ငါနှင့် ငါသာနှိုင်းစရာဟု အာဏာမုန်ယိုအရွယ်ပျိုက….
by Wai Maw on Saturday, November 5, 2011 at 8:36am
နာမည်ကျော်အာဏာရှင် ကဒါဖီ သေဆုံးခဲ့ပြီး အများသူငါသွား လမ်းမတစ်ခုပေါ်မှာ ဘယ်သူ့လက်ချက် မှန်းမသိ သေနတ်ဒဏ်ရာများနဲ့ ဦးခေါင်း မျက်နှာတို့မှာ သွေးလိမ်းလိမ်းနဲ့ တိမ်းပါးသွားခဲ့တာ ဖြစ်သည်။ သေးဆုံးသွားရပုံမှာ အတော်ပဲရုပ်ဆိုးပါသည်။ အရပ်စကားနှင့် ပြောရလျှင် လူလိုသူလိုသေရခြင်းမဟုတ်။ အာဖရိကတိုက်ရဲ့ ဘုရင်ကတော့ ဘုရင်လို့ အမည်ပေးခြင်းခံရတဲ့ ကဒါဖီဟာ အခုနှစ် အောက်တိုဘာ ၂၀ နေ့က ဘ၀နိဂုံးချုပ်ခဲ့ရပါပြီ။
လူတစ်ယောက်သေဆုံးသွားတာ လူ့လောကကို အခုလိုရုပ်ပျက်ဆင်းပျက် စွန့်ခွာသွားရတာဟာ ၀မ်းသာစရာမဟုတ်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် သူအဲဒီလို သေဆုံးသွားတာအတွက် ပြည်သူလူထုအများစု က ၀မ်းနည်းပြီးမကျန်ရစ်ခဲ့ကြပါ။
ကမ္ဘာ့ပြည်သူများ အကြားမှာလည်း ကဒါဖီတစ်ယောက် လူလိုသူလိုကွန်လွန် သွားခဲ့တာ မဟုတ်သည့်အတွက် ပြောကြဆိုကြ ရှိနေကြသော်လည်း လူတစ်ယောက်ဆုံးရှုံးမှုအတွက် ၀မ်းနည်း တမ်းတနေကြတာမျိုး မဟုတ်ပါ။ တချို့ကတော့ ဒီလောက်လူအများစုအပေါ်မှာ ရက်ရက်စက်စက် လုပ်ခဲ့တာ သူ့အလှည့်ရောက်တော့လည်း ကိုယ်ပြုတဲ့ဒဏ် ကိုယ်သာခံရတာပဲဟု မှတ်ချက်ပြုကြသည်။ လစ်ဗျားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်သွားခဲ့သော ခေါင်းဆောင်တစ်ယောက်၏ ဈာပနအနေနှင့် ဘယ်သူတစ်ယောက်ကမှ အလေးမထားခဲ့ကြပါ။ ဘယ်လောက်ပဲတန်ခိုး အာဏာတွေ အင်အားတွေ ကြီးကျယ်ခဲ့ပါစေ အခုအခါမှာတော့ သူ့ကိုတိတ်တဆိတ် မြုတ်နှံသဂြိင်္လ်ခဲ့ရပြီ ဖြစ်သည်။
အခုနှစ်ပိုင်းများမှာ သည်လိုအဖြစ်အပျက်များ ကမ္ဘာ့သတင်း စာမျက်နှာများတွင် မြင်ရတွေ့ရပါသည်။ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကလည်း မြန်ဆန်လှသည်။
ဆက်ဒမ်ဟူစိန် အိုစမာဘင်လာဒင် ကဒါဖီ။
သူ့နည်းသူ့ဟန်နှင့် ထင်ရှားခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့အားလုံး၏ တူညီမှုကတော့ ရက်စက်မှုပဲ ဖြစ်မည်။ ပြီးတော့ စစ်ဝါဒီများ အကြမ်းဖက် စိုးမိုးရေးသများ။ သူတို့၏ ယုံကြည်မှု၊ သူတို့၏ အာဏာ သူတို့၏စည်းစိမ်ဥစ္စာတို့ အတွက် စစ်အင်အား၊ အကြမ်းဖက်ရက်စက်မှုများနှင့် တည်ဆောက်ခဲ့ကြသူများ ဖြစ်သည်။ သည်လိုနှင့် အင်အားတွေပိုမိုကြီးထွားလာခဲ့ကြသည်။ ဒါပေမယ့် သည်အင်အားတွေကိုပဲ လူအများစု က ဆန့်ကျင်လာခဲ့ကြပြီး နောက်ဆုံးမှာ ပြိုလဲကြရသည်။
အင်အားရှိသူပဲဖြစ်ဖြစ် အင်အားမဲ့သူပဲဖြစ်ဖြစ် သေမင်းထံမှာ လက်လျော့ကြရသည်သာချည်းဆိုတာ မှန်ပါသည်။ သို့ရာတွင် ဘယ်လိုလက်လျော့ပြီး ဘယ်လို စွန့်ခွာသွားရသည်လဲ ဆိုတာက လူ့လောကကို တရားပြနေသလိုဖြစ်သည်။ အဓမ္မသမားတို့ လဲပြိုကျဆုံးပုံ ကျဆုံးပြီးနောက် သာစဉ်မြေးဆက် သမိုင်းမှာ တွင်ကျန်ရစ်ပုံများက လူသားများကို သတိပေးနေသလို ဖြစ်သည်။
အတိတ်ကိုပြည်ကြည့်လျှင်လည်း သည်လိုအလားတူ အဖြစ်အပျက်များကို တွေ့ရမည်ဖြစ်ပါသည်။ အများပြည်သူချစ်ခင်မှုမခံရသည့် ခေါင်းဆောင်များ အများပြည်သူ၏ လေးစားမှုမခံရသည့် ခေါင်းဆောင်များ အများပြည်သူ စိတ်ပျက်မကျေနပ် ရွံရှာကြသည့် ခေါင်းဆောင်များ ထိုထိုခေါင်းဆောင်များ၏ ဈာပနများ တိတ်တဆိတ် မြုပ်နှံသဂြိုလ်ခဲ့ရခြင်းများ ပြိုလဲခဲ့သော ကျောက်ရုပ်တုများ ရိုက်ခွဲဖျက်ဆီးခံကြရသော ခေါင်းရင်း နံရံများပေါ်က ဓာတ်ပုံ ကားချပ်များ။
ပြည်သူလူထု ချစ်ခင်ကြည်ညိုသော ခေါင်းဆောင်များ၏ ဈာပနများကိုလည်း ကျွန်တော်တို့ ကြုံခဲ့ဖူး၊ မြင်ခဲ့ဖူး၊ ကြားခဲ့ဖူး ခဲ့ကြပါသည်။ ပြည်သူချစ်သော နိုင်ငံရေးခေါင်းဆောင်မျာ၊ လူမှုရေးခေါင်းဆောင်များ စစ်ရေးခေါင်းဆောင်များ၊ ယဉ်ကျေးမှုရေးရာ ခေါင်းဆောင်များ၏ ဈာပနများ ကြီးမားသိုက်မြိုက်လှသော အသုဘအခမ်းအနားများ ထိုထိုခေါင်းဆောင်တို့အတွက် ငိုကြွေးတမ်းတက ယူကျုံးမရကြသော ပြည်သူလူထုများ သားစဉ်မြေးဆက် ဂုဏ်ယူဖွယ် အာဇာနည်များ။ မမေ့နိုင်ကြသော ခေါင်းဆောင်များ၏ ကျေးဇူးတရားများ ။
ချစ်ခင်မှုဆိုတာက အတင်းအဓမ္မ စေခိုင်းလို့မရ။ ဓါးမိုး၍ လေးစားခိုင်းလို့မရ။ နားထင်ကို သေနတ်ဖြင့် တေ့၍ ကြည်ညိုခိုင်း၍မရ။ ပြည်သူလူထု၏ မေတ္တာကို လိမ်ညာ လှည့်ဖျားယူလို့မရ လာဘ်ပေး၍လည်းမရ အပေါ်ယံ ရွှေ့မှုန်ကြဲဖြင့် မရ။ သကာလူးအချိုဖုံး စကားလုံးများ သက်သက်နှင့် မရ။
“ခင်ဗျားတို့ အကျင့်တွေကို ပြင်မှ။ ကုန်းလုပ်နိုင်မှ ဖာသည်နိုင်ငံ” အစရှိသော သကာဖုံးမထားသော ခါးသက်သော စကားကြမ်းကြမ်းများကို ပြောဆိုသွားသေ ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာပြည်သူလူထုက ချစ်လို့မ၀။ ယုံကြည်ကိုးစားလိုက်သမှ ဗိုလ်ချုပ်ဆဲတာကိုပဲ ကျေကျေနပ်နပ် ခံယူလိုကြတာ ဖြစ်သည်။
ပြည်သူ့ယုံကြည်မှု၊ ပြည်သူ့အားကိုးမှု၊ ပြည်သူ့ ချစ်ခင်ကြည်ညိုမှု ဆိုတာက စိတ်စေတနာအမှန်ဖြင့်သာ ရရှိနိုင်သည်။ ထိုစိတ်စေတနာကောင်းကို အကောင်းအထည်ဖော်နိုင်သော ပညာဥာဏ် အမြော်အမြင်၊ လုံ့လ၀ီ၇ိယ၊ ဇွဲသတ္တိတို့ဖြင့်သာ ရနိုင်သည်။ သမိုင်း အဆက်ဆက်မှ ယနေ့ထိတိုင် ပြည်သူ့ကို ချစ်ခင်ကြည်ညို ကြသော၊ နိုင်ငံရေး ခေါင်းဆောင်များ၊ လူမှုရေး ခေါင်းဆောင်များ၊ ကျောင်းသား လူငယ်ခေါင်းဆောင်များ ကျွန်တော်တို့နိုင်ငံမှာ အမြောက်အမြာ ရှိခဲ့တာ၊ ရှိနေတာ ဂုဏ်ယူစရာပါပဲ။
သမိုင်းအဖြစ်အပျက် များက သင်ခန်းစာများကို တစ်ပုံတစ်ပင်ကြီးပေးပါသည်။ လူတစ်ယောက်၏ ဘ၀မှာ သေသွားသည်နှင့် ပြီးသွာတာ မဟုတ်ပါ။ အမြှော်အမြင်ကြီးမား သူများသည် အရှည်ကို ကြည့်ပါသည်။ မိမိ ဘ၀တခုလုံးကို မြင်ကြည့်သည်။ မိမိသေဆုံးပြီး မိမိ၏ သားသမီး မြေးမြစ်များ လက်ထက် အထိ မြင်ကြည့်သည်။ သံသရာကိုပါ မြင်အောင် ကြည့်သည်။ ခေါင်းဆောင်လုပ်မည့်သူများ ပညာဥာဏ်အမြှော် အမြင်ကြီးဖို့ လိုမည်ထင်ပါသည်။
ရှင်မဟာရဌသာရက “ငါနှင့်ငါသာ၊နှိုင်းစရာဟု ပညာမုန်ယို၊ အရွယ်ပျိုက၊ မဆိုစလောက်၊ မန်စောင်မြောက်၍၊ နှုတ်ငေါက်လွန်မိ၊ ဒေါသရှိလည်း၊ နှောင်ပြိး တစ်ခါ၊ ရိုသေစွာလျှင်၊ ဤစာကိုခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကြမ်းမာန်လျှော့၊ ငါ ကန်တော့၏” ဟုဆိုခဲ့သည်။ ပညာရှိသူဆိုတော့ အရွယ်ပျိုစဉ် ပညာမုန်ယို အမှားပိုခဲ့သည်များကို မာန်လျှော့ ကန်တော့သည်တဲ့။ အာဏာရှိတုန်း အာဏာမုန်ယို၊ လောဘပိုသူများ ခေါင်းဆောင်နေရာ ရောက်မလာဖို့အတွက် ပညာဥာဏ်အမြှော်အမြင်ကြီးသော ခေါင်းဆောင် အများအပြား ကမ္ဘာတစ်လွှားမှာ ရှိနေဖို့လိုသည်ဟု ထင်သည်။
မောင်းဆက်
ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၂ အမှတ် ၆၇
၃ နိုဝင်ဘာ ၂၀၁၁
0 comments:
Post a Comment