အမေရိကန်သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကိုတိုးကျော်လှိုင်ရဲ့ဆွေးနွေးတင်ပြမှုများ
by Burma VJ Media Network on Monday, November 7, 2011 at 7:20pm
နိုဝင်ဘာလအတွင်း
မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှုး မစ္စတာ ဒဲရစ်မစ်ချယ်နဲ့
ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ပေါ်စနာတို့ ဦးဆောင်တဲ့
အမေရိကန်အထူးသံတမန်တွေဟာ နိုဝင်ဘာ ၄ ရက်နေ့က မြန်မာနိုင်ငံတွင်းမှာရှိတဲ့
နိုင်ငံရေးနဲ့လူမှုရေးအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေနဲ့
တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲကို နာရေးကူညီမှုအသင်းရဲ့ဥက္ကဌ ဦးကျော်သူ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်က ဒေါ်နော်အုန်းလှ၊ HRDP (လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ယက်) က ဦးမောင်မောင်လေး၊ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) ကို စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ကိုဇေယျာသော်၊ ဗေဒါကျောင်း တာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ ဒီမိုကရေစီကွန်ယက်က ကိုတိုးကျော်လှိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူမှုရေးလှုပ်ရှားနေသူတွေရဲ့ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ အခုလက်ရှိဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ ရရှိလာမယ့် အခွင့်အလမ်းတွေအကြောင်း အဓိကထား ဆွေးနွေးသွားခဲ့ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုတွေကို ကြိုဆိုတဲ့အကြောင်း၊ ယခုလို တွေ့ဆုံမှုတွေဟာ အပြုသဘောဆောင်တဲ့အကြောင်း၊ ဝိုင်းဝန်းပြီးတော့ အင်အားတရပ်အနေနဲ့ ပါဝင်သွားမယ်ဆိုတဲ့အကြောင်း၊ တွေ့ဆုံဆွေးနွေးမှုတွေဟာ အချိန်အကန့်အသတ်ရှိဖို့ လိုနေတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တယ်လို့ ပါဝင်ခဲ့တဲ့သူတစ်ဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ဆိုပါတယ်။
အဲ့ဒီအပြင် နိုင်ငံရေးအကျဉ်းသားလို့ လက်ရှိအစိုးရက အသိအမှတ်မပြုတဲ့ကိစ္စ၊ အကျဉ်းထောင်တွေ အတွင်း နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့ အခြားအကျဉ်းသားတွေနဲ့ တန်းတူ အခွင့်အရေးမရတဲ့ကိစ္စ၊ ပြန်လည် လွတ်မြောက်လာတဲ့ ရွှေဝါရောင်သံဃာတော်တွေ အနေနဲ့ မူရင်း ကျောင်းတိုက်တွေမှာ ပြန်လည် သီတင်းသုံး နေထိုင်ခွင့် ပြုဖို့ကိစ္စ၊ နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ တက္ကသိုလ်ကျောင်းတွေကို ပြန်လည် တက်ရောက်ခွင့် မပြုသေးတဲ့ ကိစ္စတွေနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ရှိနေသေးတဲ့အကြောင်း ဆွေးနွေးခဲ့တဲ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ မှတ်ပုံတင်သင့်၊ မတင်သင့်တွေကိုလဲ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အခုလက်ရှိ နိုင်ငံရေး၊ လူမှုရေးဆောင်ရွက်နေကြသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ဆုံးဖြတ်ချက်တွေ အပေါ် နိုင်ငံရေးလမ်းကြောင်းအရ အထောက်အကူပြုစေဖို့ ဝိုင်းဝန်း ဆောင်ရွက်ကြမယ်ဆိုတဲ့အကြောင်း အသိပေးပြောကြားခဲ့သလို အမေရိကန်အစိုးရ အနေနဲ့လည်း နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ ပြန်လည် လွတ်မြောက်လာအောင်လို့ တွန်းအားပေး ကူညီပေးဖို့ကိုလဲ တိုက်တွန်းဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
Post By
အေးမြတ်ထက် (BurmaVJ Media Network)

0 comments:
Post a Comment