Monday, November 28, 2011

“တော်လှန်ရေးသတိရှိကြဖို့နဲ့ ငါတို့ ဘာလုပ်ကြမလဲ” (စိုးနေလင်း)

by Nay Zaw on Monday, November 28, 2011 at 11:49am
 




အဓိကပြောချင်တာကတော့ အမှန်တရား၊ တရားမျှတမှု၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကိုစိတ်ဝင်စားကြ တောင့်တလို လားကြသူ လူငယ်တွေ အနေနဲ့ဒီအချိန်မှာ ကိုယ့်တိုင်းပြည်ရဲ့တကယ့် ပကတိအခြေအနေ၊ တိုင်းပြည် အာဏာကို လက် နက် နဲ့ လုယူပြီး ထာဝရ မောင်ပိုင်စီးထားဖို့ကြိုးစားနေတဲ့ စစ်အာဏာရှင်တွေရဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ၊ ကောက် ကျစ်စဉ်းလဲမှု၊ လိမ်လည်လှည့်စားမှုတွေကို အသေအချာခွဲခြမ်းစိတ်ဖြာ လေ့လာမှုရှိကြဖို့ပါ။  ပြည်သူ့ဒီမိုကရေစီ တော်လှန် ရေးကြီးထဲမှာပါဝင်ခဲ့သူ၊ ပါဝင်နေကြသူ၊ ပါဝင်ဖို့ ပြင်ဆင်နေကြသူတွေ အတွက်တော့ တော်လှန်ရေးသတိ ရှိကြဖို့လို့ ပြောရမှာပါပဲ။

မြန်မာနိုင်ငံရဲ့နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးကာလ သမိုင်းအဖြစ်အပျက်တွေ၊ လွတ်လပ်ရေးရပြီးကာလ ဖဆပလ အစိုးရ၊ အိမ်စောင့်အစိုးရ၊ ပထစ အစိုးရခေတ် ကာလသမိုင်းအဖြစ်အပျက်တွေ၊ တိုင်း ပြည်ကို ဗိုလ်နေ၀င်း ဦးဆောင်တဲ့စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း အဖြစ်အပျက်တွေ၊ မဆလ တပါတီ အာဏာ ရှင်စနစ်အောက်က မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေနဲ့ နောက်ဆုံး လူထုဒီမိုကရေစီ အရေး တော်ပုံဖြစ်ပေါ်လာပုံ၊ အရေးတော်ပုံကာလ အတွင်းလူထုလှုပ်ရှာမှု၊ အစိုးရတုန့်ပြန်မှု တွေနဲ့နောက်ဆုံး စစ်တပ်ကနှိမ်နှင်း အာဏာသိမ်းယူခဲ့ပြီး ခုချိန်ထိ သမိုင်းစာမျက်နှာတွေကို အသေအချာပြန်ပြီး ဖတ်ရှုကြဖို့ လိုပါလိမ့်မယ်။ အသေအချာခွဲ ခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ် ကောက်ချက်ဆွဲ သင်ခန်းစာထုတ် ယူနိုင်ဖို့ကြိုးစားသင့်ကြပါတယ်။ ကိုယ့်ရဲ့သိမှုနယ်ပယ်၊ စဉ်းစားတွေးမြင်မှု နယ်ပယ်အရ အားနည်းမှုရှိနေမယ်ဆိုရင်လည်း သိမီသူတွေ၊ အတွေ့အကြုံရှိသူ နိုင်ငံရေးနားလည် သူတွေ ရဲ့အကူအညီကိုရယူသင့်ပါတယ်။ မေးမြန်းဆွေးနွေးသင့်ကြပါတယ်။
ဒါမှပဲ ဒီကနေ့ မြန်မာနိုင်ငံရဲ့ပကတိ အခြေအနေ၊ စစ်အစိုးရနဲ့စစ်အစိုးရဒေါက်တိုင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်း ရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့အခြေအနေတွေကို ကျကျနန နားလည်လာ၊ အားကောင်းချက်၊ အားနည်းချက် တွေကို နားလည်လာနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပဲ ဒေသတွင်းနဲ့နိုင်ငံတကာရဲ့ အခြေအနေတွေ၊ ဖြစ်ပေါ်ပြောင်း လဲမှုတွေနဲ့ ဒီမိုကရေစီရေး လူထုအုံကြွမှု တော်လှန်ရေးတွေကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှပဲ အတွင်း အကြောင်းတရား၊ ပြင်ပအကြောင်းတရားတွေ၊ ရိုက်ခတ်သက်ရောက်မှုတွေကို နားလည်လာနိုင်မှာဖြစ်ပါတယ်။
ဒီကနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ပြသနာက နိုင်ငံရေး ဖြစ်ပါတယ်။ စစ်အာဏာရှင် စနစ်နဲ့တိုင်းရင်းသားလူမျိုးစုများအပါ အ၀င် ပြည်သူလူထုကြားမှာဖြစ်နေတဲ့ နိုင်ငံရေးပြသနာပါ။ ဒီနိုင်ငံရေးပြသနာကို ပြေလည်အောင်ဖြေရှင်းလို့ မရသေးသမျှ ကျနော်တို့ နိုင်ငံ ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ပါဘူး။ (လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရ၊ အိမ်စောင့်အစိုးရလို့ခေါ် တဲ့ စစ်အစိုးရနဲ့ ပထစ အစိုးရကာလတွေကိုတော့ စာရှည်သွားမှာမို့ချန်ထားခဲ့ပါမယ်)
ဗိုလ်ခင်ညွန့်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးအတုအယောင်မျိုးတောင် ခုချိန်မှာရနိုင်ဖို့ မလွယ်တော့ပါဘူး။ ဒီမိုကရေစီအင်အားစု တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက စစ်အစိုးရအကြောင်းကို အူမချေးခါးထိ သိနေခဲ့ပါပြီ။ လုံးဝ အယုံ အကြည်မရှိကြတော့ပါဘူး။ မယုံကြည်တဲ့အကြောင်းလည်း ခုထုတ်ဖော်ပြောဆိုနေခဲ့ကြပါပြီ။ မယုံကြည်သူတွေ ဘက်က မှန်ပါတယ်။ ယုံကြည်စရာအကြောင်း မရှိတော့လောက်အောင်ကို စစ်အစိုးရက မိုက်မဲဆိုးသွမ်း ကောက်ကျစ်စဉ်းလဲ ရက် စက်ခဲ့ပါတယ်။ ခုချိန်ထိလည်း ဒီအတိုင်းပါပဲ။ တိုင်းပြည်နဲ့ပြည်သူလူထုအပေါ်မှာ စေတနာလုံးဝကင်းမဲ့ ပြီးအတ္တအလို လောဘ ကြီးလွန်းကြသူတွေ၊ ဘယ်သူသေသေ ငတေမာ ပြီးစတမ်းလူတွေပါ။ နှစ်ငါးဆယ် ကာလအတွင်း သူတို့ရဲ့ လိမ် ညာလှည့်စားရက်စက်မှုတွေ၊ အလိုလောဘတွေနဲ့ဟန်ဆောင် ဗန်းပြလုပ်ရပ်တွေကို ထင်ထင်ရှားရှား မြင်ခဲ့ရပြီး ဖြစ်ပါ တယ်။ ဒီလို လူကြီးလူကောင်းမဆန်၊ ဂုဏ်သိက္ခာတပြားသားမှမရှိ၊ အရှက် တရားလုံးဝ မရှိတဲ့ အစိုးရကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်တွန်းလှန်ရမလဲဆိုတဲ့ ကိစ္စက ဒီကနေ့ကာလမှာ အရေးအကြီးဆုံး ဖြစ်ပါတယ်။
လုံးဝအကြမ်းမဖက်ရေး နည်းတခုပဲသုံးမယ်ဆိုရင်တော့ ဘယ်နည်းနဲ့မှ အောင်မြင်မှုမရနိုင်ဘူးလို့ ကျနော်ကတော့ ယုံ ကြည်ပါတယ်။ ခွေးမြီးကောက်ကို ကျည်တောက်စွပ်ပေးရုံနဲ့ ဖြောင့်ပေးသလို၊ ကျား ဥပုသ်စောင့်မယ့် အချိန်ကိုစောင့် သ လိုမျိုး ဖြစ်နေပါလိမ့်မယ်။ သမိုင်းသင်ခန်းစာတွေကို ပြန်ကြည့်ရင် အရှင်းသား မြင်နိုင်ပါလိမ့်မယ်။ တရုတ်ပြည် ဂျပန်ခုခံ ရေးစစ်ပွဲ၊ ကိုရီးယား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံဖက်ဆစ်တော်လှန်ရေး၊ ရုရှားနဲ့ မဟာမိတ်နိုင်ငံတွေရဲ့ နာဇီ ဆန့်ကျင်ရေး စစ်ပွဲကြီးကို တွေ့နိုင်ပါတယ်။ အသားအရောင်းခွဲခြားရေး လူဖြူအစိုးရကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ တောင်အာဖရိက ပြည် သူတွေရဲ့တော်လှန်ရေး။ အာဏာရှင် ဘာတစ်စတာ အစိုးရကို ဆန့်ကျင်တွန်းလှန်ခဲ့ကြတဲ့ ကျူးဘားပြည်သူတွေရဲ့ တော် လှန်ရေး စတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ အာဏာရှင်ဆန့်ကျင်ရေး စစ်ပွဲတွေမှာ အသက်သွေးချွေး၊ ဘ၀ ပေးဆပ် စွန့်လွှတ်ခဲ့ ရတာတွေ အများကြီးရှိခဲ့ပါတယ်။
ဒီကနေ့ မြေထဲပင်လယ်တ၀ိုက်က အာရပ်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့အာဏာရှင်စနစ်ဆန့်ကျင်ရေးဒီမိုကရေ စီတော်လှန်ရေးတွေကို ကြည့်မယ်ဆိုရင်လည်း အစပိုင်းမှာ ငြိမ်းငြိမ်းချမ်းချမ်း အကြမ်းမဖက်ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ပြည်သူလူထုကို သက်ဆိုင်ရာ အာဏာာရှင်အစိုးရတွေက လက်နက်နဲ့အကြမ်းဖက်နှိမ်နှင်းလာ၊ သူတို့မွေးထားတဲ့ အလို တော်ရိတွေနဲ့ ပြည်သူတွင်းပဋိပက္ခတွေဖြစ်ပေါ်လာအောင် အကြမ်းဖက်လာအောင် လုပ်လာခဲ့ကြတဲ့အတွက် အကြမ်းမ ဖက်ချင်ဘဲ ပြည်သူလူထုဟာ ရရာလက်နက်ဆွဲကိုင် တော်လှန်ခဲ့ကြရတာ ဖြစ်ပါတယ်။ အောင်ပွဲရသွားတဲ့ နိုင်ငံတွေရှိ သလို ဆက်လက်တော်လှန်တိုက်ခိုက်နေရဆဲ နိုင်ငံတွေလည်း ကျန်ရှိနေပါသေးတယ်။  လစ်ဗျားနိုင်ငံက ပြည်သူလူထု ကတော့ အောင်ပွဲရပြီးသွားပါပြီ၊ မကြာခင်မှာ ဆီးရီးယား နိုင်ငံပြည်သူတွေ အောင်ပွဲရလိမ့်ဦးမယ်လို့လည်း မျှော်လင့်ရပါ တယ်။
ကျနော်တို့နိုင်ငံကို မတရားအာဏာသိမ်းအုပ်ချုပ်ခဲ့တဲ့။ လိမ်လည်လှည့်စားအာဏာနဲ့ တရားဝင်ဖြစ်အောင်လုပ်ခဲ့တဲ့ အရေ ခွံလဲ စစ်အစိုးရကတော့ အလွန်ပါးနပ်ကောက်ကျစ်ပါတယ်။ အဲဒီနိုင်ငံက အစိုးတွေထက်ပိုပြီး ပါးနပ်ပါတယ်။ ပြည်တွင်း က ပြည်သူလူထု အခြေအနေ၊ နိုင်ငံတကာအခြေအနေ အပြောင်းအလဲတွေကို မျက်ခြေမပြတ် လေ့လာပြီး အလျှော့အ တင်း၊ အဖိအဖွတွေကို အချိန်နဲ့ လိုက်လျှောညီထွေ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ပါတယ်။ စစ်အစိုးရလုပ်သမျှ လှမ်း သမျှတွေဟာ တိုင်းပြည်နဲ့ပြည်သူလူထု အကျိုးစီးပွားအတွက် မဟုတ်ဘဲ သူတို့စစ်အုပ်စု အာဏာနဲ့စည်းစိမ်ဥစ္စာ ရေရှည် တည်မြဲရေးသာဖြစ်ပါတယ်။ ဒါကို ပြတ်ပြတ်သားသား မြင်ဖို့လိုပါတယ်။ ပြုပင်ပြောင်းလဲရေး လုပ်လာတာတွေကို သူတို့ အကျိုးစီးပွားမပျက် ဟထားပေးပြီး၊ လူထုခေါင်းဆောင်ရဲ့အကြမ်းမဖက်ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးဘက်ကို ပြည် သူလူထုတွေဦးလည် သွားအောင် နည်းပရိယာယ်ကြွယ်ကြွယ်၀၀နဲ့ လုပ်နေပါတယ်။ တကယ်ပဲ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို စနစ်တကျလုပ်နေသယောင် နိုင်ငံတကာကို အသံကောင်းဟစ်ပြပြီး သူတို့လိုလားချက်တွေကိုရအောင် ယူဖို့ ကြိုးစားနေပါပြီ။ အရေခွံလဲ စစ်အစိုးရ တကယ်တန်းကြောက်နေတာက လူထုအုံကြွမှုကိုပါ။ လူထုအုံကြွမှုနဲ့ လက် နက်ကိုင်တော်လှန်ရေးရဲ့ပေါင်းစည်းမှုကိုပါ။ တဖက်က လူထုခေါင်းဆောင်ရဲ့အကြမ်းမဖက်အသွင် ကူးပြောင်းရေးကို အ သုံးချပြီး ပြည်သူလူထု လမ်းပေါ်ထွက်မလာရအောင် ထိမ်းထားပြီး။ တဖက်က နိုင်ငံရေးအနှစ်သာရ မပါဘဲ အပစ်အခတ် ရပ်စဲရေးသက်သက်ကို ဆွေးနွေးဖို့တိုက်တွန်းရင်း တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို သွေးခွဲ၊ အချိန်ဆွဲ ချေ မှုန်းရေးလုပ်ဖို့နည်းပရိယာယ်သုံးနေတာ ဖြစ်ပါတယ်။ သူတို့သုံးနေကျ ဖမ်းလွှတ်ကစားနည်းနဲ့ နိုင်ငံတကာကို မျက်လှည့် ပြထားပြီး သူတို့ကို ပြင်းပြင်းထန်ထန်အရေးယူမှု လုပ်မလာအောင်လည်း ထိမ်းထားပါတယ်။ သူတို့က အသာစီးအခြေအ နေကို အမြဲတမ်းရယူထားဖို့ ဖြစ်ပါတယ်။
အာဆီယံအစည်းအဝေးတက်ရောက်လာတဲ့ ကြံ့ဖွံ့သမတ ဦးသိန်းစိန်က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံရေးအကျဉ်းသား တွေဖြစ်တဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူတွေနဲ့ ပတ်သက်ပြီး ဖြေကြားသွားတာကတော့ သမတအဆင့်နဲ့ မဆီလျှော်အောင်ကို ပစ်စလက်ခတ် ဖြစ်ပါတယ်။ အာဆီယံ ဥက္ကဋ္ဌ ရာထူးကို ရယူဖို့ သေချာသွားတဲ့အချိန်မှာ ထုတ်ဖော် ပြောလိုက်တဲ့ အရေခွံလဲသမတရဲ့ဇာတိပြတဲ့စကား ဖြစ်ပါတယ်။ သူ့ရဲ့စကားက “ယုံကြည်ချက်ကြောင့်ဆိုတာက ပြောရ ခက်တယ်။ ကျနော်တို့က ယုံကြည်ချက်ဆိုတာကို လက်သင့်မခံဘူး။ ဥပဒေတခုခုကို ကျူးလွန်ထားတဲ့ အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ သူတို့လိုပဲ ဥပဒေအခုခုကိုကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်…” အလွန် မိုက်ရိုင်းစော်ကားတဲ့စကားပါ။ လူမိုက်သားရမ်းကား ဆိုတာဒါပါပဲ။ နောက်သူ့အပြော တခုကတော့ မဆလ ခေတ် က မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ် စနစ်ဆိုတာမျိုးပေါ့လေ။ ဒီမိုကရေစီဆိုတာကို ”အံဝင်ခွင်ကျဖြစ်အောင်ပဲ လုပ်လို့ရ မယ်။  တထပ်တည်းဖြစ်အောင်တော့ လုပ်လို့မရဘူး။ ဘာကြောင့်လဲဆိုရင် တစ်အချက်က ကျွန်တော်တို့က လူမျိုးချင်းလဲ မတူဘူး။  နောက်တစ်ခါ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာချင်းလည်း မတူဘူး။  ဓလေ့စရိုက်ချင်းလဲ မတူဘူး။  အစား အသောက်ချင်းလဲ ကျနော်တို့က မတူဘူး။  အဲဒီတော့ လေးထောင့်ကို အဝိုင်းနဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး။  အဝိုင်းကို လေးထောင်နဲ့စွပ်လည်း အံ့ဝင်ခွင်ကျဖြစ်မှာ မဟုတ်ဘူး” လို့ သတင်းထောက်တွေရဲ့ အမေးကိုဖြေကြားသွား တာကိုကြည့်ရင် သူတို့ ဘယ်လိုဒီမိုကရေစီမျိုးပေးဖို့ လုပ်နေတယ် ပြင်ဆင်နေတယ်ဆိုတာ မြင်သာထင်ရှားဖြစ်ပါတယ်။ ကျနော်တို့ ဘာလုပ်ရမှာပါလဲ။ ကျနော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ဒီမိုကရေစီအခွင့်အရေးတွေကို ရတဲ့အထိ၊ လူ့အခွင့်အရေး တွေကို ရတဲ့အထိ၊ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့အထိ ကျနော်တို့ ကြိုးပမ်းအားထုတ်ကြရပါ မယ်။

ကျနော်တို့ဒီမိုကရေစီ အင်အားစုတွေအနေနဲ့စစ်အာဏာရှင် အစိုးရ ကို အကြမ်းမဖက်နည်း၊ တပိုင်းအကြမ်းဖက်၊ လုံးဝ အကြမ်းဖက် စတဲ့ သုံးစွဲလို့ရနိုင်သမျှ တော်လှန်ရေးနည်းနာတွေကို သုံးစွဲနိုင်မှသာ ကျနော်တို့တိုင်းပြည်ကို စစ်အာဏာ ရှင်စနစ်အောက်က လွတ်မြောက်စေနိုင်မယ်ဆိုတာကို ယုံကြည်ထားကြဖို့၊ တကယ်လက်တွေ့အကောင်အထည်ဖော် တိုက်ပွဲဝင်ကြဖို့သာ ဖြစ်ပါတယ်။ ပေါင်းစည်းလို့ရနိုင်သမျှ ပေါင်းစည်းပြီး စည်းလုံးညီညွတ်မှု အင်အားနဲ့ ဆန့်ကျင်တော် လှန်ကြမယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုတွေ အောင်ပွဲရမယ်လို့ အခိုင်အမာ ယုံကြည် ကြိုးစားကြရအောင်ပါ။    ။
စိုးနေလင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...