Monday, November 28, 2011

ဂဝံမောင်မောင်၏ အင်္ဂါဂြိုဟ်သွား မှတ်တမ်း - မြင့်သန်း

by Ye Myint Thu on Tuesday, November 29, 2011 at 1:10pm
 
ဒီတစ်ခါတော့ ဘယ်သူကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျုပ်မှာ ရှိရှိသမျှ ဂုဏ်ပုဒ် အကုန်ထုတ်ပြီး နာမည်ရှေ့က ဂဝံလို့ ထည့်ရတာပဲ။ ထည့်ချင်တာကတော့ ပြည်သူတို့၊ လူထုတို့။ ဒါမှမဟုတ်တောင် ကျူရှင်တို့လို ထည့်ချင်တာ။ ပြည်သူဆိုတာက ကျုပ်တို့ ပန်ဒစ်ကြီး စွမ်းက ပိုင်တာ။ ကြည့်လေ၊ ပြည်သူ့ပန်ဒစ် စွမ်းလို့တောင် ခေါ်ကြတာ။ လူထုလို့တော့ တပ်လို့ရကောင်းရမယ်။ ဆူးခါးတိုက်ဖက် သွားတုန်းက လူထုတိုက် ရှေ့နားက ဖြတ်ဖြတ်သွားတယ်။ ဒီတော့ လူထုဆိုတာလို ခပ်သေးသေး တပ်ရင်တော့ ရကောင်းမယ်။ ကျူရှင်ဆိုတာကတော့ မဖြစ်ဘူး။ ကျုပ်က သင်ပုန်ကြီးတောင် ကုန်တာ မဟုတ်ဘူး။ ခင်ကြီး မောင်ပေါက်စည်လို မန်းတက္ကသိုလ်တို့ ဘာတို့လည်း ထည့်ချင်တာပဲ။ ကိုယ်ကိုယ်တိုင်က ရေနီမြောင်းဘေးနားက ထန်းတောလောက်ပဲ နီးနီးစပ်စပ်ရှိတော့ ထည့်လို့ မဖြစ်ပြန်ဘူး။ ခရီးသွားတဲ့အကြောင်း ရေးတဲ့သူတွေမှာ ရှေ့နားက ဂုဏ်ပုဒ်တွေ ပါရတယ် မဟုတ်လား။
ကျောက်သံပတ္တမြားတွေကအစ ဆေးပညာကိစ္စတွေပါ ပါတယ်။  ကျုပ်မှာတော့ ဘာမှ မရှိဘူး။ ကျုပ် ရှိတာလေးပဲ ရှေ့က ထည့်လိုက်ရတယ်။ ကျုပ်အိမ်ရှေ့လမ်းက ဂဝံကျောက်ခင်းထားတာ။ ဂဝံဆိုတာ ကျောက်တော့ ကျောက်ပဲ။ ကျောက်သံပတ္တမြားထဲ ပါချင်မှ ပါမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်ကိုယ်ကျုပ် ဂဝံမြင့်သန်းလို့ ခေါ်ကြည့်မယ်ဗျာ။

ကျုပ်တို့ အင်္ဂါဂြိုဟ် သွားကြတာလည်း ကိုရင်စိုးညွန့် အကြံအစည်ပဲ။ တစ်နှစ်တော့ သူက ငါ့လူ၊ ဒီတစ်ခါတော့ အင်္ဂါဂြိုဟ် သွားကြရအောင်လားလို့ ပြောလာတယ်။ ကျုပ်ကတော့ ခရီးဆို ဘယ်ဖြစ်ဖြစ် သွားချင်တဲ့ လူမျိုးကိုး။ သိပ်မငြင်းဘူး။ အထုပ်ပိုက်လို့ ကျုပ်လိုက်မယ်ဗျာပေါ့။ ဒါပေတဲ့ ဘယ်လို သွားမှာတုန်း ငါ့လူရလို့ မေးရသေးတယ်။ ဒီတော့ သူက၊ မောင်တာကြီး ကြည့်စီစဉ်ခိုင်းတာပေါ့ကွာတဲ့။  ဟာ၊ ကိုရင်တာက ဘယ်လို စီစဉ်နိုင်မှာမို့လဲလို့ ကျုပ်က မေးရပြန်သေးတယ်။ ဒီတော့ ကိုရင်စိုးညွန့်က ခုလို ပြောတယ်။ မင်းမလဲ ညံ့ပြီးရင်း ညံ့ရင်းပဲကိုး။ ဦးဘထုံးလက်ဖက်ရည်ဆိုင် ရှေ့နားကနေ  အင်္ဂါဂြိုဟ်ကို သွားတဲ့ ဒုံးပျံဂိတ်ရှိတယ်။  တစ်ပတ်ကို နှစ်စင်းတောင် သွားတာတဲ့။ တစ်ခါတလေ ခါလီကြိတ်ရတာ။ အသွားမှာ ပါစင်ဂျာမပါဘူး။ အဲဒီလိုအခါမျိုး အချောင်လိုက်သွားတာပေါ့။ မောင်တာကြီးက အဲဒီလူတွေနဲ့ ရင်းတော့ သူတို့ကို မှာထားခိုင်းရတာပေါ့ကွာ။ မောင်တာကြီးက စွမ်းတယ်ဟ။ ဘုရားကြီးခြေရင်းက ပူရဂါ ဆရာကြီးကိုတောင် ပင်လယ်ထဲ ခေါ်သွားပြီး ဘောစီးခိုင်းပစ်တာ။ ဒီလိုတော့လည်း အဟုတ်သားကလား။ ဒါပေတဲ့ ငါ့လူရာ၊ ဦးဘထုံးဆိုင်နားက သွားလို့ကတော့ ဇင်းကလိန်း၊ ခန္တီးလောက်ပဲ ရောက်မယ်လို့ ငါထင်တယ်လို့ မေးလိုက်မိပြန်တယ်။ ဒီတော့ ကိုရင်စိုးညွန့်က မင်းလိုက်မှာဖြင့် သိပ်လျှာမရှည်နဲ့။ ငါ စီစဉ်မယ်တဲ့။ ကျုပ်ကတော့ သွားရပြီးတာပဲ။ ရောက်ပြီးတာပဲ။ ဘယ်လို သွားသွား၊ ဘာနဲ့ သွားသွား။ အဲဒီတုန်း တစ်ခု သွားသတိရမိတယ်။ ဒီတော့ ကိုရင်စိုးညွန့်ကို တိုင်ပင်ရပြန်တယ်။
ဒီမယ် ငါ့လူ၊ ငါတို့ အဖော်ရအောင် ပန်ဒစ်ကြီး စွမ်းပါ ခေါ်သွားကြရအောင်လား။ ဘယ်စွမ်းတုံး၊ ပို့စ်မော်ဒန် ကဝိလက္ခဏာထဲက စွမ်းလေ၊ ပန်ဒစ်ကြီးစွမ်း။ ရှေ့ကိုလှမ်း၊ ဘယ်ညာယမ်းလည်း မသတ်မည်လို့ ညွှန်းရတဲ့ စွမ်းလကွာ။ ဒီတော့ ကိုရင်စိုးညွန့်က မေးတယ်။ ဘာလုပ်ရအောင်တုန်းတဲ့။ ဟ အင်္ဂါဂြိုဟ်မှာ မြေဈေးပေါတယ်ကြားလို့ ခေါ်သွားပြီး ဟိုမှာ ထားခဲ့တာပေါ့ကွာ။ ဒီမှာလည်း ပို့စ်မော်ဒန် ဆရာလေးတွေ မျက်စိရှုပ်သက်သာသွားအောင် သူလည်း ဟိုမှာ အိမ်လေး ယာလေးနဲ့ ဖြစ်သွားစေချင်လို့ပါ။ ဒီတော့ ကိုရင်စိုးညွှန့်က သဘောကျပုံရတယ်။ အေးကောင်းသားပဲ။ မင်းပဲ မေးကြည့်လေကွာလို့ ပြောတယ်။ ဒါနဲ့ ကျုပ်ကလည်း စုံစမ်းကြည့်ရတယ်။ ကျုပ်တို့ ဆရာပန်ဒစ်ကြီးစွမ်းက ခုဆိုတိုက်နန်းနဲ့ နေတာ။ အရင်ကလို မြေစိုက်တဲနန်းနဲ့နေတာ မဟုတ်တော့ဘူး။။ ဘုံပျံနတ်နန်း တိုက်ခန်းကြီးများနဲ့ စံမြန်းနေတာကလား။ ကျုပ်တို့လို လမ်းပေါ်က ကောင်မျိုးကို ဘယ်ဆင်းတွေ့မှာတုန်း။ တိုက်ကြီးပေါ်ကပဲ လှမ်းပြောတယ်။ ကျုပ်ကတော့ လမ်းပေါ်ကဆိုတော့ သိပ်မကြားရဘူး။ မန္တလေးဘိုးဘိုးကြီးသွားပြီး ကိုးစရာ ရှိတယ်ဆိုသလား။ သွားကန်တော့စရာ ရှိတယ် ဆိုသလားပဲ။ ဒီတော့ ပန်ဒစ်ကြီးက ကျုပ်တို့နဲ့ မလိုက်နိုင်ဘူးတဲ့။ ကျုပ်နဲ့ ကိုရင်စိုးညွန့်တို့ နှစ်ယောက်သားပဲ အင်္ဂါဂြိုဟ်ကို ကြိတ်ရတော့တာပေါ့။
ဒီလိုနဲ့ ကျုပ်တို့ နှစ်ယောက်သား အင်္ဂါဂြိုဟ်ရောက်သွားသပေါ့။ အသွားတုန်းကတော့ ခါလီသွားတဲ့ ဒုံးပျံဆိုတော့ ပိုက်ဆံတွေ ဘာတွေ မပေးရဘူး။ ဒုံးပျံဆိပ်က လူတွေနဲ့လည်း ကိုရင်တာက ရင်းတာကိုး။ အပြန်တော့ ဟိုဘက်ဒုံးပျံဆိပ်က လူတွေနဲ့ မရင်းတော့ သင်းတို့က ကြည့်ကြည့်ကြောင်ကြောင် လုပ်နေသေးတာ။ ဒီတော့ ကိုရင်စိုးညွန့်က ဒုံးပျံဂိတ်မှူးကြီးနား အသာကပ်ပြီး ဘောင်းဘီအိတ်ထဲ ဘာကလေးမှန်းမသိဘူး အသာထည့်လိုက်တာ၊ အကုန်အဆင်ပြေသွားပါလေရော။ ဒီလိုနဲ့ လိုရင်းပြောရရင်တော့ ကျုပ်တို့နှစ်ယောက်သား အင်္ဂါဂြိုဟ်ကနေ ပြန်ရောက်လာကြတယ်။ အင်္ဂါဂြိုဟ်ကို သွားတယ်။ အင်္ဂါဂြိုဟ်ကနေ ပြန်လာတယ်။ ဒါပဲ။ အင်္ဂါဂြိုဟ်အကြောင်း သိချင်ရင်တော့ ရှာဖတ်ကြပေါ့ဗျာ။ ဘာထူးမှာတုန်း။ အင်္ဂါဂြိုဟ်၊ အင်္ဂါဂြိုဟ်ပေါ့။ ဒါပေတဲ့ ကျုပ်ကလည်း သူများတွေလို ခရီးသွားမှတ်တမ်းတို့ ဘဝအတွေ့အကြုံတို့ ရေးချင်သေးသပေါ့ဗျာ။ ကျုပ်က အဲသလို ရေးမယ်ကြံတော့ ကိုရင်စိုးညွန့်ကို ပြောတယ်။ ငါ ရေးပြီး မင်းနည်းနည်း ဖတ်ကြည့်စမ်းပါလို့။ သူက ကျုပ်ထက် စာသွားသမို့လား။
ဒီနေ့တော့ ကျုပ်ရေးထားတာကလေးကို သူက လာဖတ်ပေးတယ်။ ဒါပေတဲ့ သင်းက ဖတ်ရုံမဟုတ်ဘူး။ အမေးအမြန်းက ထူသကိုး။ စ,တယ်ဟေ့ဆိုတာနဲ့ မေးတော့တာ။ ဟကောင်၊ မင်းက ဘာလို့ အနာဂတ်လမ်းကို စမ်း၍လျှောက်ခြင်း လုပ်ရတာတုန်း။ သူများတကာက အတိတ်ကို ပြန်သွားတာ။ မင်းကျမှ ပေါက်ပေါက်ရှာရှာကွာ၊ ဟ တို့ အင်္ဂါဂြိုဟ်သွားတာက အနာဂတ်မှာကွ။ အတိတ်တုန်းက မဟုတ်ဘူး။ အနာဂတ်ဆိုတာက စမ်းပြီးလျှောက်ရတာ။ အတိတ်ဆိုတာက ပြီးပြီးသား။ စမ်းလျှောက်စရာ မလိုဘူး။ ဒီတော့ ကိုရင်စိုးညွှန့်က သိပ်ဘဝင်ကျပုံ မပေါ်ပေတဲ့ ဘာမှ ဆက်မပြောဘူး။ အသာဆက်ဖတ်နေတယ်။ ကျုပ်လည်း အသာပဲ ကပြင်ပေါ်လှဲနေရင်း ကွမ်းဝါးနေမိတယ်။ အဲဒီတုန်း ကိုရင်စိုးညွန့်က မေးပြန်လေရော။ နေပါဦးဟ၊ မင့်အမျိုးတွေအကြောင်းက ဘာလို့ ဒီအထဲမှာ ပါနေရတာတုန်း။ အင်္ဂါဂြိုဟ်သွားတာက မင်းနဲ့ ငါရယ်၊ သူတို့မှ မပါတာ။ အမေးရှိတော့လည်း အဖြေရှိပါသော်ကောဗျာ။ ဒီမှာလေ၊ ငါ့လူရယ်၊ မင်းနဲ့ ငါလျှောက်သွားတော့တဲ့အကြောင်းရေးတော့ ဘယ်သူက ဖတ်မှာတုံး။ သွားတယ် ပြန်တယ်ဆိုကလည်း ဘယ်သူက ဘာစိတ်ဝင်စားစရာ ရှိမှာတုန်း။ ဒီတော့ ငါက ငါ့ဆွေမျိုးတွေအကြောင်း ထည့်ရတာပေါ့။ ကိုရင်စိုးညွန့်က ကျေနပ်ပုံမပေါ်ဘူး။  ဒါပေတဲ့၊ ဘာဆိုင်လို့တုန်း။ မင်းဟာ ဦးဖိုးထွန်းဆည်နားမှာ မင်းယောက်ဖ ရည်းစားစကားပြောတာတောင် ပါလိုက်သေးတယ်။ ဟကောင်ရဲ့၊ ဒါ အိပ်ဆိုက်တမင့်ကွ။ စာရေးရင် ဒါမျိုးကလေး ပါမှ။ ဒါမျိုးကလေး ရေးချင်လည်း ဝတ္ထုရေးပေါ့ကွာ။ မင်းရေးတာက ခရီးသွားဆောင်းပါးလိုလို၊ ဘဝအတွေ့အကြုံလိုလို ဟာမျိုး မဟုတ်လား။
ခက်တော့ ခက်တယ်။ ကိုရင်စိုးညွန့်က စာသွားပေတဲ့ ဖွတ်မော်ဒန် ဆိုတာတွေ ဘာတွေ သိပ်သိပုံမပေါ်ဘူး။ ဒီတော့ နည်းနည်း ရှင်းပြရတယ်။ ဒီလိုရှိသကွဲ့ ငါ့လူရယ်၊ ဖွတ်မော်ဒန်ဆရာကြီးများက အမှာစကားရှိထားတယ်။ စာရေးရင် ကြုံရာကျပန်းရေးရမယ်တဲ့။ အဆက်အစပ်မဲ့ ရမယ်တဲ့။ မသေမချာ ဝေဝါးလာရမယ်၊ အမျိုးအမည်ခွဲမရ ဖြစ်လာရမယ်တဲ့။ ဒီတော့ ငါက ဟိုလိုလိုဒီလိုလိုရေးတာ၊ ဖွတ်မော်ဒန်ဆရာကြီးတွေရဲ့ အဆုံးအမအတိုင်း ရေးတာပဲ။ ကိုင်း ဖတ်မှာသာ ဆက်ဖတ်စမ်းပါ။ ဒီတော့ သင်းက သိပ်ကျေနပ်ပုံမပေါ်ဘူး။ ဒါပေတဲ့ ဆက်ဖတ်နေတယ်။ မကြာမကြာ ကျုပ်ကိုတော့ လှမ်းကြည့်နေတတ်တယ်။ ကျုပ်ကတော့ မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ ဒါပေတဲ့ သင်းက အမေးအမြန်း ထူပါသော်ကော။  ဟကောင်၊ အင်္ဂါဂြိုဟ်ဆိုင်ရာ ကသ္မီယပြည်နယ် သံအမတ်ကြီးက ထမင်းခေါ်ကျွေးတယ်ဆိုတာတို့၊ အင်္ဂါဂြိုဟ်က ဂဝံကျောက်များဆိုင်ရာ ပညာရှင်ကြီးများအသင်း ဥက္ကဋ္ဌကြီးက ထမင်းခေါ်ကျွေးတယ်ဆိုတာတို့က ဘာတွေတုံး။ မင်းကိုချည်း ခေါ်ကျွေးတာလား။ တို့ကို သက်သက် ဂုဏ်ပြုတာမှ မဟုတ်ဘဲ။ သူများကျွေးရင်း ပိုတာတွေ ခွေးကျွေးပစ်ရမှာမို့ တို့ကို ခေါ်ကျွေးတာ မဟုတ်ဘူးလား။ ခက်တော့ ခက်တယ်။ ကိုရင်စိုးညွန့်က စေ့စပ်တယ်။ ဒီတော့ ကျုပ်က ရှင်းပြန်ရပြန်တယ်။ ငါ့လူ၊ မင်းပြောတာတွေက အမှန်ချည်းပဲ။ ဒါပေတဲ့ အဲဒီလို အမှန်တွေချည်း လျှောက်ရေးလို့ ဘယ်သူက ကြိုက်မှာတုံး။ ဘယ်သူက အထင်ကြီးမှာတုန်း။ နေစမ်းပါဦး၊ မင်းရေးတဲ့ ခရီးသွားမှတ်တမ်းက ဘေးလူအထင်ကြီးအောင် ရေးတာလား။ ဟုတ်သပ ငါ့လူရာ၊ ခုခေတ်မှာ ခရီသွားမှတ်တမ်းရေးကြတာက ဘေးလူအထင်ကြီးဖို့ဟ၊ ဖတ်တဲ့လူတွေ ပညာရဖို့ မဟုတ်ဘူး။ ဖတ်တဲ့လူတွေ ပညာရစေချင်ရင်တော့ ကင်းဝန်မင်းကြီးရေးသလို ရေးမှာပေါ့။

ဘယ်လိုတဲ့တုံး။
ဒီလိုလကွာ၊ `…… ကပ္ပီတန် အပ္ပတန်တို့ ရထားစီးနင်းပြီးလျှင် လန်ဒန်မြို့က ခရီးမြန်မာတိုင် ၁၂ တိုင်ကွာ အတ်စကောက်ခေါ်အရပ်တွင် တစ်နှစ်လျှင် တစ်ကြိမ်လုပ်မြဲ မြင်းပွဲသို့ သွားရောက်ကြည့်ရှုကြသည်။ ၄င်းမြင်းပွဲမှာ ၂ စီး၊ ၄ စီး၊ ၆ စီး တွဲဖက်ကာ ပြိုင်ကြသည်။ လောင်းကြေးအများလောင်းကြသည်´
အဲသလိုရေးတာ။ အဲဒါ သိစေချင်လို့ ရေးတာ။ အဲဒီတုန်းက မြန်မာစာ ဖတ်တဲ့လူတွေကို မြန်မာအတိုင်းအတာနဲ့ မြင်စေချင်လို့ မြန်မာတိုင် ၁၂ တိုင်လို့တောင် ရေးတာ မင်းမမြင်ဘူးလား။ ဒီလိုဖြင့် မင်းက ဘာလို့ အဲသလိုမရေးတုံး။ ခက်များ ခက်ရချည်ရဲ့။ ကိုရင်စိုးညွန့်က ကျုပ်ပြောတာ မမြင်ဘူး။ ဒီလိုဟ၊ ခုကာလမှာ အဲဒီလို မရေးကြတော့ဘူး။ ရေးကတည်းက ခပ်ကြွားကြွားကလေးနဲ့ ရေးတာ။ ဒီတော့ မဆီမဆိုင် လေယာဉ်ပျံပေါ်မှာ လေယာဉ်မယ်ကလေး အစာလာချတာက အစ၊ လေယာဉ်မယ်ကလေးတွေ နှုတ်ဆက်တယ်ဆိုတာက အစ၊ အကုန်ထည့်ရတော့တာပဲ။ ဒီထက် နည်းနည်း ပိုချင်ရင် လေယာဉ်စီးလို့ ခေါင်းမူးတယ်ဆိုတာတောင် ထည့်လို့ရသေးတယ်။ ကိုရင်စိုးညွန့်ခမျာ အတော်ခေါင်းရှုပ်သွားပုံရတယ်။ ဖတ်လက်စ စာရွက်တွေ ဘေးချပြီး ငုတ်တုတ်ထထိုင်ရင်း ဘေးမှာချထားတဲ့ ဖက်ဖြူလိပ်ကလေးကို မီးပြန်ညှိလိုက်တယ်။ ပြီးမှ မှတ်ချက်ချတယ်။ မင်းဟာက မနိပ်သေးပါဘူးကွာ၊  ဘယ်မဂ္ဂဇင်းတိုက်ကမှ သုံးမယ် မထင်ဘူးတဲ့။
သူက အဲဒီလို ပြောပြီး ဆေးလိပ် အသာဖွာနေတယ်။ ကျုပ်ကတော့ သူ မကြိုက်လည်းနေ၊ ဘယ်သူမှ မကြိုက်လည်း မတတ်နိုင်ဘူး။ ရေးချင်တာတော့ ရေးရမှာပဲ။ ဆရာကြီးဦးဖိုးသင်းရှိတုန်းက ဆုံးမဖူးတယ်။ ရေးချင်တာရှိ ရေးထားပေါ့ကွာ။ ထုတ်ဝေသူ မရှိရင်တောင် ဆောင်းအခါ မီးလှုံလို့ ရတာပေါ့တဲ့။ ကျုပ်လည်း အဲဒီမူအရ ရေးတာပဲ။ အဲဒီတုန်း ကိုရင်စိုးညွန့်က ဘာသတိရလိုက်တယ် မသိဘူး။ မေးပြန်တယ်။ နေပါဦးကွ၊ စာအဆုံးမှာ မင်းက ဥပေက္ခာတရား ပွားများနိုင်ကြပါစေလို့ ရေးထားတာက ဘာလို့တုံး။ ဒီကိစ္စကတော့ လွယ်တယ်။ ကျုပ်က ခပ်လွယ်လွယ်ပဲ ရှင်းပြလိုက်ရတော့တယ်။ မင်း စဉ်းစားကြည့်လကွာ၊ ငါတို့ဘာသာ သွားချင်ရာသွား၊ ရေးချင်ရာ ရေးထားတာတွေကို ဖတ်တဲ့လူတွေက ဘယ်လောက် မျက်စိနောက်လိုက်မလဲ။ ဒီတိုးရစ်ဆိုလား၊ တူးရစ်ဆိုလား အကောင်တွေ တောရေးတောင်ရေးတွေသာ မပါရင် ဒီမဂ္ဂဇင်း ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးတဲ့ စာဖတ်ပရိသတ်လည်း အများကြီးနေမှာ။ ဒီတော့ ဝိုင်းဆဲချင်ကြမှာကွ။ အဲဒီလို ဆဲနေမယ့်အစား ဥပေက္ခာတရားလေး ပွားနေကြရင်ဖြင့် ငါတို့ အဆဲခံရတာ သက်သာအောင်လို့ပါ။ ကိုရင်စိုးညွန့်က ကျုပ်ကို အသာကြည့်ပြီး ခေါင်းခါတယ်။ ဆောင်းဦးကျမို့ ခေါင်းထဲ ဘောက်ထလို့ ယားပုံရတယ်။ ကျုပ်ကတော့ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက် ဆက်ရေးဦးမယ်။ အနည်းဆုံး ဒီနှစ်ဆောင်းရောက်တဲ့ အခါ ကျုပ်ရဲ့ ခရီးသွား ဆောင်းပါးရှည်ကြီးဟာ မီးလှုံဖို့တော့ အသုံးကျလိမ့်မယ် ထင်တယ်။

via: http://www.tazar.in/?p=1001

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...