Monday, November 28, 2011

“ဖန်ရည်ကျိုဆရာဝန်”

by Soe Min on Tuesday, November 29, 2011 at 12:40pm
 
          ကလေးဘ၀မှာ သမိုင်းသင်တုန်းက မှတ်မိနေတဲ့ နံမည်တစ်ခုရှိပါတယ်။ ဖန်ချက်ဝန်ဦးရွှေအိုး တဲ့။ ကုန်းဘောင်ခေတ်ကတည်းက မြန်မာတွေ ဖန်ရည်ကျိုစက်တွေ ထောင်ထားပြီဆိုပဲ။ တို့ဆရာဝန်တွေလည်း ဖန်တွေကို ချက်တတ်၊ အရည်ကျိုတတ်နေပါပြီကွယ်။ ဖန်ပုလင်း။ ဖန်ခွက်တွေတော့ ဘယ်ဟုတ်မလဲ။ ဂလိုဘယ်ဖန်တို့။ သရီးဒီဖန်တို့လေ။ တစ်ပြားမှ မကျန်အောင် အပိုအလိုမရှိ ကျိုတတ်ချက်တတ်ပါတယ်။ မယုံမရှိနဲ့။ ဟော.. `ငါ မင်းကို သတ်ချင်တယ်။ ငါ မင်းကို သတ်ချင်တယ်´ ဆိုတဲ့သူတွေ လိုက်လာကုန်ပြီ။ လကား လကားစတာနော်။ `စိတ်မဆိုးနဲ့ လိပ်မျိုးရယ်။ ငြှိုးပါနဲ့ကွယ်။ အောက်သိုးသိုးနဲ့ တမျိုးကြည့်နေတာ ကလိရဦးတော့မယ်´လို့ ဂုံညင်းထိုးမယ် သီချင်းလေးနဲ့ ပြန်ချော့ပါ့မယ်။
တကယ့်တကယ်တော့ အဲဒီဆရာဝန်တွေဟာ မြန်မာပြည်သူတွေ ကျန်းမာရေးအတွက် ဘယ်လောက်အရေးပါသလဲဆိုတာကို ပြောပြမလို့ လူစိတ်ဝင်စားအောင် အင်ထရိုဝင်လိုက်တာပါ။ သိတယ်မဟုတ်လား။ ဘာအကြောင်းပဲစ စ၊ ပွဲဆူအောင် အရင်ဖွရတယ်တဲ့။ မှတ်သားထားမိတဲ့ ပညာတွေပေါ့ကွယ်။

          ရန်ကုနှ်မှာနေတုန်းကတော့ ဆေးရုံနဲ့ ဆေးကျောင်းထဲမှာပဲ ကျင်လည်နေခဲ့ရတော့ အဲဒီလို ဖန်တွေကို အရည်ကျိုတဲ့ဆရာဝန်မျိုးကို သိပ် မရင်းနှီးမိဘူးပေါ့လေ။ နယ်ရောက်တော့မှ ပြည်နယ်ရုံးတွေမှာ တွေ့ဖူးတာ။ သူတို့ကို အဖွဲ့ခေါင်းဆောင်ဆရာဝန်တွေ လို့ခေါ်တယ်။ အဆုတ်ရောဂါအတွက်က တစ်ဖွဲ့၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆိုတာက တစ်ဖွဲ့၊ တိုးချဲ့ကာကွယ်ဆေးထိုးအဖွဲ့၊ ၀မ်းပျက်ဝမ်းလျှော၊ ကာလသားရောဂါ၊ အနာကြီးရောဂါ၊ ခုခံအားကျဆင်းမှုရောဂါ စသည်စသည်ဖြင့် ပြည်သူလူထုကျန်းမာရေးအတွက် အဓိကပြဿနာကြီးတွေကို ထိထိရောက်ရောက် နဲ့ စံနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဗျူဟာမှူးကြီးတွေ အဖြစ် တာဝန်ယူကြရတာပေါ့ကွယ်။ သူတို့ခမျာမလည်း လက်နက်ကိရိယာစုံလင်စွာနဲ့ပေမယ့် ဘယ်သောအခါမှ နိုင်ခြေမရှိတဲ့ စစ်ပွဲကြီးတွေကို နံမည်အပျက်ခံပြီး တိုက်ပွဲဝင်နေကြရသလိုပါပဲကွယ်။ တားထားရုံ၊ တန့်ထားရုံသာ တတ်နိုင်တာ။ တစ်ကမ္ဘာလုံးမှာတောင် ကင်းစင်သွားတာ ကျောက်ရောဂါ နဲ့ ပိုလီယို နှစ်မျိုးပဲ ရှိသေးတယ်။ နောက်ကကောင်ကဆို တယ်ငြိမ်ချင်သေးတာ မဟုတ်ဘူး။ ဒါတောင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေ အများကြီးနဲ့ တိုက်ဖျက်နေကြတာနော်။ တကယ်လို့များ သူတို့သာမရှိရင် အဲဒိကပ်ရောဂါဆိုးကြီးတွေနဲ့ ဘယ်လိုတွေများ ဖြစ်ကုန်မလဲလို့ တွေးကြည့်လိုက်ကြရအောင်။

          ပထမဦးဆုံး အဆုတ်ရောဂါ လို့ပြောနေတဲ့ တီဘီရောဂါအကြောင်း အရင် စပြောရအောင်။ အင်္ဂလန်သမိုင်းမှာ ဆစ်ဖလစ်နဲ့သေတဲ့ ရှင်ဘုရင်ရှိခဲ့ပေမယ့် မြန်မာ့သမိုင်းမှာတော့ တီဘီဖြစ်ပြီးသေတဲ့ဘုရင် မဖတ်မိသေးပါဘူး။ စစ်ကြိုခေတ်တုန်းကလည်း တီဘီက သိပ်ပြီး ခေတ်မစားလှသေးဘူး။ စစ်ပြီးခေတ်ကနေ လွတ်လပ်ရေးရကာစအချိန်တွေမှာတော့ တီဘီဆိုတာ အင်မတန် ကြောက်စရာကောင်းတဲ့ ရောဂါဆိုးကြီး။ ကုရာနတ္ထိဆေးမရှိသလောက် ခံရခက်လွန်းတဲ့ဝေဒနာကြီး။ တီဘီဖြစ်တဲ့သူဟာ အမြစ်တွေခြောက်ပြီး တဖြေးဖြေးသေသွားတဲ့ သစ်ပင်လို အဆီတွေအသားတွေ ခြောက်ခန်းသွားတတ်တာမို့ မြန်မာတိုင်းရင်းဆေးဆရာတွေကဆို မြစ်ခြောက်နာ လို့တောင် နံမည်ပေးထားကြတဲ့ ရောဂါကြီးပါတဲ့။ ဆရာရွှေတိုင်ညွန့်လည်း တီဘီနဲ့ အစောကြီးသေရရှာတယ်လို့ ပြောကြတယ်။ ကိုယ်မမီလိုက်တဲ့ အဘိုးဟာလည်း တီဘီရောဂါနဲ့သေတာ အသက်ကလေးမှ လေးဆယ်ကျော်ရုံကလေး ရှိသေးသတဲ့။ ဆရာမကြီး ခင်နှင်းယုတောင် တီဘီဖြစ်လို့ အိန္ဒိယက အာရောဂျံဆေးရုံမှာ သွားကုရသတဲ့။ `မွှေး´ ၀တ္ထုထဲမှာ ဗိုလ်ကြီးကိုကိုနိုင် နောက်မိန်းမရသွားတာတောင် မယားဖြစ်သူ တီဘီရောဂါကြောင့် သျှောင်နောက်ဆံထုံးမပါနိုင်လို့ ဆိုပြီး သတ္ထုချထားသလိုပဲ။ (အိမ်ကမိန်းမပဲ ဓါတ်မှန်အရိုက်ခိုင်းရတော့မလို) ဆရာမကြီး ကြည်အေးရဲ့ `နွမ်းလျအိမ်ပြန်´ ဆိုတဲ့ ငယ်မူလက်ရာကလေးလည်း မြည်းကြည့်လိုက်ပါဦးလေ။ တီဘီက ဇာတ်လိုက်ဗျ။

          `တင်မေ့မှာတော့ ဘယ်လို စကားမျိုးကိုပဲ ကြားရ ကြားရ၊ ဘာမှ မဖြစ်တော့ပါ။ ကိုယ့်ကိုယ်ကိုယ်သိတာထက် ဘယ်သူက ပိုသိဦးမှာလဲ။ မှန်ကိုကြည့်လိုက်လျှင် နက်ရာကညို၊ ညိုရာကနေ မီးခိုးသွေးပေါက်နေသည့် ဆံပင်ခြောက်များ၊ အသားအ၀ါနှင့် နှုတ်ခမ်းအပြာ၊ မျက်လုံး ကြည်လောင်လောင်။ အသက်ဆိုသည့်မီးတောက်ကလေးသည် တင်မေ့ကိုယ်ထဲတွင် ဖျော့တော့အားနည်းလှစွာ ငြိမ်းလု ငြိမ်းလုနှင့် တောက်နေသည်ဆိုတာကို သိရပေမည်။ ချောင်းဆိုးသွေးပါနှင့် မောင်လေးအပုဆုံးဖို့ ဆယ်ရက်လောက်အလိုမှာ မြင်ရသည့်ရုပ်နှင့် အင်မတန်တူသည်။ ထို့ကြောင့် ဘယ်စကားမျိုးကို ကြားရ ကြားရ၊ တင်မေစိတ်ထဲ ဘာမှ မဖြစ်တော့ပါ။ ဘ၀၏ နောက်ဆုံးနေ့ကိုသာ တွေးနေမိသည်။ ထင်မြင်ထားသလောက် မနီးသည့်အတွက် စိတ်တောင် မရှည်နိုင်တော့။ လှိုင်းအောက် ရောက်သွားပြီထင်ကာ ကျောက်ဆောင်နှင့် ရိုက်ဆောင့်ဖို့ကို မြင်နေသော်လည်း နောက်ဆုံး ဂယက်တစ်ပွေ့မှာ လှိုင်းထိပ်ပြန်တက်ရခြင်းကို ဒေါသဖြစ်နေလေသည်။ လှိုင်းထိပ်တက်ရခြင်းမှာ အကောင်းမှ မဟုတ်ပဲ။ နောက် သည့်ထက်နှစ်ဆ ဟိုက်သွားသည့် လှိုင်းချောက်ထဲကို ဒလိမ့်ခေါက်ကွေး ဆင်းဖို့ပဲ မဟုတ်လား။ ပန်းလှပါပြီကွယ်။´ တဲ့။

          အဲဒါ ၁၉၅၃ ခုနှစ် ဇန္န၀ါရီလက ရှုမ၀ မဂ္ဂဇင်းမှာ ပါခဲ့တာပါ။ ခုဆို အနှစ်ခြောက်ဆယ်တောင် ပြည့်တော့မယ်နော်။ တီဘီကတော့ ပန်းပန်လျက်ပါပဲ။ အသေအပျောက်အများဆုံး ရောဂါစာရင်းထဲမှာ သူ့ကို ဘယ်သူမှ မမီသေးဘူး။ ဒီရောဂါကို ဆရာဝန်တွေ ဘယ်လိုတိုက်နေရတယ် ထင်သလဲ။ ချောင်းဆိုးတာ ရက်ကြာလာပြီ။ ကိုယ်အလေးချိန်ကျလာပြီ။ ကလေးလေးတွေ လည်ပင်းကျိတ်ကလေးတွေနဲ့ ညဘက် ညဘက် ကျောပူခေါင်းပူ ခနခနဖြစ်ပြီ။ ရောဂါရှိတဲ့သူနဲ့လည်း နီးစပ်နေတယ်ဆိုရင်ဖြင့် သွေးစစ်၊ သလိပ်စစ်၊ ဓါတ်မှန်ရိုက်။ တီဘီဖြစ်ပါစေသာ ဆုတောင်း၊ တီဘီဖြစ်လို့ကတော့ ထမင်းလည်းကျွေးမယ်။ နင်းလည်းပေးမယ်။ အိမ်တိုင်ယာရောက် ဆေးလာတိုက်မှာ။ ဆေးအလကားရတယ်။ တခြားရောဂါကမှ ကိုယ့်ဆေးကိုယ် ၀ယ်သောက်ရဦးမယ်။ အိုင်အန်န်ဂျီအိုတွေဆို ဆန်၊ ဆီ၊ ပဲ၊ နို့ဆီ၊ သကြား၊ လမ်းစရိတ်ပါမကျန်ဘူး။ ဆေးရုံတက်ရင်တောင် စားရိတ်ငြိမ်း၊  ဟိုတုန်းကဆို တီဘီလူနာမှတ်ပုံတင်စာအုပ်ကို ထမင်းစားလက်မှတ်လုပ်ပြီး ဆေးတွေ မသောက်ပဲ ပြန်ရောင်းစားနေကြလို့ ကျန်းမာရေးဝန်ထမ်းတွေကိုယ်တိုင် `တိုက်ရိုက်ကြည့်ရှု အချိန်တိုနဲ့ကု´ ဆို ဆန်စင်ရာ ကျည်ပွေ့လိုက်ပြီးတောင် ကုပေးနေကြတယ်။ ဒီလိုဆိုတော့ ပျောက်ပလား မောင်ရယ် လို့တော့ မမေးပါနဲ့လေ။ ကိုယ့်ဘာသာပဲ ကြည့်လိုက်ကြပါတော့။ အခု အမ်းဆေးရုံ သေးသေးကလေးမှာ ကျောရိုးတီဘီနဲ့ အောက်ပိုင်းသေနေတဲ့လူနာတွေ တွေ့ရတာ လေးငါးခြောက်ယောက်ရှိပြီ။ ရောက်တာဖြင့် တစ်နှစ်မရှိသေးဘူး။ အဆုတ်တီဘီကတော့ ဘာပြောကောင်းမလဲ။ တကယ်လို့များ တခြားရောဂါတွေလို တီဘီဆေးကို အပြင်မှာ ၀ယ်သောက်ရမယ်ဆိုရင် တွေးတောင် မတွေးရဲဘူး။

          ကဲဗျာ။ တော်လောက်ပါပြီ။ တီဘီ။ ငှက်ဖျားဘက် လှည့်လိုက်ကြဦးစို့။ ရန်ကြီးအောင် ကုန်းဘောင်ခတဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတောင် ယိုးဒယားမှာ ငှက်ဖျားနဲ့ နတ်ရွာစံခဲ့ရတယ်။ သူက ပိုပြီး ရှေးကျတယ် ဆိုရမှာပေါ့။ ဆရာကြီး ရွှေဥဒေါင်းတို့ ၊ ဆရာကြီး ပီမိုးနင်းတို့ခေတ်ကဆို ရှမ်းပြည်တက်ဖို့ဆိုတာ သေလမ်းသွားရသလိုပဲ။ ငှက်တော ခွေးတောမို့ပါတဲ့။ လေပါတီမမြရင်လည်း ငှက်ဖျားနဲ့ အသက်ဆုံးရရှာတယ်။ ဦးစိန်ကတုံးတောင် အသက်ကသာ လွတ်တာ။ ဆံပင်တွေ ပြောင်သွားလို့ စိန်ကတုံး နံမည်တွင်ရရှာသတဲ့။ အင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းတော့ ရခိုင်နဲ့ တနင်္သာရီကမ်းရိုးတန်းက စတယ်။ အုပ်ချုပ်ရေးအတွက် စစ်တွေနဲ့ ထားဝယ်ကို မြို့တည်ပြီး ခရိုင်ရုံး စိုက်တဲ့အခါမှာ စစ်ရေးအရ အချက်အခြာကျတဲ့ အမ်းမြို့ကို ခရိုင်ရုံး ထားခဲ့တယ်လို့ ဆိုတယ်။ သို့သော်လည်း အရေးပိုင်မင်း သုံးဆက်တိုင်တိုင် ငှက်ဖျားနဲ့ချည့် ဘုရားသခင်ခေါ်တော်မူသွားလို့ ရေရေလည်လည် ဖြုံသွားပြီး ကျောက်ဖြူမှာ ရုံးသွားထိုင်ပါသတဲ့။ ခုမှပဲ ကိုယ့်ကိုယ်ကိုယ် တယ်လည်းသတ္တိကောင်းပါကလား လို့ သတိရမိတော့တယ်။
            ဖြစ်ဖူးပါတယ်ဗျာ။ ဘာကြောက်စရာရှိသလဲ။ လောက်ကိုင်မှာကတည်းက ငှက်ဖျားဆိုတာ ဘယ်လိုအရသာမျိုးလဲ ရေရေလည်လည် မြည်းလိုက်စမ်းလိုက်ရတယ်။ အိမ်သာတက်ရင်း ရေခွက်ကိုင်လိုက်ရုံနဲ့ ကျင်စက်နဲ့တို့လိုက်သလို စိမ့်ပြီးချမ်းလာရော။ အပြင်ကချမ်းတာ မဟုတ်ဘူး။ အရိုးထဲက ချမ်းတာ၊ စောင်တွေခြုံပြီးကွေးလည်း တုန်နေအောင်ချမ်းတယ်။ ခနကြာတော့မှ ကိုယ်က ခြစ်ခြစ်တောက်ပူလာပြီး ကိုက်ခဲလာရော။ တအောင့်နေရင် ချွေးတွေပျံပြီး အဖျားကျသွားတယ်။ နောက်တခါ အဖျားမတက်မချင်း အကောင်းအတိုင်းပဲ။ ဆေးရုံမှာ ဆရာဝန်နည်းတဲ့အချိန်မို့ လူနာကြည့်နေရင်း အဖျားတက်လာရင် ဆရာဝန်အခန်းထဲ တရေးဝင်မှိန်းလိုက်တယ်။ လွန်ရောကျွံရော တစ်နာရီဆို ပြန်ထွက်လာပြီး လူနာဆက်ကြည့်ရတာပ။ ခုခေတ်မှာ ငှက်ဖျားဆိုတာ ကြောက်စရာမဟုတ်တော့ပါဘူး။ ဆေးကောင်းဝါးကောင်းတွေ အရှိသားပဲ။ သို့သော်လည်း ဆေးပတ်မလည်မချင်း ဘာအစားမှ အနံ့ခံလို့မရဘူး။ ရေတစ်ခုပဲ ၀င်တယ်။ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ၀ိတ်ချနည်းထဲမှာ ငှက်ဖျားပါတယ်။ ငှက်ဖျားပိုးလေးတွေစုပြီး စိုးမြတ်သူဇာတို့ နန္ဒာလှိုင်တို့ သွားရောင်းရကောင်းမလား မသိဘူး။ အကယ်ဒမီပွဲအမီ အာမခံနဲ့ ၀ိတ်ချပေးမယ်ဆိုပြီး။ ငှက်ဖျားပိုးတွေကသာ ရောင်းလို့မရရင် နေမယ်။ ငှက်ဖျားဆေးတွေကတော့ အပြင်ကို ရောင်းစားလို့ ရပါသဗျား။ ဆေးတွေက ဈေးကောင်းပါဘိသနဲ့။ အလှူရှင်တွေ ဘယ်ဘက်က တစ်ဆုပ်ကျဲလိုက်ရင် ညာဘက်က တစ်လှည်းထွက်သွားတာ အတိအကျ လက်ထောက်မချတော့ပါဘူး။ ဖြစ်တတ်တဲ့သဘောလေးတွေ သိရင်တော်ပါပြီ။ ဒီတခါဆို တကယ်လာသတ်လိမ့်မယ်။ ဘာပဲပြောပြော ကျုပ်တို့အမ်းဆေးရုံမှာတော့ ငှက်ဖျားဆေးလည်း အလကားပေးပါသဗျား။ ဒီဆေးနဲ့မနိုင်ရင် ဟိုဆေးနဲ့လည်း မရရအောင် ကုပေးပါသဗျား။ ဆေးစိမ်ခြင်ထောင်တွေလည်း ဝေပါသဗျား။ ငှက်ဖျားကတော့ ရယ်တာပေါ့ ရယ်တာပေါ့တဲ့။ တောင်ပေါ်သားဆိုတာ သူသူကိုယ်ကိုယ် ဘေလုံးကြီးတစ်တောင်လောက်နဲ့ ခြင်တွေကို မျိုးပြုတ်အောင် ငှက်ဖျားပိုးတွေ ဝေပေးနေတာ။ အဲဒီခြင်တွေကမှု ဆေးမရှိ ဆရာဝန်မရှိ ဖြစ်တာနဲ့ တန်းသေတာတောင် ခုထက်ထိ ကုန်တယ်လို့မှ မရှိဘူး။ တကယ်တော့ ခြင်ဆိုတာ သူ့ဟာသူ တောထဲစိမ့်ထဲနေတာ။ လူတွေကသာ ရပ်ချဲ့ရွာချဲ့နဲ့ ငှက်ဖျားပိုးတွေ သယ်သယ်လာပြီး သူများသားသမီးတွေ မျိုးတုန်းအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ကလည်း လုပ်ချင်သေးတယ်။ `တို့မရှိရင် ဒင်းတို့ ဘတ်ဂျက်ကျမယ် ထင်လို့လား နော်´ တဲ့။

          တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်တွေတင် အလုပ်ရှုပ်တာမဟုတ်ပါဘူး။ ရောဂါကာကွယ်ရေး အဖွဲ့တွေကလည်း နားရတယ်လို့မှ မရှိတာ။ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ က စလို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတွေဆိုတာလည်း ကျေးရွာအရောက် ခရီးပေါက်လို့။ ကျုပ်တို့လို တောဆရာဝန်ကလေးတွေ လင်ခရုဆာစီးဖူးတာ သူတို့ကျေးဇူးလေ။ ကိုဇာဂနာတောင် ဆန်တွေ ရဟတ်ယာဉ်စီးတာပဲ သိတာ။ ဒီမှာတော့ ပိုလီယိုပိုးရှိမရှိ မသင်္ကာရင် အီအီးတွေလည်း လေယာဉ်ပျံစီးရတယ်။ သားသားတို့လည်း အီအီးနဲ့ အကြုံလိုက်ပြီး အိမ်ခနပြန်လို့ရတယ်။ မမျှော်လင့်ပဲ အိမ်ပြန်လာလို့ သမီးက ၀မ်းသာနေရင် `အဲဒါ အီးကျေးဇူးကြောင့်ပေါ့´ လို့ အံတီဆင့်အသံကြီးနဲ့ ပြောပြရတယ်။ လောက်ကိုင်မှာ ရွာတွေဆင်းပြီး ကာကွယ်ဆေးထိုးထွက်တော့ ငယ်ငယ်တုန်းက ကျောင်းမှာ ကျောက်ဆေးလာထိုးရင် ကိုယ်တွေ ခုံအောက် ၀င်ပုန်းနေသလိုပဲဗျာ။ ကလေးတွေ ကလေးတွေဆိုတာ ဆေးထိုးခံရမှာ ကြောက်လို့ တောထဲဝင်ပုန်းကြတာ။ ပြီးကျ ဆရာဝန်ဆိုတာလည်း မြင်ဖူးချင်တော့ ဟိုနားကချောင်းကြည့် ဒီနားကချောင်းကြည့်နဲ့။ ရွာလူကြီးက ထွက်ခေါ်ရင် ပတ်ပြေးကြရော။ `ဆီပေးပါ့မယ်။ ဆန်ပေးပါ့မယ်´ နဲ့ ဆွယ်တာတောင် မရဘူး။ `နင်တို့ ဆေးထိုးပြီး ပြန်သွားရင် ညကျ ငါတို့ကလေးတွေ ဖျားကုန်ရော´ လို့ ပြောတယ်။ ဘယ်လိုရှင်းပြပြ မရဘူး။ `နေမကောင်းမှ ဆေးထိုးပြီး ပျောက်အောင်လုပ်ရတာ။ နင်တို့က အကောင်းကြီးကို ဆေးထိုးပြီး နေမကောင်းအောင် လုပ်တယ်´ လို့ ကိုယ့်တောင် ပြန်သင်သေးသဗျ။ ဘာပဲဖြစ်ဖြစ်လေ။ အဲဒီရောဂါတွေကတော့ တော်တော်လေး ကျဲပါးသွားတာအမှန်ပဲ။ အခုလက်ရှိ မြန်မာလူငယ်မျိုးဆက်တွေ အားလုံးလိုလို ကာကွယ်ဆေးထိုးပြီး မျိုးဆက်တွေ ဖြစ်ကုန်တယ်။ ရောဂါဖြစ်ကာမှသာ ဖြစ်ကရော။

          နောက်ထပ် တိုက်ဖျက်ရေးရောဂါအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ကာလသား နဲ့ ခုခံကျကတော့ သူ့အကြောင်းချည့် သတ်သတ်ပြောမှ ပြည့်စုံလိမ့်မယ်။ အစ်သျှူးက ကြီးလွန်းလို့ သေချာမသိပဲ မတို့ရဲသေးပေါင်။ ပြင်သစ်ပြန်ဆရာသမားလေးနဲ့ အင်တာဗျူးဖို့ ဒိတ်ယူလိုက်ဦးမဗျား။ (ဒါမျိုးဆိုတာ ကာရာအိုကေလေး၊ ဘီယာကလေး၊ ဘာလေး ညာလေးနဲ့ ဆွေးနွေးမှ သင့်တော်တော့မပေါ့)။ အနာကြီးရောဂါကလည်း အတော်အသင့် အောင်မြင်တဲ့ ပရောဂျက်ထဲမှာပါနေပြီ။ အလုပ်ဝင်ကာစကဆို ဂျပန်ကပေးတဲ့ ကားအသစ်ကလေး စီးနိုင်တဲ့ မရမ်းချောင်ဆရာဝန်ဘ၀ကို တယ်နိပ်သကိုး လို့ အောင့်မေ့မိတယ်။ အနူတောမှာ ကျောက်ပေါက်မာသက်သက်နဲ့ကောင်တောင် လူချောဖြစ်ဦးမှာလေ။ (စကားရှိလို့ ပြောတာနော်။ ဆရာဝန်ဖြစ်ပြီး ချိုးချိုးဖဲ့ဖဲ့ပြောရန်ကော မှတ်နေမယ်) ဒီခေတ် ဒီအခါမှာ အနူ၊ ကယ်ပါ၊ သုဘရာဇာရယ်လို့ နှိမ့်ချခွဲခြားထားတာတွေ ပျောက်သွားအောင် ပညာပေး စည်းရုံးသွားတဲ့ စီနီယာကြီးတွေ အားလုံးကို လေးစားပါတယ်။
          ဒီတိုက်ဖျက်ရေးဆရာဝန်တွေအားလုံးကို အစတုန်းက ကျီစယ်ခဲ့သလို ဖန်ရည်ကျိုစက်လို့ ခေါ်ရတဲ့ အကြောင်းကတော့ မောင်မင်းကြီးသားများ ဘုန်းကံကကြီးမားလေတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေနဲ့ ရေစီးရေလာကောင်းပေသကိုး။ သို့သော်လည်း ပါးစပ်ကစားရတာချည့် မြင်လို့မဖြစ်သေးပါဘူး။ ခေါင်းစားရတာကဖြင့် အဆမတန်ပါ။ မှတ်တမ်းမှတ်ရာ ကိန်းဂဏန်း ဒေတာဆိုတာတွေက ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ဦးမှ၊ အထက်ကဝေတဲ့သူကိုလည်း ကျို့တတ်မှ၊ အောက်က စေထားတဲ့သူတွေကိုလည်း ယို့တတ်ဦးမှ၊ ကိုယ့်ဆီတက်လာတဲ့ စာရင်းဇယားတွေကိုလည်း အချဉ်မှန်း အင်မှန်း ကွဲကွဲပြားပြားသိမှ။ ဆင်သတ်အရပ်ဝေတာတောင် အဝေမတတ် ဆရာငတ်တဲ့ခေတ်မှာ သဘောလွယ်လေမလား အပြောကြွယ်မေ့စကားတွေလို့ အထင်မသေးဝံ့ပါဘူး။
          ဒီလိုဒီလို တော်တဲ့ကျွမ်းတဲ့ ဆရာကောင်းသမားကောင်း၊ ဆေးကောင်းဝါးကောင်း များကိုတောင်မှ အံတုပြိး ရန်ပြုနိုင်တဲ့ စူပါပါဝါ ရောဂါဘယကြီးတွေဟာ ဘယ်ဇော်ဂနီ ဇော်ဂနက် မောက်လုံးမောက်ပြား တန်ခိုးနဲ့များ ကြံ့ကြံ့ခံနေနိုင်ကြပါလိမ့်။ မတော်တဆများ ဆရာကြီးတို့ မျက်နှာလွှဲသွားရင် ဘယ်သူ့အားကိုးရမှာပါလိမ့်။ အခုဆို သရီးဒီဖန်က ရုပ်သိမ်းတော့မတဲ့။ အားငယ်လိုက်ပါဘိ။ အဲဒီဥစ္စာတွေရအောင် ညှိပေးခဲ့တယ်ဆိုတဲ့ သူငယ်ချင်းကြီးကိုခေါ်ပြီး ရင်ဘတ်ကြီးထုထု ငိုဖို့ အဖော်ညှိရကောင်းမလား။  ဆရာဝန် နဲ့ ရောဂါဆိုတာ မသေမချင်းတော့ တိုက်ရတာပေါ့လေ။ လူနာသေတဲ့အခါသေ။ ရောဂါသေတဲ့အခါသေ။ နောက်ဆုံး ဆရာဝန်သေတဲ့အခါတော့ ပွဲသိမ်းရသေးတာပ။ လာစမ်းကွယ်။ လှေခွက်ချည့်ကျန် အလံမလဲစေနဲ့တဲ့။

မှတ်ချက်။       ။ သားသားရေးထားတဲ့ ပလီစိချောက်ချက်တွေ ဖတ်ပြီးတဲ့နောက် အောက်မှာ ကြော်ငြာပေးထားတဲ့ တည်တည်ခန့်ခန့် ရသ၀တ္ထုကြီးတွေကို ရှာဖွေမြည်းစမ်း ကြည့်ကြမယ်ဆိုရင်ဖြင့် အရမ်းအရမ်းကို အရသာရှိလိမ့်မည်ဖြစ်ကြောင်း အာမခံပါတယ် ခင်ဗျား။
မွှေး / ခင်နှင်းယု
နွမ်းလျအိမ်ပြန် / ကြည်အေး
ခရီးဝင်္ကပါ / စိန်စိန်
တက်ခေတ်နတ်ဆိုး / သိန်းဖေမြင့်
ပန်းကြွေပွင့် ပုံပြင် / မြနှောင်းညို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...