Tuesday, November 29, 2011

ဂျိမ်းစ်ဘွန်းစီအို

by Seaman Nayminthu on Wednesday, November 30, 2011 at 11:15am
 
တပ်ခွဲရုံးမျက်နှာစာ စင်္ကြန်လမ်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း တပ်ခွဲကင်းအ၀င်ပေါက်ဆီသို့ လှမ်းမျှော် ကြည့်မိသည်။ ဘာအရိပ်အယောင်မျှမထူးခြားသေး။ ရုံးခန်းရှေ့ရောက်တော့ အတွင်းမှာချိတ်ထားသော တိုင်ကပ်နာရီရှိရာကို မျက်စိရောက်သွားပြန်သည်။
မနက် ၁၀ နာရီခွဲတောင်ဖြစ်နေပြီပဲ။

မနက် ၉ နာရီအရောက်လာမည်ဟု အတိအကျချိန်းဆိုထားသူတွေ ခုထိပေါ်မလာသေးပါလား။ ဘယ်ကိုများ ခရီးလွန်နေသည်မသိ။ သူတို့ရောက်လာလျှင် ဧည့်ခံဖို့အတွက် စားသောက်ဖွယ်ရာတွေလည်း အသင့်ပြင်ဆင် ထားပြီးဖြစ်နေပြီ။ လာရော လာဦးမှာလား။ အကယ်၍ ဒီနေ့ရောက်မလာလျှင်လည်း မည်သို့မျှမတတ်နိုင်၊ နောက်တစ်ကြိမ်သူတို့ချိန်းဆိုလာမည့်နေ့မှာ ပြင်ဆင်စောင့်ကြိုနေရုံသာ။ လွန်ခဲ့သော နာရီဝက်လောက်က ရေယာဉ်စုဘက်သို့ မာဇဒါဂျစ်တစ်စီး မောင်းသွားသည်ကို တွေ့လိုက်ရပါသည်။ အဲဒီကားထဲမှာ ဒုကြီး(ဒုဌာန ချုပ်မှူး) ပါသွားသည်ဟုထင်ရသည်။
ရုံးတစ်ရုံးလုံး အကောင်းဆုံးဝတ်စုံတွေကို ရွေးချယ်ဝတ်ဆင်ထားကြသည်။ ချပ်ချပ်ယပ်ယပ်ဖြစ်အောင် မီးပူထိုး ထားသော ယူနီဖောင်းများနှင့် နေရထိုင်ရမသက်သာလှပါ။ ခါတိုင်းနေ့မှာဆို ညှပ်ဖိနပ်စီး စွပ်ကျယ်လက်ပြတ် ၀တ်ကာ လွတ်လွတ်လပ်လပ် ရုံးတာဝန်တွေဆောင်ရွက်နိုင်သည်။ ယခုတော့ စီအိုကအစ Combat Boot စီး၊ Peakcap ဦးထုပ်ဆောင်း။ အခမ်းအနားကြီးတစ်ခု တက်ရောက်ရမည်သို့ ဖြစ်နေသည်။
တပ်ခွဲကင်း အ၀င်လမ်းဆီမှ ခရာတွတ်သံကြားရပေပြီ။ တပ်ခွဲကင်းမှ ကင်းတပ်ဖွဲ့အသင့်နေရာယူပြီ။ သေချာပါပြီ သူလာနေပြီ။ ဆိုတော့ စီအိုထံအချိန်မီသတင်းပို့ရမည်။
ရေယာဉ်စုဘက်မှ မောင်းလာသော စောစောကဂျစ်ကားလေး ကျနော်တို့တပ်ဝင်းထဲကို ချိုးကွေ့လာသည်။ ကင်းတပ်ဖွဲ့မှ ဖြူဂဲလာမှုတ်၍ အလေးပြုသည်။ ရုံးရှေ့အ၀င်လမ်းတည့်တည့်မှာ ကားဘီးရပ်တန့်သွားသည်။ စီအို ကိုယ်တိုင် ကားအနီးသို့သွားကာ ဒုကြီးကို အလေးပြုကြိုဆိုသည်။ ပြီးတော့ တပ်မှူးရုံးခန်းဆီသို့ ဦးဆောင်ခေါ် သွားသည်။ ပြင်ဆင်ခင်းကျင်းထားသော ကြိမ်ဆက်တီဝိုင်းမှာ တပ်စစ်ဆေးရေးအဖွဲ့ နေရာယူကြပြီ။ အချိန်က ၁၁ နာရီ ၁၅ မိနစ်။
ကျနော်တို့က အသင့်ထည့်ထားသော နေကြာစေ့လှော်၊ လိမ္မော်သီး၊ ပန်းသီး စသည်တို့ကို အာရိုက်ကောင်းစေ ရန် ရေနွေးကြမ်းတစ်အိုးနှင့် အလျင်ချထားပေးသည်။ စီအိုက ဆက်တီခုံပေါ်ထိုင်လျက်အနေအထားဖြင့်ပင် မိမိတပ်၏အခြေအနေကို ပဏာမရှင်းလင်းတင်ပြသည်။ ဒုကြီးအမူအယာက စီအိုစကားပြောနေသည်ကို အာရုံ ရောက်ဟန်မတူ။ တပ်မှူးစားပွဲပေါ်မှာတင်ထားသော စာအုပ်ပုံနှင့် တပ်လုပ်ငန်းဆောင်ရွက်ပုံကို ရှင်းလင်းတင်ပြ ရန် ချိတ်ဆွဲထားသော ဇယားကားချပ်များဆီကိုသာ သူ့မျက်လုံးစူးစူးစိုက်စိုက်ရောက်နေသည်။
မကြာလိုက်ပါ။ ဒုကြီးနှုတ်ဖျားမှ စကားသံစထွက်လာသည်။
“မင်းတပ်မှာ ထားရမယ့်စာအုပ်စာတမ်းတွေက ဒါအကုန်ပဲလား”
“ဟုတ်ကဲ့”
“လုပ်ငန်းအခြေပြဇယား ကားချပ်တွေကရော ဒီလောက်ပဲလား”
ဒီတခါတော့ စီအိုဘာမှမဖြေ။ ဒုကြီး အကြောင်းရှာနေပြီဆိုတာ သူရိပ်မိသည်။
“မင်းဟာက ဘယ်လိုလဲကွ တပ်လာစစ်တဲ့လူကို အရူးလုပ်တာလား၊ ငါ့ကို မထီမဲ့မြင်လုပ်တာလား၊ မထိုင်နဲ့ မတ်တတ်ရပ်သတိဆွဲပြီး ရှင်းပြ”
စီအိုက ဖြည်းဖြည်းချင်း မတ်တတ်ထလိုက်သည်။ ပြီးတော့ ဟန်မပျက် ဆက်လက်ရှင်းလင်း တင်ပြနေဆဲ။ ဒုကြီးဒေါသက အရှိန်တက်နေပြီ။ သူနှင့်အတူပါလာသော ဌာနချုပ်အရာရှိများလည်း ကွာစေ့စားနေတာ အရှိန်သတ်သွားသည်။ လိမ္မော်သီးခွာနေသော လက်တွေတန့်သွားသည်။
“သူများတပ်တွေမှာ ဘယ်လိုစစ်ဆေးခံတယ်ဆိုတာ မင်းမေးမကြည့်ဘူးလား၊ နည်းနည်းပါးပါးလောက် မလေ့ လာဘူးလား၊ မင်းက စီနီယာတပ်မှူးတစ်ယောက်ဖြစ်ပြီး၊ ဂျူနီယာတွေလောက်တောင် မလုပ်နိုင်ဘူး”
စီအိုဘာမှမပြော ဒုကြီးမျက်နှာကိုစူးစူးရဲရဲ ကြည့်နေတော့သည်။
ကျနော်က စီအိုလိုအပ်တာရှိလို့ ခိုင်းလျှင်အသင့်ဖြစ်ရန် တပ်မှူးအခန်းဝ၌ရှိနေတာမို့ ဖြစ်နေတာအားလုံးကို မြင်တွေ့နေရသည်။ ကျနော်တို့လည်း သူများတပ်တွေဘယ်လိုလုပ်သည်ကို လေ့လာထားပါသည်။ ဘယ်တပ် မှာမှ စာအုပ်စာတမ်း အပြည့်အစုံမရှိ။ သို့သော် တပ်အားလုံးစုလိုက်တော့ အတော်ပြည့်စုံသွားသည်။ တပ်တစ်ခု ပြီးတစ်ခု စစ်ဆေးသွားသော်လည်း စာအုပ်ပုံက သည်အတိုင်း တစ်ပုံစံတည်း။ သည်တပ်မှဟိုတပ် ရွှေ့ရွှေ့သွား သည်။ ကျနော်တို့လည်း သည်အတိုင်းလုပ်ရန် စီအိုကိုသတင်းပို့ပေမင့် စီအိုက အထူးတလည်မပြောသဖြင့် မငှားခဲ့ခြင်း ဖြစ်ပါသည်။
တပ်ဧရိယာအတွင်း တပ်ပိုင်တနိုင်စိုက်ပျိုး၊မွေးမြူရေးနှင့် ပတ်သက်၍ရှင်းလင်းတင်ပြရာတွင် လက်တွေ့လုပ် ဆောင်ထားသည်ကို ပြသရန် စီအိုက စီစဉ်ထားသည်။ ဒုကြီး၏သဘောက စိုက်ခင်းတွေကို လိုက်ကြည့်ရသည် ထက် ရုံးခန်းတွင်းက ဇယားချပ်မှာ ညွှန်တံကလေးဖြင့် ရှင်းလင်းပြသသည်ကို အပျင်းပြေကွာစေ့ကိုက်ရင်း ကြည့်ရှုနားထောင်လိုဟန်ရှိသည်။ တပ်မစစ်ဆေးမီ ကြိုတင်အကြောင်းကြားသောကြေးနန်းစာ၌ “နိုင်ငံတော် ခေါင်းဆောင်ကြီးများ လာရောက်စစ်ဆေးသကဲ့သို့ ပြင်ဆင်ထားရမည်” ဟုပါရှိလေသည်။  စီအိုသည် ဌာနချုပ် A2 အဖြစ်အကြာကြီးလုပ်ခဲ့ဖူးသဖြင့် သည်အထာတွေကို သူများထက်ပိုပြီး နောကျေအောင် သိထားပြီး ဖြစ်ပါ လိမ့်မည်။ VIP ဧည့်ခံရေးတာဝန်ဆိုတာ A2 ကိုယ်တိုင်ကြီးကြပ်တာဝန်ယူရသည့်ကိစ္စ။ သို့သော် လိုသည်ထက် ပို၍ အရိုအသေပေးရသော အလုပ်မျိုးကို သူမနှစ်ခြိုက်သဖြင့် အရှိအတိုင်း ပြင်ဆင်ထားခြင်းဖြစ်ပါသည်။
ဇာတ်လမ်းကတော့ ပွဲကြမ်းဖို့တာစူနေပေပြီ။ ဒုကြီး၏ ဒေါသမီးကမျက်လုံးမှာအရောင်ထွက်နေသည်။ ကလေး ငယ်တစ်ဦးကို ဆူပူကြိမ်းမောင်းသည့်ပမာ ပြောဆိုနေတော့သည်။ ထိုအချိန်တွင် ကျနော့်သူငယ်ချင်းတစ်ဦးက အအေးခွက်များသယ်ဆောင်ကာ တပ်မှူးရုံးခန်းဝသို့ ရောက်လာသည်။ အထဲမှ အခြေအနေကိုအကဲခတ်၍ စောင့်ဆိုင်းနေစဉ် ဒုကြီး၏မုန်ယိုနေသောအကြည့်က ကျနော်တို့ဘက် ရုတ်တရက်လှည့်လာပြီး -
“ဘာမှလာမချနဲ့ အကုန်ပြန်ယူသွား”
မတတ်နိုင်တော့ပြီ။ အားလုံးရုံးခန်းထဲကို ပြန်သယ်သွားရသည်။ စီအိုက ဘာမှမပြော ဒုကြီးမျက်နှာကိုသာ ငေးစိုက်ကြည့်နေသည်။ အတန်ကြာတော့မှ ဒုကြီးလေသံနည်းနည်းပျော့သွားသည်-
“ခုလိုအချိန်မှာ အထက်အရာရှိတစ်ဦးအနေနဲ့မဟုတ်တောင်မှ ကိုယ့်အကိုကြီးတစ်ယောက်အနေနဲ့တော့ လေးစားသင့်တာပေါ့ကွာ။ ကဲ ပြန်တော့မယ်။ နောက်တစ်ကြိမ်လာစစ်တဲ့အခါ ခုလိုမဖြစ်စေနဲ့ ကြားလား”
ပြောပြောဆိုဆို ဒုကြီးနှင့်အဖွဲ့ ရုံးခန်းထဲက ထွက်ခွာသွားသည်။ စီအိုက ထုံးစံအတိုင်း ကားအနီးသို့ရောက် အောင်လိုက်ပို့ပေးသည်။ ပြီးမှ သူ့အခန်းထဲပြန်ဝင်ကာ တစ်ယောက်တည်း စူစူကြီးထိုင်နေသည်။ ခဏအကြာ စီအိုရုံး အကူရဲဘော်ရောက်လာပြီး ကျနော်တို့ကို စီအိုခေါ်နေကြောင်း ပြောသဖြင့် လိုက်သွားကြရသည်။ ကျနော့်သူငယ်ချင်းဖြစ်သူက ပြဿနာကိုယ့်ဘက်လှည့်လာတော့မည်ဟုတွေးကာ ဖိနပ်ကို ပြောင်းပြန်စီးလိုက် သည်။
“ကျနော်တို့ ရောက်ပါပြီ စီအို”
“အေးကွာ လာကြ၊ ဘယ့်နှယ် ထမင်းစားချိန်မှ ရောက်လာပြီး စိတ်ကောက်ပြန်သွားရတယ်လို့။ မစစ်လည်း နေပေါ့၊ စားစရာတွေအကုန်ယူလာခဲ့”
သည်တော့မှ ကျနော်တို့လည်း စိတ်သက်သာရာရတော့သည်။
စီအို၏လုပ်ဖော်ကိုင်ဖက်များက သူ့ကို “ကိုဂျိမ်း” ဟုခေါ်တတ်ကြသည်။ ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသား ဂျိမ်းစ်ဘွန်းနှင့်တင်စား ပြောဆိုမှန်း ခန့်မှန်းမိသော်လည်း အကြောင်းရင်းကို အတိအကျမသိရပါ။ တစ်ခုတော့ ရှိသည်။ စီအိုက သူမှန်သည်ထင်တာကို လုပ်တတ်သည်။ သူ့အထက်အရာရှိပင် ဖြစ်လင့်ကစား သဘာဝမကျ၊ ယုတ္တိမတန်သော ကိစ္စများ ဆိုလျှင် စောဒကတက် ထောက်ပြရန် ရန်ဝန်မလေးတတ်သူ။ ဌာနချုပ်မှူးက သူ့ကို ဆံပင်ညှပ်ဖို့ ဖိအားပေး ပြောဆိုသည့်အခါ “ဆံပင်ကအလုပ်လုပ်တာမဟုတ်၊ လူကအလုပ်လုပ်တာ” ဟု ပက်ကနဲ ပြန်ပြောတတ်သူ ဖြစ်လေသည်။
စီအိုက လွတ်လပ်စွာတွေးတောကြံဆလုပ်ကိုင်ရတာကို နှစ်သက်သည်။ အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိ၍ ဘာသာပြန်ကောင်းသည်။ တစ်ခါတစ်လေ သူရေးထားသော ကဗျာလေးများ၊ သူဆွဲထားသော ပန်းချီကား ချပ်လေးများကို ရုံးခန်းနံရံမှာ ကပ်ထားတတ်သည်။ စစ်ပညာဂျာနယ်တွင် စီအို၏ ဘာသာပြန်လက်ရာများကို ကျနော်တို့ ဖတ်ရှုလေ့လာရပါသည်။ တပည့်တပန်းများနှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သည်။ သူဌာချုပ်ရုံးမှာ A2 လုပ်စဉ်က ရုံးစာရေးများ အလုပ်စိတ်ဝင်စားမှုမရှိပုံကို သရော်စာရေး၍ ရုံးအတွင်းလူမြင်သာသော နေရာ၌ကပ် ထားသည်ကို တွေ့ရဖူးပါသည်။
ကျနော်ရန်ကုန်ကို မပြောင်းမီနေ့မှာ ကျနော်တို့မိသားစု စီအိုကိုသွားရောက်ကန့်တော့ရာ သူကအစ်ကိုကြီး တစ်ဦးပမာ ဆုံးမမှာကြားပြီး ရန်ကုန်မှသူ့အိမ်လိပ်စာကို ပေးပါသည်။ အကြောင်းရှိလျင် လာရောက်ရန်ဖိတ်ခေါ် သည်။ ပြီးတော့ ကျနော့ကလေးတွေကို မုန့်ဖိုးပေးသည်။
ကျနော်ရန်ကုန်ရောက်ပြီး ၆လလောက်အကြာမှာ စီအိုလည်း ဗျူဟာစစ်ရေယာဉ်စုကိုပြောင်းသွားပြီး သင်္ဘော မောင်းနေကြောင်းကြားသိရပါသည်။ နောက်တစ်နှစ်လောက်ကြာတော့ ကျနော့်တပ်နှင့် မနီးမဝေးတပ်တစ်ခုသို့ ငွေစာရင်းအရာရှိအဖြစ် ပြောင်းရွှေ့လာသည်။ အဲဒီအချိန်မှာ သူနှင့် စစ်တက္ကသိုလ်တစ်ပတ်စဉ်တည်း ဆင်းသည့် အရာရှိများ ဒုဗိုလ်မှူးကြီးဖြစ်ကုန်ကြပြီ။ စီအိုကတော့ ဗိုလ်မှူးစီနီယာဂိတ်ဆုံးဘ၀နှင့် အနားယူရတော့မည်။ သူတပ်က အနားမယူမီ ကျနော်သင်္ဘောဆင်းနိုင်မည့် အခွင့်အရေးရဖို့ သက်ဆိုင်ရာတပ်မှာ သူကိုယ်တိုင်သွား ပြောပေးခဲ့ပါသေးသည်။
“မင်းခစားယောက်ျား ကမ်းနားသစ်ပင်” ဆိုသည့်စကား အလွန်မှန်ပါသည်။
မဟုတ်လည်းခံ၊ဟုတ်လည်းခံ၊ ဘယ်သူမမုန်း၊ လူကြီးသုံး။
မဟုတ်မခံ၊အော့ကြောလန်၊ ဘယ်သူမသုံး၊အများမုန်း။
သိသာထင်ရှားသော ပြစ်မှုတစ်စုံတစ်ရာ မရှိပါဘဲ လူကြီးအမြင်ကပ်ပုဒ်မကြောင့် တပ်မတော်အတွင်းမှာ မိမိ အရည်အချင်းနှင့် ထိုက်တန်သောရာထူးရာခံကို ရယူပိုင်ဆိုင်ခွင့်မရလိုက်သည့် အရာရှိများထဲတွင် ကျနော် လေးစားချစ်ခင် တန်ဖိုးထားရပါသော ဂျိမ်းစ်ဘွန်း စီအိုသည်လည်း တစ်ယောက်အပါအ၀င်။  ။

ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။

နေမင်းသူ
၂၈ နိုဝင်ဘာ ၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...