Saturday, November 5, 2011

လူထုခေါင်းဆောင်ကို ခြွင်းချက်မရှိ ယုံကြည်ပါသည်

by Ko Htoo on Friday, November 4, 2011 at 7:59pm
 
မလေးရှားမှာ အိုဗာစတေးသမားတွေကို ဖမ်းဆီးတာတွေများလာပါတယ်။ ဒါကြောင့်လည်း မောင်ပါလတယောက် ဟိုပြေးဒီပုန်းနဲ့ အွန်လိုင်းတောင် သိပ်မတက်ဖြစ်။ ရတဲ့အချိန်လေး အွန်လိုင်းဝင် သတင်းဖတ်တော့လည်း လူထုခေါင်းဆောင်နဲ့ NLD ပါတီ မှတ်ပုံတင်သင့် မတင်သင့်ဆိုတဲ့ အမြင်မတူမှုတွေက အွန်လိုင်းမှာ ပလူပျံနေသည်။ တွေ့ရဖတ်ရတာတွေက စိတ်မချမ်းသာ။

ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မတုန်း။ NLD ပါတီ မှတ်ပုံတင်သင့်သည် ပြောနေသူများကလည်း အတိုက်အခံတွေ၊ မှတ်ပုံမတင်သင့် ပြောနေသူများကို ကြည့်ပြန်တော့လည်း အတိုက်အခံတွေ။ သိန်းစိန်အစိုးရလူ တယောက်မှ မဟုတ်ကြ။ လက်ရှိအစိုးရကို အယုံအကြည်မရှိသည့် လူတွေချည်းသာ ဖြစ်သည်။ ခြုံ၍ပြောရလျှင် အတိုက်အခံများ သဘောကွဲလွဲနေကြ၏ ပေါ့။


ထို့ကြောင့် ပြောချင်သည်။ သတိထားကြပါ ပေါ့။ ထိုသို့အတိုက်အခံများ အမြင်မတူ အငြင်းပွားနေသည်ကို သိန်းစိန်အစိုးရမှ အမြီးတနန့်နန့်နှင့် သဘောကျ ရှုစားနေပါလိမ့်မည် ဟု.......။

မည်သို့ဆိုစေ လက်ရှိအနေအထားသည် လူထုခေါင်းဆောင်အတွက် စိုးရိမ်စရာမလို။ လူထုခေါင်းဆောင်၏အနားတွင် ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ၀ိုင်းရံပံ့ပိုးပေးကြမည့် လူထုအင်အားလည်း ရှိ၏။ လူထုတိုက်ပွဲဖော်ဆောင်ပြီး လူထုခေါင်းဆောင်ကို ၀န်းရံတည့်မတ်ပေးကြမည့် အသေခံရဲဘော်များလည်း ရှိ၏။ သို့သော် အလွန်တရာသေးငယ်သော အခက်အခဲတခုတည်းသာ ရှိသည်။ ထိုသည်မှာ မြန်မာပြည်တွင်း လူထုတိုက်ပွဲဖော်ဆောင်မည့်သူများသည် အမေရိက၊ ကနေဒါ၊ နယူးဇီလန်၊ သြစီ၊ နော်ဝေး၊ ဒိန်းမတ် စသည့် နိုင်ငံများတွင် ရှိနေကြခြင်းဖြစ်သည်။ ထို့ကြောင့် လူထုခေါင်းဆောင် စိတ်မပူပါနှင့်။ ကျနော်တို့သည် လူထုတိုက်ပွဲဖော်ဆောင်ရန်အတွက် တတိယနိုင်ငံများတွင် ရှိနေပါသည် ပေါ့.......။

ကြုံတုန်းကြုံခိုက် မောင်ပါလ၏ သဘောထားကိုလည်း ပြောခဲ့ပါဦးမည်။ မတော် အဖမ်းခံရပါက မလေးရှားထောင်များ၊ ကမ့်များတွင် Laptop မရှိဟု ကြားပါသည်။ ပြောနိုင်တော့မည် မဟုတ်ပါ။ တော်တော်ဆိုးပါသည်။

ယခုကာလသည် မောင်ပါလကိုယ်တိုင် မလေးရှားနိုင်ငံတွင် အိုဗာစတေးဘ၀ဖြင့် အဖမ်းမခံရအောင် ပြေးလွှားပုန်းရှောင်နေရသောကြောင့် မြန်မာ့အရေးကို ဗိုက်ရွှဲအောင်၊ အိပ်ဖောင်းအောင် မလုပ်နိုင်ပါ။ အော်ရုံသာ အော်နိုင်ပါမည်။ ထောက်ခံသည် ကန့်ကွက်သည်သာ ပြောနိုင်ပါသည်။ သို့သော် ဓမ္မဓိဌာန်ကျကျ အော်ပါမည်။

မည်သည့်ကိစ္စမျိုးမဆို ၀ိုင်းဝန်းအကြံပေး ဖြေရှင်းကြပြီး ဖြစ်လာသည့် မည်သည့်အကျိုးဆက်ကိုမဆို လက်တွဲရင်ဆိုင်ကြခြင်းသည် ရဲဘော်ရဲဖက်စိတ် မည်ပါသည်။ ထိုသို့ ဆိုးတူကောင်းဖက်စိတ်မရှိဘဲ မင်းလုပ်တာ မင်းတာဝန်ပဲ ဆိုသည့် ကိုယ်လွတ်ရုန်းတတ်သူများသည် ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုသည့် တကိုယ်ကောင်းသမားများသာ ဖြစ်ပါသည်။

လက်ရှိသိန်းစိန်အစိုးရကို အကြွင်းမဲ့ မယုံကြည်သော်လည်း လူထုခေါင်းဆောင်ကို ခြွင်းချက်မရှိ ယုံကြည်ပါသည်။ ထို့ပြင် လူထုခေါင်းဆောင်အနီးရှိ နိုင်ငံရေးသမားကြီးများ၏ ရိုးသားမှု၊ နိုင်ငံရေးဂုဏ်သိက္ခာရှိမှုနှင့် အမျှော်အမြင်ကြီးမားမှုတို့ကိုလည်း အပြည့်အ၀ ယုံကြည်ပါသည်။ ရိုးသားသည့်၊ စွန့်လွှတ်အနစ်နာခံတတ်သည့် ပြည်သူ့အကျိုးကိုသာ ရှေးရှုသည့် လူထုခေါင်းဆောင်၏ နောက်တွင် လူထုအင်အားသည် ထပ်ချပ်လိုက်ပါနေမည် ဖြစ်သည်။ ထိုယုံကြည်ချက်နှင့်အတူ ဖခင်ဗိုလ်ချုပ်ပြောသွားခဲ့သော၊ လူထုခေါင်းဆောင်ကိုယ်တိုင် မကြာမတင်သောကာလတခုက ပြောဖူးသော စကားတခွန်းသည် ယနေ့အချိန်အခါတွင် အမှန်တကယ် အကျုံးဝင်လာပြီ ဖြစ်ပါကြောင်း စိုးရိမ်စွာ တွေးမိရင်း မြန်မာပြည်သူပြည်သားအားလုံးတို့
အား ထပ်လောင်း သတိပေးလိုက်ပါသည်။

''အကောင်းဆုံးကို မျှော်လင့်ထားကြသလို အဆိုးဆုံးကိုလည်း ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမယ်''

မောင်ပါလ
၎.၁၁.၂၀၁၁

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...