အိန္ဒိယ၏ အရှိန်မြင့်လာသည့် အရှေ့မျှော်ပေါ်လစီ
by Save Irrawaddy on Sunday, November 6, 2011 at 11:00pm
ဆောင်းပါးရှင် Harsh V Pant မှာ လန်ဒန်မြို့၊ King’s College ကာကွယ်ရေး လေ့လာမှုဌာနမှ ပေါမောက္ခတစ်ဦး ဖြစ်သည်)
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံက မြန်မာနှင့် ဗီယက်နမ်မှ ခေါင်ဆောင်ကြီးများကို ကော်ဇောနီခင်းကာ လက်ခံကြိုဆိုခဲ့ပြီး အရှေ့မျှော်ပေါ်လစီအပေါ် မည်မျှအတိုင်းအတာအထိ အလေးအနက်ထားကြောင်း ထပ်မံ ထုတ်ဖော်ပြသလိုက်သည်။ အိန္ဒိယသည် အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသမှ သိသာထင်ရှားသော နိုင်ငံနှစ် နိုင်ငံနှင့် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အခိုင်အမာ ဖြစ်ပေါ်လာရန် ကြိုးပမ်းလျက်ရှိသလို အာရှဒေသတွင်း တရုတ် သြဇာလွှမ်းမိုးမှုအပေါ် တန်ပြန်ချိန်ညှိနိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည့်အားလျော်စွာ အရှေ့မျှော် မူဝါဒကို ယခုကဲ့သို့ အလေးအနက်ထား ထုတ်ဖော်နေခြင်းလည်း ဖြစ်သည်။
အရှေ့မျှော်မူဝါဒသမှာ စစ်အေးခေတ် ကာလတစ်လျှောက်လုံး အရှေ့အာရှဒေသအပေါ် ဥပက္ခာပြုခဲ့သည့် အိန္ဒိယအနေဖြင့် အဆိုပါ ဒေသမှ နိုင်ငံများနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ဒီဇိုင်းဆင်ထားခြင်းဖြစ်သည်။ လက်ရှိအချိန်သည် အာရှဒေသ၏ မဟာဗျူဟာအခင်းအကျင်းတွင် ဝရုန်းသုန်းကား အခြေအနေ ဆိုက်ရောက်နေချိန်ဖြစ်ပြီး အိန္ဒိယနိုင်ငံက ၎င်းနှင့် ကိုက်ညီမှုရှိမည့် ဒေသတွင်းနိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။
တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့်စီးပွားရေး အင်အားကောင်းမွန်လာသည့်အားလျော်စွာ ၎င်း၏ အိမ်နီးချင်းနိုင်ငံများ နယ်နိမိတ်ဆိုင်ရာ အရေးကိစ္စများတွင် ငါသိငါတတ်သဘောမျိုးဖြင့် သတ်မှတ်ပြဋ္ဌာန်းမှုများ လုပ်ဆောင်လျက်ရှိရာ အရှေ့အာရှ၊ အာရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်များနှင့် ဘေဂျင်းအကြား နယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက်သော တင်းမာမှုများမှာလည်း မြင့်တက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် သူ၏ မဟာမိတ်များမှာ အာရှဒေသတွင်း မဟာဗျူဟာများကို ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီဖြစ်ပြီး ညွှန်ပေါင်းဖွဲ့မှုတွင် အရေးနိမ့်သလိုဖြစ်နေသည့် အိန္ဒိယမှာမူ တရုတ်၏ ကြီးထွားလာသောပါဝါကို တန်ပြန်ချိန်ညှိရန်အားယူနေရသည်။
အဆိုပါ အခြေအနေများနှင့် ဆက်စပ်စဉ်းစားကြည့်မည်ဆိုလျှင် အိန္ဒိယနိုင်ငံသို့ ဗီယက်နမ်နှင့် မြန်မာခေါင်းဆောင်များ သွားရောက် လည်ပတ်မှုမှာ ဒေသတွင်း ပါဝါချိန်ခွင်လျှာနှင့် ပတ်သက်သော ထူးခြားသော အရွေ့တစ်ခုအဖြစ် ယူဆနိုင်သည်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ဖိအားပေးမှုများ ရှိနေသည့်တိုင် လတ်တလောနှစ်များအတွင်း မြန်မာ-အိန္ဒိယ ဆက်ဆံရေးများကြောင့် နယူးဒေလီအစိုးရ၏ မဟာဗျူဟာ အကျိုးစီးပွားမှာ အောင်မြင်ဖြစ်ထွန်းမှုများ ရှိသည်ကို တွေ့ရသည်။ ယမန်နှစ် အစောပိုင်းကာလအတွင်း မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယသို့ သွားရောက်လည်ပတ်ရာ အိန္ဒိယအစိုးရကလည်း ၎င်းကို ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။
အိန္ဒိယသည် အစောပိုင်းကာလများက မြန်မာစစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်တိုင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလမှစ၍ အရှေ့မျှော်ပေါ်လစီကို လက်ကိုင်ကျင့်သုံးရန် အလို့ငှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံပြောဆိုမှုများကို ရပ်ဆိုင်းခဲ့သည်။ နယူးဒေလီအစိုးရအတွက် အရေးတကြီး ဖြစ်လာသည့်ကိစ္စမှာ မြန်မာပြည်တွင်း တရုတ်နိုင်ငံ၏အခန်းကဏ္ဍ ကြီးမားလာခြင်းပင် ဖြစ်သည်။
အိန္ဒိယနိုင်ငံအတွက်အလွန် နီးကပ်သော အိမ်နီးချင်းလည်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ ရရှိရေးအတွက်ပင် ရင်းမြစ်သဖွယ် ဖြစ်နေသည့် မြန်မာနိုင်ငံသည် တရုတ်ပြည်၏ စက်ကွင်းထဲသို့တဖြည်းဖြည်းချင်း ဝင်ရောက်နေပြီဟူသောအချက်ကို သဘောပေါက်လာသည့် နယူးဒေလီ အစိုးရက ယခင်ကကျင့်သုံးခဲ့သည့် မြန်မာပြည် အထီးကျန်ဖြစ်ရေးပေါ်လစီကို စွန့်လွှတ်ကာ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ် ညှိနှိုင်းသည့် ပေါ်လစီကို စတင်ကျင့်သုံး လာသည်။
အိန္ဒိယက အနောက်နိုင်ငံများဘက်မှ ရပ်တည်သည့်ကိစ္စမှာ ၎င်းအတွက် များစွာခက်ခဲသည်ကို တွေ့ရှိခဲ့သည်။
ထိုသို့ရပ်တည်ခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံတည်းဟူသော ၎င်း၏ ဂုဏ်သိက္ခာနှင့် တိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်သည့် မဟာဗျူဟာ အကျိုးစီးပွားအကြား ညှပ်ပူးညှပ်ပိတ်ဖြစ်စေသည်ကို ကောင်စွာနားလည် သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်း မြန်မာဒုက္ခသည် ကွန်မြူနစ်တီရှိနေခြင်းမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို စစ်အစိုးရက ပြင်းပြင်းထန်ထန် ဖြိုခွဲနှိမ်နင်းမှု၏ ရလဒ်တစ်ခုပင်ဖြစ်၏။ သို့သော် အိန္ဒိယအီလစ်အသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီနှင့် လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားမှုများကို ကာလကြာရှည်စွာ နှစ်သက်သဘောကျခဲ့သည်။ နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင် အိန္ဒိယ၏ အမြင့်ဆုံးဆုတစ်ခု ဖြစ်သော Civilian Awards ကို ၁၉၉၃ ခုနှစ်တွင် ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရသည်။ ယနေ့အချိန်ထိ ကျင့်သုံးဆဲဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ပေါ်လစီမှာလည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဖော်ဆောင် နိုင်ရေးပင် ဖြစ်သည်။ သို့သော် လတ်တလော နှစ်များအတွင်း မြန်မာနှင့် တရုတ်အကြား ကုန်သွယ်ရေး၊ စွမ်းအင်တူးဖော်ရေးနှင့် ကာကွယ်ရေး အစရှိသည့် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု မြင့်တက်လာသည့် အားလျော်စွာ မြန်မာပြည်တွင်း အိန္ဒိယ၏ မဟာဗျူဟာ အကျိုးစီးပွားမှာလည်း သိသိသာသာပင် အရေးပါ အရာရောက်လာသည်။
မဟာဗျူဟာ အကျိုးစီးပွားများကြောင့် နယူးဒေလီအစိုးရအနေဖြင့် ဒီမိုကရေစီအရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် နူးညံ့ ပျော့ပျောင်းသည့် ပြောဆိုမှုမျိုး လုပ်ဆောင်ရန်သာ ရှိတော့သည်။ အိန္ဒိယသည် မြန်မာနိုင်ငံ၏ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ၏ ယုံကြည်မှုကို ရရှိထားပေရာ အဆိုပါ အနေအထားကို မည်သို့မျှဆုံးရှုံးခံနိုင်သည် မဟုတ်ပါ။ သို့အတွက်ကြောင့် မြန်မာအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သောနိုင်ငံအနေဖြင့် ဆက်လက်ကျန်ရှိနေခြင်း ဖြစ်သည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမအနေဖြင့် မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်မည့် အခြားသောနည်းလမ်းများကို ရှာဖွေရန်နှင့် အိန္ဒိယအတွက် ကြီးမားကျယ်ပြန့်သော မဟာဗျူဟာနေရာ ခင်းကျင်း ပေးရန် စစ်အစိုးရကို ဆက်လက်ပြောဆိုမည်ဟူသော အရိပ်အမြွက်မျိုး ထုတ်ဖော်ပြသထားသည်။
အိန္ဒိယသို့ ဗီယက်နမ် သမ္မတ Truong Tan Sam ပြီးခဲသည့် အောက်တိုဘာလက သုံးရက်တာမျှ သွားရောက် လည်ပတ်ခဲ့မှုသည် နှစ်နိုင်ငံ အကြား ကြီးထွားလာသော ရင်းနှီးချစ်ကြည်မှုအနေအထားကို ဖော်ပြလိုက်ရာရောက်ခဲ့ပါသည်။ အိန္ဒိယက တရုတ်နိုင်ငံကို အရေးမစိုက်ဘဲ မိမိ၏ ONGC Videsh Limited(OVL) အနေဖြင့် တောင်တရုတ် ပင်လယ်ပြင်တွင်းရှိ ဗီယက်နမ်နိုင်ငံ လုပ်ကွက် ၂ ခုတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်အသိပေးလိုက်ပြီးနောက် ထွက်ပေါ်လာသော နယူးဒေလီနှင့် ဟနွိုင်းအစိုးရ နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုမှာ စောင့်ကြည့်လေ့လာသူများကို အတော်ပင်မျက်ခုံးလှုပ်စေခဲ့သည်။
အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတွင် အိန္ဒိယ၏အခန်းကဏ္ဍ မြင့်တက်လာပြီး တရုတ်ကလည်း တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာ ဒေသတွင် ခြေကုပ်ယူမှုများ တိုးမြှင့်လုပ်ဆောင်လာချိန်၌ နယူးဒေလီအစိုးရက အရှေ့အာရှ ဒေသတွင်း ၎င်း၏ဝေစုများ ဆက်လက်ရရှိရန် ကြိုးပမ်းလာသလို အရှေ့အာရှဒေသ ရေပြင်တွင် တရားဝင်ဖြစ်မည့် အကျိုးစီးပွားများ ပေါ်ထွက်ရန် အခိုင်အမာ လုပ်ဆောင်လာသည်။ အိန္ဒိယသည် တောင်တရုတ်ပင်လယ်မှ အရှေ့မြောက် အာရှဒေသနှင့် အမေရိကန်ပြည်ထောင်စုသို့ ဆက်သွယ်သည့် ပင်လယ်ရေကြောင်းလမ်းများ အကာအကွယ်ပေးရေးတွင်လည်း အကျိုးစီးပွားများ ရှိနေသည်။
အိန္ဒိယသည် နယူးဒေလီ-ဟနွိုင်းလုံခြုံရေးမဟာမိတ်ဖွဲ့တည်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်နှင့်ပူးပေါင်းပြီး အိန္ဒိယရေတပ်များ ဒေသတွင်း တည်ရှိနေရေးကို လုပ်ကိုင်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ပင်လယ်ရေကြောင်းလမ်း လုံခြုံရေးနှင့် ပင်လယ်ဓားပြအန္တရာယ် ကာကွယ်ရေးတွင်လည်း အိန္ဒိယနှင့် ဗီယက်နမ် ၂ နိုင်ငံစလုံး တူညီသည့် အကျိုးစီးပွားများ ရှိနေသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ် ဝင်ရောက်မှုနှင့် ပတ်သက်၍လည်း နှစ်နိုင်ငံစလုံးတွင် တူညီသည့် စိုးရိမ်ပူပန်မှုများရှိနေသည်။
အိန္ဒိယ၏ မဟာဗျူဟာအကျိုးစီးပွားမှာ ဗီယက်နမ်နိုင်ငံကို ဒေသတွင်း အဓိကကျသော ပလေယာနိုင်ငံအဖြစ် ပေါ်ထွန်းလာစေရန် ဖြစ်သည့် အားလျော်စွာ အဆိုပါ ဦးတည်ချက် အကောင်အထည် ပေါ်လာနိုင်ရေးအတွက် ဟနွိုင်းအစိုးရကို အကူအညီပေးရန် အသင့်အနေအထားတွင်ရှိပါသည်။ အာရှဒေသတွင်း ပါဝါချိန်ခွင်လျှာကိစ္စ ကြီးမားမှုအပေါ် တူညီသည့် ချဉ်းကပ်မှုမှာ နှစ်နိုင်ငံစလုံးအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ချစ်ကြည်ရင်းနှီးမှု ပြန်လည်တည်ဆောက် သွားရန် ဖြစ်သည်။
ဆိုပါက အိန္ဒိယသည် အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင်း ခိုင်မာပြတ်သားသော ပေါ်လစီတစ်ရပ်ကို အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ အဆိုပါ ပေါ်လစီအရ တရုတ်၏ သြဇာလွှမ်းမိုးမှု အရှိန်လျော့ကျသွားစေရန် ဒေသတွင်း နိုင်ငံငယ်များမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ များစွာမဝေးတော့သည့် အနာဂတ်တွင်မူ အမေရိကန်တပ်ဖွဲ့ဝင်အင်အားများ ဒေသတွင်းမှ လျှော့ချသွားဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ အကယ်၍ အိန္ဒိယ ကသာ ဒေသတွင်း ၎င်း၏ အခန်းကဏ္ဍနှင့် အလားအလာများကို ကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက အာရှဒေသ အိန္ဒိယ သြဇာကြီးမားမှုများကို ပို၍ တွေ့မြင်လာရမည် ဖြစ်သည်။
0 comments:
Post a Comment