Monday, November 28, 2011

Oh ! God.

by Zay Ya on Monday, November 28, 2011 at 10:50am
ဘုရားသခင် သည် နေ့လည်း ဖြစ်သည်။ ညလည်း ဖြစ်သည်။
ဆောင်းလည်း ဖြစ်သည်။ နွေလည်း ဖြစ်သည်။
စစ်မက် လည်း ဖြစ်သည်။ ငြိမ်းချမ်းရေးလည်း ဖြစ်သည်။
ခြိုးခြံခြင်း လည်း ဖြစ်သည်။ အလိုရမ္မက် ရှိခြင်းလည်း ဖြစ်သည်။

ပင်လယ်ရေသည် တစ်ချိန်တည်း တွင်ပင် ကြည်လင်လျက် နှင့် နောက်ကျိ၏။
ငါး သတ္တဝါတို့ အတွက် သောက်သုံး စေနိုင်၍ ကျန်းမာအောင် စောင့်ရှောက် နိုင်သကဲ့သို့
လူတို့ အတွက် သောက်သုံး မရနိုင်အောင်ပြု၍ မရဏကို ဖန်တီးပေးတတ်၏။

နေ့နှင့်ည၏ သဘာဝကား ဧက၊ တစ်ခုတည်းသာ တည်း။
အထက်တက်ခြင်း၊ အောက်နိမ့်ခြင်းတို့သည်လည်း တစ်မျိုး၊ တစ်ခုတည်းသာတည်း။


အိပ်ပျော်သူများ သည် ( တစ်နည်းအားဖြင့် ) နိုးကြား နေကြသူများပင် ဖြစ်၍
လောကဓာတ် အတွင်း ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်၏။

စက်ဝိုင်းတစ်ခု ကဲ့သို့ပင်
အစ နှင့် အဆုံးသည် ထပ်တူညီ နေကြရ၏။

Heraclitus
The Hidden Harmony

Then God said, "Let us make man in our image, in our likeness, and let them rule over the fish of the sea and the birds of the air, over the livestock, over all the earth, and over all the creatures that move along the ground." So God created man in his own image, in the image of God he created him; male and female he created them.

ဘုရားသခင် ( God ) ဆိုတာ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက် မဟုတ်ပါဘူး။ ဘုရားသခင် ကို ပုဂ္ဂိုလ် တစ်စုံတစ်ဦး အဖြစ်နဲ့ ကျနော်တို့ လူတွေ အမြဲတစေ ယူဆ တတ်ကြလွန်းလို့ - ကမ္ဘာမှာ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြုံနေရတယ်။ ဘုရားသခင် အခြေပြု -ဘာသာ တရား လေ့လာတဲ့ Theology ဘာသာရပ် ကနေ-- ခွဲခြမ်း စိတ်ဖြာ ထုတ်ပေးလိုက်သမျှ မေးခွန်းပုစ္ဆာ ပြဿနာတွေ အားလုံးဟာ--  အဲ့ဒီ အသုံးမကျတဲ့ သင်ခန်းစာ တွေ ချည်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အရင်းအမြစ်က - ဘုရားသခင်ကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် မှတ်ယူ နေလို့ပဲ။

ဘုရားသခင်ဟာ ပုဂ္ဂိုလ် တစ်ဦး မဟုတ်ဘူး။ ဖြစ်လည်း မဖြစ် နိုင်ဘူး။ - ဒီအချက်ကို နက်နက်ရှိုင်းရှိုင်း မြင်သာ နိုင်ဖို့ လိုလိမ့်မယ်။ ဥပမာ ပြောကြည့် မယ်။ ဂျူး၊ ခရစ်ယာန်၊ မိုဟာမက်ဒင် စတဲ့ ဘာသာဝင် တွေ အဖြစ် ကြီးပြင်း လာသူ တော်တော် များများဟာ ဘုရားသခင် ကို ပုဂ္ဂိုလ်တစ်ဦး အဖြစ် ခံယူ ထားတတ် ကြတယ်။ ခံယူ ထားတတ်ကြတာ များတယ်။ ဘုရားသခင် ဆိုတာ ပုဂ္ဂိုလ် မဟုတ်ဘူး ဆိုတဲ့ အကြောင်း လက်ခံနိုင်ဖို့ တော်တော် ခဲယဉ်းတယ်။  လူပုံစံ အဖြစ်၊ ပုဂ္ဂိုလ် အဖြစ် ဘုရားသခင်ကို တွေးထင် ကြမယ့် အမြင်ဟာ တကယ်က - အတ္တ ဗဟိုပြုတဲ့ အမြင်၊ လူသား ဗဟိုပြုတဲ့ အမြင် သာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာ မှာ -“ဘုရားသခင်ဟာ သူနဲ့ ပုံစံတူ အဖြစ် လူသားကို ဖန်ဆင်းတယ်” လို့ ဖော်ပြထားတာ ရှိတယ်။ နို့ပေမယ့် တကယ့် လက်တွေ့မှာ ပြောင်းပြန်ပဲ ဖြစ်နေပါတယ်။ လူတွေ ကသာ သူတို့နဲ့ ပုံစံတူ အဖြစ် ဘုရားသခင် ကို ဖန်တီး နေကြတယ်။ လူတွေ ဆိုတာ ကလည်း အမျိုးမျိုး ကွဲပြား နေတယ် ။ ဒါ့ကြောင့် ကမ္ဘာမှာ ဘုရားသခင် အမျိုးမျိုး -အမြောက် အမြား ပေါ်ပေါက် လာရတော့တယ်။

ဖြစ်ခဲ့ဖူးတာလေး တစ်ခုရှိတယ်။ ခရစ်ယာန် သာသနာပြု အဖွဲ့တစ်ဖွဲ့ အာဖရိက ကို ပထမဆုံး ရောက်လာတယ်။ သူတို့ အဲ့မှာ ပြဿနာ တစ်ခု ကြုံရတယ်။ ဘာလဲ ဆိုတော့ - သူတို့က နီဂရိုး တွေကို ဘုရားသခင် နဲ့ စေတန် ခွဲခြားပြနိုင်ဖို့ ပုံဆွဲပြ ကြတယ်။ ဘုရားသခင် ပုံကို ဆွဲပြတယ် - အဖြူနဲ့။ စေတန် မိစ္ဆာ ပုံကို ဆွဲပြတယ် - အမည်းနဲ့။  အဲ့လို ဆွဲပြတော့ နီဂရိုးတွေက စိတ်ထဲ မကောင်း ဖြစ်ကြတယ်။ ကျန်တဲ့ တရား စကားတွေ - ဆက် နားမထောင် ကြတော့ဘူး။ အစဦးဆုံး ပုံကို မြင်ကတည်းက ကြိုက်မှ မကြိုက် တော့တာပဲ။ အဲ့တော့ ဆက်ပြီး နားမထောင် ချင် ဘူးပဲ။ သာသနာပြု အဖွဲ့လည်း အကျပ်တွေ့ သွားတယ်။ စိတ်ကူး ထုတ် ရတော့တယ်။ စိတ်ကူးက ရိုးရှင်း ပါတယ်။ အရောင်ကို ပြောင်းပြန် ပြောင်းပစ် လိုက်ရုံလေးပါ။ ဘုရားသခင် ပုံကို အမည်းရောင် ခြယ်ပြီး၊ စေတန်မိစ္ဆာ ပုံကို အဖြူရောင် ခြယ် လိုက်တယ်။ ဒါကို တွေ့တော့မှ နီဂရိုးတွေ လည်း ပျော်သွားတယ်။ ဆက်ပြီး နားထောင်ဖို့ လက်ခံ နိုင်သွားတယ်။


နီဂရိုးတစ်ယောက်က ဘုရားသခင်ပုံကို ဆွဲရင် သူနဲ့ ပုံတူသာ ဆွဲမှာ ဖြစ်ပါတယ်။ တရုတ်လည်း အဲ့ဒီလိုပဲ ။ အိန္ဒိယလည်း အဲ့ဒီလိုပါပဲ။ ကျွန်တော် တို့တွေဟာ ကျွန်တော် တို့နဲ့ ပုံသဏ္ဍာန် တူ အတိုင်းသာ ဘုရားသခင်ကို ဆေးရောင် ခြယ်ကြတယ်။ ဒါပေမယ့် တကယ် စင်စစ် ကျနော်တို့ ခင်ဗျားတို့ ရဲ့ ပုံသဏ္ဍာန်ဟာ ဘုရားသခင် မဖြစ် နိုင်ပါဘူး။  ဘာလို့ဆို - ကျနော်တို့ဟာ ဒီ လောကဓာတ် တစ်ခုလုံး နဲ့ ကြည့်ရင် မြူ အမှုန်အမွှား သက်သက်၊ သေးသေး ငယ်ငယ်၊ အစိတ်အပိုင်းတစ်ခု သက်သက် မို့လို့ပဲ။ တစ်လောကလုံးနဲ့ ဆိုင်တဲ့ အစုအပေါင်း ဖြစ်တည်ချက်ကြီး တစ်ခုဟာ ဒီလို အမှုန် အမွှားလေး ရဲ့ ပုံရိပ်နဲ့ ဘယ်လို လာပြီး အံကိုက် တူညီ နေမယ် ထင်ပါသလဲ။ ဒီ အစုအပေါင်းကြီး တစ်ခုလုံးဟာ  သူ့ အစိတ်အပိုင်း လေး တစ်ခု ကို အစီအစဉ်တွေ ချပေးကောင်း ချပေးနိုင်မယ်။ ဒါပေမယ့် အစုအပေါင်း ရဲ့ တရားကိုယ် ကတော့ အနှိုင်းမဲ့ ကျယ်ပြန့် နေပါတယ်။ - ခင်ဗျားက အက်တမ် တစ်လုံးမှာ ခိုကပ်နေမယ် ဆိုပါတော့ - အဲ့ဒီ အစိတ်အပိုင်းလေး မှာပဲ တွယ်ကပ် မှတ်ယူ နေသမျှ - ခင်ဗျား ဟာ တစ်ခုလုံး ကို မမြင်နိုင်ဘူး။ လွဲနေမှာပဲ။

ဘုရားသခင် ကို ခင်ဗျားရဲ့ ပုံသဏ္ဍာန်၊ အသွင်သဏ္ဍာန် အတိုင်း တူမယ်လို့ ယူဆ လို့ မရဘူး။ တကယ့် သရုပ် အမှန် က အဲ့ဒါရဲ့ ဆန့်ကျင်ဘက်ပါ။ ခင်ဗျား လုပ်ရမှာက ခင်ဗျားရဲ့ ပုံသဏ္ဍာန်ကို ဖြုတ်ချ ပစ်ရမှာ။ ခင်ဗျားကိုယ် ခင်ဗျား- ပုံရိပ်မဲ့၊ အသွင်သဏ္ဍာန် မဲ့ ဖြစ်ကြောင်း သိမြင်အောင် အားထုတ်ကြည့် ရမှာ ဖြစ်ပါတယ်။ အဲ့လို ဖြစ်မှသာ ခင်ဗျား သန္တာန် ဟာ မှန်တစ်ချပ် ဖြစ်လာမယ်။ အစုအပေါင်းကြီး တစ်ခုလုံး ခင်ဗျား အပေါ်မှာ အရိပ် ထင်လာပါလိမ့်မယ်။

လူဟာ ဘုရားသခင် နဲ့ ပတ်သက်လို့ အားစိုက်ထုတ်ပြီး ရှာကြည့်လေလေ၊ “ဘုရားသခင်ကို ပုဂ္ဂိုလ် တစ်ဦး အဖြစ် သတ်မှတ်တယ်” ဆိုတဲ့ အယူအဆ ဟာ ပြဿနာတွေ ဖန်တီး နေတာ သက်သက် ဖြစ်ကြောင်း - ပိုပြီး ထင်ရှား လာလေလေပဲ ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားတို့ တွေဟာ အခြားပုံစံကွဲ ဘုရားသခင် တွေနဲ့ အတိုက်အခံ ဖြစ်လာကြလို့။ ဂျူးဘာသာရဲ့ ဘုရားသခင်၊ ဟိန္ဒူဘာသာရဲ့ ဘုရားသခင်၊ မိုဟာမက်ဒင် ဘာသာရဲ့ ဘုရားသခင်၊ ခရစ်ယာန် ဘာသာရဲ့ ဘုရားသခင် စသဖြင့် ဘုရားသခင်တွေ ကွဲပြား တည်ရှိ နေရတဲ့ အကြောင်းရင်း ဟာလည်း ဒီကိစ္စကြောင့်ပဲ ဖြစ်နေလို့။ ရိုးရိုးလေး မြင်ကြည့်ပါ။ ဘယ်လောက် အဓိပ္ပာယ် မဲ့လိုက်သလဲ။ ဘုရားသခင်ကို ခရစ်ယာန်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ မိုဟာမက်ဒင် ဘာသာဝင်၊ စသဖြင့် ဘာသာဝင် တစ်ယောက်ယောက် ဖြစ်ရမယ် လို့ ခင်ဗျား ဘယ်လို ပိုင်းခြား သတ်မှတ် မလဲ။ ဒါပေမယ့် အခုလက်ရှိမှာ ဘုရားသခင် တွေကတော့ အမျိုးမျိုး ကွဲပြား နေကြတယ်။ ဂျူး တွေကလည်း သူတို့ စိတ်ကူး အတိုင်း သူတို့နဲ့ ပုံစံတူ ဘုရားသခင်ကို ယူဆတယ်။ ဟိန္ဒူတွေကလည်း သူတို့ စိတ်ကူး အတိုင်း ပုံစံတူ ဘုရားသခင်ကို ယူဆတယ်။ ဒီ ဘာသာ နှစ်ခု ထိပ်ဆိုင် တွေ့ရင် ပြဿနာ တက်ပါတော့မယ်။  ဘုရားသခင်ဟာ သက္တတ ဘာသာနဲ့ စကား ပြောတယ် လို့ ဟိန္ဒူတွေက တွေးကြသလို တစ်ဖက်မှာလည်း - ဘုရားသခင် ဟာ အင်္ဂလိပ်စာ ကို တန်းမြင့် ပြောတတ်တဲ့ Gentleman တစ်ယောက် ဖြစ်တယ် လို့ အင်္ဂလိပ်က တွေးပါလိမ့်မယ်။

ဂျာမန် အမျိုးသား တစ်ယောက်နဲ့ အင်္ဂလိပ် အမျိုးသား တစ်ယောက် စကားလက်ဆုံ ပြောဖြစ်ကြတယ်။ ဂျာမန်က ပြောတယ် - “ငါတို့ ဂျာမန်တွေ ဟာ ထောင့်ပေါင်းစုံ က အစီအစဉ် ဆွဲပြီးမှ အလုပ်လုပ် တတ်ကြတာပါ။ ဒါပေမယ့် လုပ်သမျှ ဘာလို့  ရှုံးရှုံးနေရလဲ မသိဘူး”

အဲ့တော့ အင်္ဂလိပ်က ပြန်ပြောတယ်။ “မင်းတို့ ရှုံးရမှာပေါ့။ ဘာလို့လဲ ဆိုတော့ မင်းတို့နဲ့ ငါတို့ တိုက်ပွဲ ဖြစ်တိုင်း အရင်ဆုံး ငါတို့က ဘုရားသခင် ကို ဆုတောင်းတယ်။ ကန်တော့တယ်။ အဲ့ဒါကြောင့် ဘုရားသခင်က ငါတို့ကို ကြည့်ရှု စောင့်ရှောက်တယ်။ မင်းတို့ကို ရှုံးနိမ့်အောင် လုပ်ပစ် တယ်။ ဒါ့ကြောင့် မင်းတို့ ဘယ်တော့မှ မအောင်မြင် ခဲ့ရတာပဲ။”

ဂျာမန်က - “ဟွန် - ငါတို့လည်း မင်းတို့လိုပဲ ဆုတောင်းတာပဲ- ကန်တော့တာပဲလေ”

အဲ့တော့ အင်္ဂလိပ်က ရယ်တယ်။ “ဘုရားသခင်က ဂျာမန်စကား နားလည်မှာတဲ့လားကွ..ဟဟဟ” တဲ့ ။
အင်္ဂလိပ် တစ်ယောက် အတွက် ဘုရားသခင်ဟာ အင်္ဂလိပ် လူမျိုး ဖြစ်နေမှာပါ။ အဒေါ့ဖ် ဟစ်တလာ အတွက် ဆိုရင်လည်း သူ့ရဲ့ ဘုရားသခင်ဟာ နော့ဒစ် ဂျာမန် လူမျိုး ဖြစ်နေဦးမှာ။ ဒါတွေ အကုန်လုံးဟာ “ဘုရားသခင်ကို ကျနော် တို့နဲ့ ပုံစံတူ ပုံရိပ်အဖြစ် ယူဆလို့” ပေါ်ပေါက်လာတဲ့ ပြဿနာရပ် တွေချည်းပဲ။

စစ်အတွင်းက လိုက်ပါသွားရတဲ့ ဘုန်းတော်ကြီး တစ်ပါး မှတ်တမ်းလေး တစ်ခု ရေးထားဖူးတာ ရှိတယ်။

သူက မောင်ဂိုမာရီရဲ့ တပ်မှာ လိုက်ခဲ့ရတဲ့ သူ။ တစ်နေ့ - သူတို့ တိုက်ပွဲ စဖို့ ပြင်ဆင် နေကြချိန် မိုးသားတွေ မှောင်မဲ တက်လာတယ်။ မြူတွေလည်း အုံ့မှိုင်း လာတယ် အေးလည်း အေးလာတယ်။ တပ်က ရှေ့ဆက် တက်မရအောင် ဖြစ်သွားတယ်။ ဘုန်းတော်ကြီးရဲ့ မှတ်တမ်းအရ - အဲ့အချိန်က မောင်ဂိုမာရီဟာ သူ့ကို ခေါ်ပြောတယ် - “ခင်ဗျား ဘုရားသခင်ကို ဆုတောင်းပေး၊ သူ့ကို အခုချက်ချင်း ပြောပေး။ ကျုပ်တို့ စစ်သားတွေ - အရှင့် စစ်သားတွေ စစ်ထွက်ဖို့ ရှိတယ်- သူဘာလုပ်နေပါသလဲ - ရန်သူ့အားပေး  လုပ်နေတာလားလို့ အခုချက်ချင်း ဒါတွေ ရပ်ပစ်ဖို့ ပြောပေးပါ” တဲ့။ ဘုန်းတော်ကြီးလည်း အံ့ဩသွားတယ်။ “ခင်ဗျား ဘယ်လို ပြောလိုက်တာလဲ။ ဘုရားသခင်ကို အဲ့လို ပြောတာ ကောင်းတယ် များ ထင်နေသလား” ပြန်မေးလိုက်တယ်။

တကယ်လည်း ဘုန်းတော်ကြီးက စိတ်ထဲ တော်တော် မကောင်းဘဲ ဖြစ်သွားတယ်။ ဒါပေမယ့် မောင်ဂိုမာရီက ပြန်ပြောတယ် “ခင်ဗျား ကျုပ် အမိန့်ကို ကြားတယ် မဟုတ်လား။ အခု ခင်ဗျားက ကျုပ်တပ်မှာ ပါတဲ့ ဘုန်းတော်ကြီးပါ။ ခင်ဗျား ဒါလုပ်ရမယ် ဆိုရင် လုပ်ရမယ်ပေါ့။ အခု ချက်ချင်း သွားပြီး ဆုတောင်းပါ”

ဒါဟာ အဓိပ္ပာယ်မဲ့ ရူးသွပ်နေတာကြီးပဲ။ နို့ပေမယ့် အခု လက်ရှိမှာလည်း လူတိုင်း၊ နေရာတိုင်း လိုလိုမှာ အဲ့သလို ဖြစ်နေကြပါတယ်။ ခင်ဗျားက ဘုရားသခင်ကို ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် အနေနဲ့ ယူဆရင် အဲ့သလို ဖြစ်နေမှာပဲ။ ဒီ အယူအဆ ကြောင့် ခင်ဗျားက ဘုရားသခင်ကို တွေ့လို့ ရနိုင်တယ် လို့ စပြီး တွေးတော့မယ်။ ဘုရားသခင်ကို တွေ့ဖို့ ကြိုးစားတော့မယ်။ တကယ်က သူဟာ ပုဂ္ဂိုလ် တစ်စုံတစ်ယောက် မဟုတ်ဘူးရယ်။

Atheist ကို ဘုရားမဲ့ ဝါဒီတွေ လို့ အများ နားလည် ထားကြတယ်။ တကယ်က သူတို့ဟာ ဘုရားသခင်ကို ဆန့်ကျင်နေတာ မဟုတ်ဘူး။ ဘုရားသခင်ကို ပုဂ္ဂိုလ် တစ်ယောက်လို့ ယူဆနေတဲ့ ခင်ဗျားရဲ့ အယူအဆကို ဆန့်ကျင်နေတာပဲ ဖြစ်ပါတယ်။ ဘုရားသခင်ကို ခင်ဗျားနဲ့ တသဘောတည်း၊ ပုံသဏ္ဍာန် တူ ဘယ်လို သွားသတ်မှတ် နိုင်မလဲ စဉ်းစားကြည့်စေ ချင်တယ်။ ဂျာမန်ကလည်း သူတို့ စစ်နိုင်ဖို့ ဘုရားသခင် ကို ဆုတောင်းနေမှာပဲ။ အင်္ဂလိပ်ကလည်း သူတို့ စစ်နိုင်ဖို့ ဘုရားသခင်ကို ဆုတောင်း နေမှာပဲ။ ဘုရားသခင်က ဘယ်မျက်နှာကို လိုက်ပေးရ မလဲ။  လူတိုင်းက သူတို့ ဘုရားသခင်ကို သူတို့ ဘက်မှာ ရှိနေ စေချင် ကြတာချည်းပါ။

ဆူဖီ ပုံပြင် တစ်ပုဒ် ရှိတယ်။ ဂျူန ဆိုတဲ့ သူတော်စင် ကြီး တစ်ပါးဟာ ကွယ်လွန်သွားတယ်။ သူ ကွယ်လွန်ချိန်နဲ့ တစ်ချိန်တည်းမှာပဲ အဲ့ဒီမြို့က အပြစ်အကြီးဆုံး ရာဇဝတ်သား တစ်ယောက် လည်း သေသွားတယ်။ သူတို့ နှစ်ယောက် စလုံး အတူတကွ ဘုရားသခင် တံခါးဝနားကို ရောက်သွား ကြတယ်။ တံခါး ခေါက်တယ်။ ဘုရားသခင်က အပြစ်သားကို လက်ခံလိုက်ပြီး၊ သူတော်စင်ကြီးကို ပြန်ခိုင်းလိုက်တယ်။ ဂျုန လည်း စိတ်ထဲ ကြေကွဲသွားတာပေါ့။ သူ လူ့ဘဝ ကတည်းက မျှော်လင့် ထားမိခဲ့တာဟာ သူ့ကို ကောင်းကင်ဘုံက လက်ခံလိမ့်မယ်၊ ကြိုဆိုလိမ့်မယ် ဆိုတာပဲ ။ သူက ဘုရားဝတ်ပြု၊ ဘုရား အတွက် ဆုတောင်း နေထိုင်လာခဲ့တဲ့ သူကိုး။ အခု ဘယ်လို ဖြစ်တာလဲ- ဆန့်ကျင်ဘက် ပါလား ပေါ့။ အဲ့တော့ မေးလိုက်တယ်။ “ကျွန်တော်မျိုး ဘုရားသခင်ကို တစ်ခု မေးလျောက်ပါရစေ။ အရှင် ဘယ်လို လုပ်လိုက်တာလဲ။ ကျနော်ဟာ လူ့ဘဝမှာကတည်းက နှစ်ဆယ့်လေးနာရီ၊ နေ့ညဥ့်ပတ်လုံး အရှင့်ကိုပဲ ဝတ်ပြု ဆုတောင်း ခဲ့တာပါ၊ အရှင့် အမည်ကိုပဲ တတွတ်တွတ် ရွတ်ဖတ် သရဇ္ဈယ် ခဲ့တာပါ။ ကျနော် အိပ်ပျော်နေချိန်မှာတောင် အရှင့်အမည်ကို ကြည်ကြည်နူးနူး တမ်းတ မက်မော ခဲ့တာပါ”

ဘုရားသခင်က ပြန်ပြောတယ်။ “အဲ့ဒါကြောင့်ပဲ ငါ့သား၊ မင်းက ငါ့ကို တစာစာ ကြွေးကြော် အော်ခေါ်နေခဲ့တယ်။ အခု ကောင်းကင်ဘုံကို ရောက်လာပြီ။ ငါမင်းကို ကြောက်ရပြီ။ မင်း အခု ဒီမှာ ဘာလုပ်မလဲ။ ဒီနေရာကနေ အဝေးကြီး ဝေးတဲ့ ကမ္ဘာလောက မှာ ရှိနေချိန် ကတောင် မင်း ငါ့ကို နှစ်ဆယ့်လေးနာရီ လုံးလုံး အနား မပေးခဲ့ဘူး။ တစ်ခဏလေး တောင် ငါ့မှာ အေးအေးချမ်းချမ်း မနေရဘူး။ အခု ဒီအပြစ်သားကို ကြည့်စမ်း၊ ဘယ်လောက် ကောင်းသလဲ။ သူ ငါ့ကို ဘာမှ ဒုက္ခ မပေးဘူး။ ငါ့ကိုလည်း မြည်တွန် တောက်တီး မနေဘူး။ တစ်ခါမှလည်း မရေရွတ်ဘူး။ ဘာ ပြဿနာမှလည်း ရှာမနေဘူး”

ဆိုလိုတာကတော့ ဘုရားသခင်ကို တစ်ဦးတည်းပိုင် ၊ မူပိုင် ပြုတာဟာ ရူးသွပ်တာပဲ လို့ ပြောချင်တာပါ။ ဒီ အယူအဆ တစ်ခုလုံးဟာ ဘာမှ အသုံးမကျတဲ့ အယူအဆ တစ်ခုပါ။ သူဟာ ပုဂ္ဂိုလ် “တစ်ဦး တစ်ယောက်” မဟုတ်ဘူး။ ဖြစ်ချင်း ဖြစ်ရင် “ပုဂ္ဂိုလ် အားလုံး” ဖြစ်ရပါမယ်။ သူဟာ အခြားတစ်နေရာ၊ ဟိုးအဝေး တစ်နေရာ၊ အခြားလောကမှာ ရှိနေတာ မဟုတ်ပါဘူး။ “အခု- နေရာတိုင်း” မှာ ရှိနေ ဖြစ်နေတာပါ။ ခင်ဗျား သူ့ကို အဓိပ္ပာယ် သတ်မှတ်လို့ မရဘူး။ ဘာလို့ ဆို အဓိပ္ပာယ် သတ်မှတ်တယ် ဆိုတာဟာ ခင်ဗျား ပုဂ္ဂလိကပိုင် ပြုတာသက်သက် မို့ပဲ။ ကျနော်တို့ ခင်ဗျားတို့က ကိုယ့် ပုဂ္ဂိုလ်ရေး အတွေးနဲ့ -- တက်လာလိုက် ကျသွားလိုက် ဖြစ်နေတဲ့ လှိုင်းကြက်ခွပ် လေးတွေကိုပဲ မြင်နေတယ်။ ပင်လယ်ကြီး တစ်ခုလုံးကို မမြင်ဘူး။ သူဟာ ပင်လယ်ကြီးပါ။ ကျနော် တို့က သူ့ကို လှိုင်းကြက်ခွပ်လေး တစ်ခု အဖြစ် မလုပ်လိုက် ပါနဲ့။ သူဟာ အခြားအချိန်၊ အခြား နေရာမှာ ရှိနေတာ မဟုတ်ဘူး။ “အခုအချိန်၊ အခုနေရာ” တိုင်းမှာ ရှိနေတာ ဖြစ်ပါတယ်။ သူဟာ အသွင်သဏ္ဍာန်၊ ပုံသဏ္ဍာန် တစ်ခု မဟုတ်ဘူး။ အသွင်သဏ္ဍာန် ပုံသဏ္ဍာန် ဆိုတာ တစ်ခုနဲ့ တစ်ခု ပြောင်းလဲနေရတယ်။ သူဟာ အသွင်သဏ္ဍာန်မဲ့ ၊ ပုံသဏ္ဍာန်မဲ့ ဖြစ်ပါတယ်။ သူဟာ တစ်နေရာရာက တစ်စုံတစ်ခု မဟုတ်ဘူး။ သူဟာ နေရာတိုင်းက “အားလုံး” ပဲ ဖြစ်ပါတယ်။ အဲ့ဒါကို မြင်ရင် မေးခွန်းတစ်ခု ပေါ်လာမယ်-- “ကျနော်တို့ ဘုရားသခင်ကို ဘယ်လို တွေ့မှာလဲ”

ဘုရားသခင်ဟာ ပုဂ္ဂိုလ်အသွင် သဏ္ဍာန် မဲ့ ဖြစ်ကြောင်း၊ “တစ်စိတ် တစ်ဝမ်းတည်း အလုံးစုံ သဘာဝ” ကို ခေါ်ဆိုကြောင်း - ခင်ဗျား သိမြင် လိုက်တာကြောင့် - လူတွေ တစ်ဦးနဲ့ တစ်ဦး ဆုံကြသလို- ခင်ဗျား ဘုရားသခင်ကို ဆုံတွေ့လို့ မရတော့ဘူး။ ခင်ဗျား နိစ္စဓူဝ တောင်းနေတဲ့ ဆုတောင်း တွေလဲ တောင်းစရာ ပုဂ္ဂိုလ် တစ်စုံတစ်ရာ မရှိတော့ဘူး။ - အဲ့တော့ ခင်ဗျား ဘုရားသခင်ကို ဘယ်လို ချဉ်းကပ် မှာလဲ။ ခင်ဗျား ရဲ့ ချဉ်းကပ်ရမယ့် ရှုထောင့်ကို တစ်မျိုး ပြောင်းလဲ ပစ်ရပါလိမ့်မယ်။ ဘုရားသခင်ဟာ “အားလုံး” ပဲ လို့ ခင်ဗျား မြင်သိ လိုက်တာနဲ့ အလင်းကိုရော အမှောင်ကိုပါ ခင်ဗျား မြင်နိုင်မယ်။ ချစ်ခြင်းနဲ့ မုန်းခြင်း၊ ကောင်းမြတ်ခြင်းနဲ့ ဆိုးယုတ်ခြင်း စတဲ့ ဆန့်ကျင်ဘက် သဘာဝတွေ ကို တစ်ပေါင်း တစ်စည်းထဲ ခင်ဗျား နှစ်သိမ့် လက်ခံသွား နိုင်လိမ့်မယ်။ “ဘုရားသခင် ဆိုတာ ကောင်းမြတ်တဲ့ သဘော ဖြစ်တယ်” “စေတန် မိစ္ဆာ ဆိုတာ ဆိုးယုတ်မိုက်မဲခြင်း ဖြစ်တယ်” လို့ ခင်ဗျား သန္တာန်မှာ ခွဲခြား ပိုင်းဖြတ် နေသမျှ အကုန်လုံး ပျောက်ကွယ် သွားပါလိမ့်မယ်။ ခင်ဗျား ကိုယ်ကို ခင်ဗျား “ရှင်းလင်းသွားအောင်” မြင်သိ နိုင်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီ နည်းအားဖြင့်သာ ဘုရားသခင် ဆီကို ရောက်ရှိ သွားပါလိမ့်မယ်။ "ရောက်ရှိသွားပါလိမ့်မယ်" ဆိုတဲ့ စကားဟာ   အတိအကျ မမှန်ပါဘူး။ တကယ်က - ခင်ဗျား ကိုယ်တိုင်ဟာ ဘုရားသခင်နဲ့ တပေါင်းတည်း စိမ့်ဝင် ပျံ့နှံ့နေကြောင်း သိမြင်လာမှာ မို့လို့။


.............................
Ref: Osho - The Hidden Harmony : Chapter 4 God is Day and Night.
.............................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
............................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...