်ခဲ အမဲကိုရွေးမိရင်တော့ ကြွေးတော့လျှော်ပြစ်မယ် ဒါပေမဲ့ ကောင်မလေးကတော့ သူ့ကိုယူရမယ်။ ဒါမှမဟုတ် ခေါင်းမာပြီးမရွေးရင်တော့ အဖေကြီးကို တရားဆွဲထောင်ချမယ်ပေါ့။
နောက်ဆုံး ကောင်မလေးက ကျောက်ခဲရွေးဖို့ သဘောတူလိုက်တော့ သူ့ရဲ့ဥယျာဉ်ထဲမှာ ကျောက်ခဲရွေးပွဲ လုပ်တော့တာပေါ့။ အဖိုးကြီးက အလစ်မှာကျောက်စရစ်ခင်းထားတဲ့လမ်းမပေါ်က ကျောက်ခဲ အမဲနှစ်လုံးကို အိတ်ထဲကောက်ထည့်လိုက်ပြီး ရွေးတော့လို့ မိန်းကလေးကိုပြောပါတယ်။(ပိုင်ချက်ဗျ နော့)။ ကောင်မလေးဘာလုပ်မလဲ စဉ်းစားကြည့်ရအောင်။ သမားရိုးကျ အတိုင်းတွေးရင်တော့ လွတ်လမ်းမရှိပေါ့ဗျာ။
ကောင်မလေးအနေနဲ့ ရွေးစရာ ၃ လမ်းရှိတယ်။ ၁။ ကျောက်ခဲ မရွေးတော့ဘူးလို့ငြင်းမယ်။ ၂။ အဖိုးကြီးမတရားတာကိုဖေါ်ထုတ်မယ်။ ၃။ သိသိချည်းနဲ့ ကျောက်ခဲအမဲကိုရွေးပြီး အဖေကြီးကို ကယ်တင်မယ်။(မျက်ရည်စက်လက်နဲ့ အဘအတွက် သမီးဘ၀ကို စတေးလိုက်ပါပြီ ဘာဘာ ညာညာပေါ့။)။ တကယ်တော့ ဘယ်နည်းမှ မကောင်းပါ။
အတော်များများကတော့ ရွေးချယ်မှုအပေါ်မှာ မူတည်ပြီး စဉ်းစားကြပါတယ်။ ကောင်မလေးက ဥာဏ်ရှိတော့ တစ်ခြားဖက်ကလှည့်စဉ်းစားတယ်။ ကျန်ခဲ့တဲ့ ကျောက်ခဲပေါ်စဉ်းစားတယ်။ ကောင်မလေးက အိတ်ထဲကကျောက်ခဲတစ်လုံးကို ရွေးတယ် ပြီးတော့ ခြေချော်လဲချင်ယောင်ဆောင်ပြီး လမ်းမပေါ်ပစ်ချလိုက်တယ်ဗျ။ အဖိုးကြီးက အံ့သြပြီး လက်ထဲက ကျောက်ခဲကိုမေးတော့ " ကိစ္စမရှိပါဘူး၊ အိတ်ထဲ ကကျောက်ခဲကြည့်ပါ။ အမဲဆို ကျွန်မရွေးတာ အဖြူပေါ့" တဲ့။ အတွေးထောင့်ကို ပြောင်းပြီးစဉ်းစားလို့ အဖိုးကြီး လက်ကလွတ်ခဲ့ပါတယ်။ ဆရာတာကတော့ Other Point of View OPV လို့ မိတ်ဆက်ထားပါတယ်။ ဒီပုံပြင်လေးကို ပမာပြုပြီး ပြဿနာတွေကိုဖြေရှင်းဖို့ ထောင့်ပေါင်းစုံက ရှုမြင်တွေးပြီး ကျွန်တော်တို့တစ်တွေ စဉ်းစားဖို့လိုကြောင်းပါဗျာ။
နောက်ဥပမာလေးတစ်ခုကတော့ အတော်တာသွားပါတယ်။ အောက်ကပုံကို ကြည့်ပါဦး။

ကျွန်တော်တို့ လမ်းဆုံပွိုင့် X အမှတ်မှာရှိနေပြီး မြောက်အရပ်ကိုသွားဖို့ လမ်းရွေးကြတယ်ဆိုပါဆို့။ ကျွန်တော်တို့ သိပ်စဉ်းစားစရာမလိုပါဘူး ဒီပုံအတိုင်းဆို လမ်းဖြောင့်ကိုပဲ ရွေးချယ်ကြမှာပေါ့ဗျာ။
နောက် အဲဒီပုံကိုပဲထက်ပြီး ကြီးမားကျယ်ဝန်းအောင်ဆွဲထားတဲ့ နောက်တစ်ပုံကိုကြည့်ပါဦး။ ကျွန်တော်တို့ ရွေးချယ်မှုက မှားယွင်းနေတယ်ဆိုတာကို သိလိုက်ရပါပြီ။

ဒီဥပမာလေးက ကျွန်တော်တို့ကို တွေးစရာတွေ အများကြီးပေးပါတယ်။ကိစ္စတစ်ခုကို ရွေးချယ်ဆုံးဖြတ်ကြတဲ့ အခါမှာ မှားတယ်မှန်တယ်ဆိုတာ ရှု့မြင်သူရဲ့ အမြင်ကျယ်ပြန့်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ အမှားကို အမှန်ထင်နေတက်ပါတယ်။
အရိပ်ပြ အကောင်မြင်မယ်ထင်လို့ ဒီလောက်ပဲရေးပါတယ်ဗျာ။ တိုင်းပြည်အရေး စိတ်ဝင်စားတယ်ဆိုရင်ဖြင့် အချိန်လေးပေးပြီး ဆက်စဉ်းစားစေချင်ပါတယ်။ ခုချိန်ဟာ ကျွန်တော်တို့နိုင်ငံအနာဂါတ်ရဲ့ လမ်းဆုံလမ်းခွကို ရောက်နေချိန်ပါ။ လမ်းရွေးမမှားဖို့ ရေးကြီးပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ အချင်းချင်း စိတ်ဝမ်းမကွဲဖို့ လိုပါတယ်။ ကျွန်တော်တို့ များများတွေးပြီး ဝေးဝေးမြင်ကြရအောင်ဗျာ။
ဇေလတ်။ ၂၇-၁၁-၂၀၁၁

0 comments:
Post a Comment